29 Oct, 2021 | No Comments
Boils (furuncles)
Boils ကို အနာစိမ်းလို့ မြန်မာလို ဘာသာပြန်ကြတယ်။ ဆေးပညာအခေါ်အဝေါ်အရ furuncles လို့ ခေါ်တယ်။ deep folliculitis (အပြင်းစားမွှေးကျွတ်နာ) တစ်မျိုးဖြစ်တယ်။ Staphylococcus aureus ဗက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့် အဓိကဖြစ်လာတယ်။ အနာစိမ်း(boils)ဖြစ်တဲ့အခါ မွေးညင်းအိတ်ရောင်ရမ်းပိုးဝင်ရုံသာမက အဆီဂလင်းလည်း ထိခိုက်တယ်။ အနာက အရေပြားအောက်ခြေထိ လှိုက်စားသွားပါတယ်။ အနာစိမ်းက ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပုံမှန်အားဖြင့် မွှေးကျွတ်နာ (bacteria folliculitis)အဆင့်ကနေ အနာစိမ်းအဖြစ်ပြောင်းလဲလာပါတယ်။
အနာစိမ်းဖြစ်ရင် ရိုးရိုးမွှေးကျွတ်နာထက် ပိုဆိုးတယ်။ နေရာပိုကျယ်ပြန့်တဲ့ သဘောရှိတယ်။ အနာက ရောင်ရမ်းပြီး နာကျင်ကိုက်ခဲတတ်တယ်။ အထိမခံနိုင်ဘူး။ စမ်းကြည့်ရင် နည်းနည်းပူတယ်။ အနာက ဖောင်းနေပြီး အလယ်မှာ ပြည်အိတ်ရှိတယ်။ ပြည်အိတ်က ခပ်ဝါဝါ၊ဖြူဖြူအရည်တွေ တွေ့ရတယ်။ သိပ်မကြာခင် သူ့ဘာသာပေါက်သွားတယ်။ ဝက်ခြံနဲ့ မတူတာက အနာကထွက်တဲ့ ပြည်ရည်တွေက ကူးစက်နိုင်တယ်။ ပေါက်တဲ့အခါ ထွက်လာတဲ့ ပြည်က တခြားနေရာတွေ ပျံ့နှံ့နိုင်တယ်။
မွေးကျွတ်နာနဲ့ အနာစိမ်းကို အဓိကဖြစ်စေတာက staphylococcus aureus ဗက်တီးရီးယားပိုးဖြစ်ပါတယ်။ အခြားပိုးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ လူ့အရေပြားမှာ ပုံမှန်အားဖြင့်ကို ဒီလိုပိုးမွှားတွေရှိတတ်ပါတယ်။ အထူးသဖြင့် နှာခေါင်းပေါက်အတွင်းပိုင်း မြောင်းတွေကြားထဲ ခိုအောင်းနေတတ်တယ်။ သာမန် အခြစ်ရာ၊အစင်းရာလေးတစ်ခုကတဆင့် ပိုးမွှားတွေဝင်လာနိုင်တယ်။ ပိုးဝင်တဲ့နေရာမှာ ဗက်တီးရီးယား၊ သွေးဖြူဥ၊ပရိုတင်း၊ ဆဲလ်သေစတာတွေ စုပေါင်းပြီး ပြည်ဆိုတဲ့အရည် ဖြစ်လာတယ်။ အနာစိမ်းအများစုဟာ ပြည်ပေါက်တဲ့အခါ ပျောက်ကင်းသွားကြတယ်။ ပျမ်းမျှ နှစ်ပတ်အတွင်း သက်သာတတ်ကြတယ်။
အနာစိမ်းဖြစ်ရင် ဘာတွေလုပ်သင့်လဲ
အနာပေါက်မြန်အောင် ရေနွေးဝတ် ကပ်ပေးသင့်တယ်။ ဆားခပ်ထားတဲ့ ရေနွေးထဲကို သန့်စင်တဲ့ အဝတ်စတခုစိမ်ပါ။ အနာပေါ်ကို ရေနွေးအဝတ်ခေါက် ကပ်ပေးပါ။ တနေ့ သုံးကြိမ် တခါကပ် ၁၅မိနစ်ကြာအောင် ကပ်ပေးသင့်တယ်။ ပြည်ပေါက်သွားတဲ့အခါ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ပြည်ထွက်တဲ့ အနာကို ဆားရေနွေးနဲ့ တစ်ရက် နှစ်ကြိမ် သန့်စင်ပါ။ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ ပိတ်စတခုခုနဲ့ ဖုံးအုပ်ပါ။ အနာ မကိုင်မီနဲ့ ကိုင်ပြီး လက်ကို ရေဆေးပါ။ အနာကို အမြဲပိတ်မထားသင့်ဘူး။ ပတ်ဝန်းကျင် လေနဲ့ထိတွေ့စေတာက အနာကျက် မြန်လာစေတယ်။ အနာစိမ်းက ကိုက်လာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး သောက်နိုင်တယ်။ လိုအပ်ရင် ပဋိဇီဝသောက်ဆေး၊ လိမ်းဆေး သုံးသင့်တယ်။
အနာစိမ်းတွေဟာ ပုံမှန်အားဖြင့် ပျောက်ကင်းလွယ်ပါတယ်။ အခန့်မသင့်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်လာနိုင်တယ်။ နှလုံး၊အဆုတ်၊ကျောက်ကပ်၊အရိုး၊ဦးနှောက် စတဲ့နေရာတွေကို ပိုးဝင်ရင် ဒုက္ခပေးနိုင်တယ်။ သွေးဆိပ်တက်ပြီး သွေးလန့်တဲ့အဆင့်ထိ ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ အချိန်မီ မကုရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။
ကုသနည်း
အနာစိမ်း၊ ပြည်တည်နာဖြစ်လာရင် ပဋိဇီဝဆေးတွေ လိုပါတယ်။ ဆေးပေးတဲ့အခါ Staphylococcus aureusကို နိုင်တဲ့ပဋိဇီဝပိုးသတ်ဆေးကို အဓိကရွေးချယ်ရပါတယ်။ ဒီ ဗက်တီးရီးယား အပေါင်းပိုးမွှား(S. aureus)က ကူးစက်လွယ်သလို ဆေးယဉ်ပါးတာ မြန်လို့ သတိထားရတယ်။ Flucloxacillin၊ Dicloxacillin၊ Cephalexin၊ Cefaclor စတဲ့ပိုးသတ်ဆေးတွေ အဓိကထား ရွေးချယ်ရတယ်။ ပင်နယ်စလင်ဆေး မတဲ့သူတွေအတွက် Erythromycin နဲ့ Clarithromycin စတဲ့ဆေးတွေ ပြောင်းလဲသုံးစွဲနိုင်တယ်။ သောက်ဆေးပေးတဲ့အခါ အနည်းဆုံး တစ်ပတ်-ဆယ်ရက် ပေးရတယ်။ ဆေးယဉ်ပါးတဲ့အခါ clindamycin, vancomycin ဆေးတွေ လိုတယ်။ လိမ်းဆေးထဲမှာ Mupirocin၊ Fusidic acid လိမ်းဆေးတွေ ကောင်းတယ်။ လိမ်ဆေးပေးတဲ့အခါ တနေ့ နှစ်ကြိမ်၊ အနိမ့်ဆုံး ငါးရက်ကြာ လိမ်းပေးသင့်တယ်။ အနာစိမ်း ပိုကြီးလာရင် ဆဲလ်လူလိုက်တစ်(cellulitis)အဆင့် ဖြစ်လာတယ်။ Augmentin လို ပိုပြင်းတဲ့ဆေးမျိုး လိုအပ်လာနိုင်တယ်။ သောက်ဆေး၊လိမ်းဆေးနဲ့ မသက်သာတဲ့ ပြည်တွေကို ခွဲထုတ်ပစ်ရတယ်။ Incision and drainage ခွဲစိတ်ဓားရာပေးပြီး ပြည်ပုပ်တွေ အပြင်ထွက်အောင် လုပ်ဆောင်ပေးရတယ်။ အနာကြီးရင် ထုံဆေးပေးပြီး ခွဲတယ်။ ခွဲစိတ်ပြီးတဲ့အခါ အနာကို သေချာသန့်စင်ပေးဖို့ လိုပါတယ်။
ပြည်တည်နာအတွက် အိမ်သုံးနည်း
- ရှာလကာရည်ကို ရေနှင့် ဆတူရော၍ အနာပေါ်လောင်းထည့်ပါ။ အနာထဲကပိုးတွေကို သန့်စင်စေတယ်။
- ကြက်သွန်နီ၊ကြက်သွန်ဖြူ ညက်အောင်ထောင်း၍ အနာဘေးပတ်လည်တွင် အုံပေးပါ။ နှစ်မျိုးလုံးက ပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။
- အာလူးကို ခပ်ပါးပါး အနေတော်ဖြစ်အောင် လှီး၍ အနာပေါ်တင်ပေးပါ။အာလူးက ကျန်နေတဲ့ပြည်တွေ အပြင်ကိုထွက်စေမယ်။ ပြီးရင် အနာကို လုံအောင်ပတ်တီးနဲ့ သေချာကျပ်စီးပေးရတယ်။
- ၁၉ရာစုနည်းတစ်ခုက ကြက်ဥပြုတ် အဖြူအကာကို အနာပေါ်တင်ပြီး ကျပ်စီးခိုင်းတယ်။
ပြည်တည်နာတွင် လိုက်နာရမည့် အချက်များ
အနာကို လက်နဲ့မကိုင်မိအောင် သတိပြုသင့်တယ်။ မိမိဘာသာ ပြည်ညှစ်တာ၊ဖောက်တာမျိုး မလုပ်သင့်ဘူး။ ဆီးချိုရောဂါ၊အဝလွန်တာ၊စတီးရွိုက်ဆေးသောက်တာမျိုးက အနာကျက်နှေးစေတယ်။ အနာဖြစ်နေစဉ် အစိမ်းရောင်အရွက်၊သစ်သီးဝလံ များများစားပါ။ ဗီတာမင် အေ၊ စီ၊ အီး၊ သွပ်ဓာတ်၊ ဆီလီနီယမ်ဓာတ် အစရှိတာတွေ ဖြည့်တင်းပါ။ ကော်ဖီ၊ သကြား၊ အချို၊ပြုပြင်ထားတဲ့ အစားအစာတွေ လျှော့စားပါ။ ညှော်နံ့တွေရှောင်ပြီး အနာကို သန့်စင်အောင်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews