2 Nov, 2021 | No Comments
Discoid eczema
ကျပ်ပြားဝိုင်း အနီကွက်ကို discoid eczema ခေါ်ပါတယ်။ nummular eczema လည်း ခေါ်ကြတယ်။ နှင်းခူအမျိုးအစားဖြစ်လို့ အရေပြား ယားယံမယ်၊ နီရဲမယ်၊ ရောင်ရမ်းမယ်၊ အက်ကွဲမယ်၊ အဖတ်တွေ ကွာမယ်၊ ပြီးတော့ ပြန်ဖြစ်မယ်။ ဒီလို သံသရာလည်နေပါလိမ့်မယ်။ ရောဂါဖြစ်စမှာ သေးငယ်တဲ့ အနီစက်ပြောက်တွေ စတင်စုစည်းလာပြီး နောက်ဆုံး ကျပ်ပြားဝိုင်းပုံစံအနီကွက် ဖြစ်ပေါ်လာပါတယ်။ အသားဖြူသူတွေမှာ ပန်းရောင်အကွက်တွေအဖြစ် မြင်တွေ့ရပြီး အသားညိုသူမှာ အရောင်ရင့်တဲ့အကွက်တွေအဖြစ် တွေ့ရတယ်။ အနီကွက်ဖြစ်စမှာ အရည်ကြည်အောင်းလာပြီးအရည်တွေ စိမ့်ထွက်နေတတ်တယ်။ အကွက်က အလွန်ယားယံပြီး ညဖက်ပိုင်းတွေမှာ ပိုဆိုးတယ်။ ကြာလာရင် အရေပြား ခြောက်သွေ့ကွဲအက်ပြီး အဖတ်တွေ ကွာကျလာတယ်။ အနီကွက် အလယ်က အရောင်ဖျော့တတ်လို့ ပွေးကွက်နဲ့ မှားတတ်တယ်။
ကျပ်ပြားဝိုင်း နှင်းခူဟာ မျက်နှာနဲ့ ဦးခေါင်းက လွဲရင် ကျန်တဲ့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ လူနာအများစုဟာ အနီကွက်တွေ ဟိုတစ်စ ဒီတစ်စ တွေ့ရတတ်ပါတယ်။ အလွန်ယားယံတာမို့ ကုတ်ခြစ်ရာက နောက်ဆက်တွဲ ပိုးဝင်တာရှိတတ်တယ်။ နှင်းခူကွက်မှာ ပျားရည်ရောင် အဖတ်တွေကပ်နေရင် ဗက်တီးရီယားပိုးဝင်တာဖြစ်နိုင်တယ်။ နှင်းခူနာအဆင့် ရောက်လာပြီမို့အရေပြားက ရောင်ရမ်းပြီး တင်းကျပ်နေပါမယ်။ ပြည်စလေးတွေ နှမ်းဖြူးထားသလို တွေ့ရတယ်။
ကျပ်ပြားဝိုင်းနှင်းခူ (discoid eczema)ဟာ ရုတ်တရက်ဖြစ်တတ်တာမို့ ဘာ့ကြောင့်ဖြစ်မှန်းပြောရခက်တယ်။ အရေပြားခြောက်သွေ့မှုနဲ့ သက်ဆိုင်တတ်တယ်။ တချို့သီအိုရီတွေအရ အရေပြားမျှခြေ pH level ပျက်စီးရာက အရေပြားထိခိုက်ပြီး ကျပ်ပြားဝိုင်းနှင်းခူကွက်တွေ ဖြစ်လာတယ်လို့ ဆိုတယ်။ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ရေမွှေးစတဲ့ ဓာတုပစ္စည်းတွေ ထိတွေ့မှုကြောင့် ဖြစ်နိုင်တယ်။ ပန်းနာရင်ကျပ်နဲ့ အမှုန်အမွှား ဓာတ်မတဲ့သူတွေ ပိုဖြစ်ကြတယ်။ ရာသီဥတုနဲ့လည်းဆိုင်တတ်တယ်။ လေထုစိုထိုင်းစနည်းတဲ့ ဆောင်းရာသီမှာပိုဖြစ်ပြီး နွေရာသီမှာပျောက်သွားတတ်တယ်။ အင်းစက်ပိုးမွှားနဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကုသနည်း
အရေပြားခြောက်သွေ့တာအတွက် emollient လိမ်းဆေးတွေ ပေးရတယ်။ antihistamine အယားပျောက်ဆေးတွေက ယားယံတာသက်သာစေတယ်။ စတီးရွိုက်လိမ်းဆေးတွေက အရေပြားရောင်ရမ်းမှုကို လျှော့ကျစေတယ်။ ဗက်တီးရီးယားပိုးဝင်တာရှိရင် ပိုးသတ်လိမ်းဆေးတွေ လိမ်းပေးသင့်တယ်။ ဓာတ်မတဲ့တဲ့ ပစ္စည်းတွေ မထိအောင် ကာကွယ်သင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews