Open 9:00-12:00 AM
+95 92051590

Polymorphic light eruption

30 Oct, 2021 | No Comments

Polymorphic light eruption

Polymorphic light reaction (နေဓာတ်မတဲ့ခြင်း) ဆိုတာ နေရောင်ကြောင့် ထလာတဲ့ အရေပြားအနီကွက်တွေကို ခေါ်ပါတယ်။ နေဓာတ်မတဲ့တာဖြစ်လို့ sun allergy, sun poisoning, prurigo aestivalis, summer eruption/prurigo, eczema solare စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။ ရာသီဥတုပေါ်လိုက်ပြီး ရောဂါအပြောင်းအလဲရှိပါတယ်။ အထူးသဖြင့် နွေဦးပေါက်ရာသီတွေမှာ အဓိက ပေါ်ပေါက်လာလေ့ရှိပါတယ်။ 

အမှန်တော့ PMLE ဟာ နေဓာတ်အလင်းမှုန်(photon particles)ကြောင့် မဟုတ်ဘဲ ခရမ်းလွန်ရောင်ခြည် အမျိုးအစား အေနဲ့ ဘီကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ အရေပြား hypersensitivity reaction ကိုဖြစ်ပေါ်စေပြီး အရေပြားအနီကွက်တွေကို ဖြစ်ပေါ်စေတယ်။ Polymorphic ဆိုတာ ပုံစံမျိုးစုံရှိတဲ့ အနီကွက်တွေကို ဆိုလိုပါတယ်။ နေဓာတ်ကိုတုံ့ပြန်တဲ့အခါ သေးငယ်တဲ့ အနီဖုတွေ၊ အင်ပြင်ဆန်ဆန် အနီကွက်တွေနဲ့ ကွဲအက်ခြောက်သွေ့တဲ့ အနီကွက်တွေအပြင် တခါတရံ အရည်ကြည်ဖုတွေပါ ထတတ်ပါတယ်။ နေရောင်နဲ့ထိရင် အရေပြားကတုံ့ပြန်မှု လွန်ကဲတာကြောင့် Polymorphic light reaction လို့ခေါ်ပါတယ်။ 

ဒီနေရောင်ဓာတ်မတဲ့တဲ့ရောဂါဟာ မျိုးဗီဇနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်၂၀-၄၀ကြားအရွယ်တွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၄ဆလောက် ပိုဖြစ်နိုင်တယ်။ အပူအအေးမျှတတဲ့ သမပိုင်းရာသီဥတုမှာ နေထိုင်သူတွေ ပိုအဖြစ်များပြီး တောင်ပေါ်ဒေသတွေ၊ စကင်ဒီနေးဗီးယန်းလို မြောက်ပိုင်းတိုင်းပြည်တွေမှာ ပိုတွေ့ရတယ်။ ကမ္ဘာ့မြောက်ပိုင်းလူမျိုးတွေဟာ မြေထဲပင်လယ်ဒေသတွေကို အလည်အပတ်ထွက်တဲ့အခါ ပိုဖြစ်လေ့ရှိပါတယ်။စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာတွေက နေဓာတ်မတဲ့တာပိုဆိုးစေတယ်။ သီအိုရီတစ်ခုအရ Estradiol (အမျိုးသမီးဟော်မုန်း)ဟာ နေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ တုံ့ပြန်ဓာတ်ပစ္စည်းတစ်မျိုးကို ပိတ်ပင်ထားတာကြောင့် နေဓာတ်မတဲ့ခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။ 

နေဓာတ်မတဲ့မှုဟာ အရေပြားလေးဖက်နာ (CLE)နဲ့ လက္ခဏာဆင်တူလို့ သွေးစစ်ရတာမျိုးရှိတတ်ပါတယ်။ သွေးတွင်း antinuclear antibodies (ANA) နဲ့ extractable nuclear antigens (ENA) ဓာတ်တွေစစ်ဆေးသင့်တယ်။ လိုအပ်ရင် အရေပြားအသားစ (skin biopsy)လည်း စစ်ဆေးနိုင်တယ်။

ကုသနည်း

နေရောင်ကြောင့် အနီကွက်ထတဲ့အခါ ပြင်းအားမြင့် စတီးရွိုက်လိမ်းဆေး (potent corticosteroids)တွေ လိမ်းပေးနိုင်တယ်။ ဥပမာ ခန္ဓာကိုယ်မှာဖြစ်ရင် betamethasone dipropionate 0.05% (သို့) mometasone 0.1% ointment လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ နေရောင်နဲ့ မထိတွေ့ခင် calcipotriol လိမ်းဆေးတွေ ကြိုတင်လိမ်းပေးနိုင်တယ်။ လိမ်းဆေးနဲ့ မရရင် prednisolone သောက်ဆေး​တွေ ၁-၂ပတ်လောက် ရေတိုပေးနိုင်ပါတယ်။ မသက်သာရင် Hydroxychloroquine 200mg တစ်ကြိမ်-နှစ်ကြိမ် နေ့စဉ်ပေးနိုင်တယ်။ ပိုဆိုးတဲ့ရောဂါတွေမှာ azathioprine (သို့)cyclosporine သောက်ဆေးတွေ ပေးရတယ်။ နေရောင်ဓာတ်မတဲ့တဲ့ အနီကွက်တွေကာကွယ်ဖို့ nicotinamide 500mg တစ်ရက် ၂-၃ကြိမ်ခန့် တစ်လလောက် ကြိုတင်သောက်သုံးပေးနိုင်ပါတယ်။

အကြံပြုချက်

SPF များတဲ့ Broad-spectrum 50+ SPF sunscreen နေလောင်ကာ တွေ သုံးစွဲသင့်တယ်။ တတ်နိုင်သမျှ နေပူထဲမထွက်ဘဲ အရိပ်ထဲမှာသာ နေထိုင်သင့်တယ်။ နေရောင်ထဲသွားတဲ့အခါအကာအကွယ်တစ်ခုခု သုံးသင့်တယ်။ ပူအိုက်တဲ့ ရာသီမှာ လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာမျိုး ရှောင်ကြဉ်သင့်တယ်။ နေဓာတ်မတဲ့တဲ့ရောဂါ(PMLE)ရှိသူဟာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးဖြစ်နိုင်ပေမယ့် လူနာ(၆၀)ရာခိုင်နှုန်းဟာ နှစ်ပေါင်း(၂၀) အတွင်း သူ့အလိုအလျှောက် သက်သာပျောက်ကင်းနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ သွေးဆုံးပြီးနောက်ပိုင်းအဖြစ်နည်းသွားတတ်တယ်။ နေရောင်ထိပြီး နာရီပိုင်းအတွင်း အနီကွက်တွေထလာတတ်ပြီး ပျောက်ကင်းဖို့ ရက်အနည်းငယ်ကြာတတ်တယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews