Open 9:00-12:00 AM
+95 92051590

Cutaneous tuberculosis

2 Nov, 2021 | No Comments

Cutaneous tuberculosis

Cutaneous tuberculosis အရေပြားတီဘီရောဂါ

အရေပြား တီဘီရောဂါ (Cutaneous Tuberculosis) ဟာ Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြားတီဘီရောဂါဟာ တီဘီပိုးနဲ့ တိုက်ရိုက်ထိတွေ့မှု (သို့မဟုတ်) ခန္ဓာကိုယ်တွင်း အခြားနေရာကရောဂါပိုးပျံ့နှံ့မှုကြောင့် ဖြစ်ပွားနိုင်တယ်။ အများအားဖြင့် အရေပြားပေါက်ပြဲဒဏ်ရာကတစ်ဆင့် တီဘီပိုး ဘက်တီးရီးယားဟာ တိုက်ရိုက်ဝင်ရောက်လာပါတယ်။ အဆုတ် (ဒါမှမဟုတ်) အခြားအင်္ဂါမှ တီဘီပိုးများတွေ သွေးကြောကတစ်ဆင့် အရေပြားသို့ ရောက်ရှိပြီး ရောဂါဖြစ်စေနိုင်တယ်။ တခါတရံ တီဘီရောဂါကာကွယ်ဆေး(BCG)ထိုးတဲ့နေရာတွေမှာဖြစ်တတ်ပေမယ့် ရှားပါတယ်။

အရေပြားတီဘီဟာ အဆုတ်တီဘီရောဂါလို အဖြစ်မများပေမယ့် ရောဂါလက္ခဏာတွေက စုံလင်ပြီး ရှုပ်ထွေးတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုပေါ် မူတည်၍ လက္ခဏာအမျိုးမျိုး ပြသနိုင်တယ်။

လက္ခဏာများ

၁။ တီဘီအနာ (Lupus Vulgaris)

ဒီအနာက အဖြစ်အများဆုံးပုံစံ ဖြစ်တယ်။အရေပြားမှာ နီညိုရောင် အကွက်တွေဟာ  စတင်ပေါ်ပေါက်လာတယ်။ အချိန်ကြာလာသည်နှင့်အမျှ အရေပြားပျက်စီးယိုယွင်းလာပြီး မာမာခဲခဲအနာတွေ အဖြစ်ပြောင်းလဲလာတယ်။ ဖန်ပြားစနဲ့ ဖိကြည့်ရင် apple jelly sign ရှိတယ်။ နာတာရှည်ရောဂါဖြစ်လို့ တီဘီအမာရွတ်များ ကျန်ရစ်နိုင်ပါတယ်။ မျက်နှာ၊ နား၊ လည်ပင်းနှင့် တင်ပါးဆုံတွေမှာ အဖြစ်များတယ်။

၂။ တီဘီပြည်ကျိတ် (Scrofuloderma)

ပြန်ရည်ကြော၊အရိုးနဲ့ အဆစ်တွေက ပျံ့နှံ့ကူးစက်တဲ့အခါမျိုးမှာ တီဘီပြည်ကျိတ် (Scrofuloderma)အဖြစ် မြင်တွေ့ရတယ်။ ပြင်ပရောင်ရမ်းမှုမှ တစ်ဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။ ဥပမာ – လည်ပင်းရှိ ရောင်ရမ်းသော ပြန်ရည်ကျိတ်မှတစ်ဆင့် တီဘီပိုးဟာ အရေပြားသို့ ပျံ့နှံ့ခြင်းမျိုးဖြစ်တယ်။ အရေပြားအောက်မှာ မာကျောတဲ့ အလုံးကျိတ်တွေ စတင်ဖြစ်ပေါ်လာတယ်။ နောက်ပိုင်း ပြည်တည်နာ၊ အနာများအဖြစ် ပြောင်းလဲသွားပြီး မြောင်းဆန်ဆန် အရေပြား မညီညာတဲ့ အမာရွတ်တွေကျန်ရစ်နိုင်ပါတယ်။

၃။ မှိုပွင့်နာတီဘီ (Tuberculosis Verrucosa Cutis)

တီဘီပိုးရှိသော ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့သူ (ဥပမာ – ဆရာဝန်များ၊ ခွဲစိတ်ခန်းဝန်ထမ်းများ)တွေမှာ အတွေ့ရများတယ်။ ခြေထောက်၊ လက်တွေမှာ ကြမ်းတမ်းတဲ့ မှိုပွင့်ပုံစံ အဖုအပိန့်တွေအဖြစ် မြင်ရတယ်။ ကြွက်နို့နဲ့ ဆင်တူပြီး နာကျင်မှုမရှိပါ။

၄။ ပြန့်ကျဲအရေပြားတီဘီ (Miliary Tuberculosis of the Skin)

ဒီတီဘီကခုခံအားကျဆင်းနေသူများ (HIV/AIDS ရောဂါရှိသူများ) တွင် အဖြစ်များလို့ စိုးရိမ်ရတဲ့ တီဘီဖြစ်တယ်။ သွေးကြောမှတစ်ဆင့် တီဘီပိုးပြန့်ပွားလာတယ်။ ခန္ဓာကိုယ်အနှံ့ သေးငယ်တဲ့ အနီစက်များ၊ ပြည်တည်နာငယ်လေးတွေ ပေါ်လာတတ်ပါသည်။ အဖျားတက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စတဲ့ လက္ခဏာတွေနဲ့ တွဲဖက်ပြတတ်တယ်။

ရောဂါရှာဖွေခြင်း

(၁) ရောဂါလက္ခဏာ ကြည့်ရှုခြင်း (inspection)

အရေပြားပေါ်ရှိ အနာ၊ အဖုအပိမ့်များကို စစ်ဆေးခြင်းဖြစ်တယ်။

(၂) တီဘီဓာတ်မှန်ရိုက်ခြင်း (chest X-ray)

ခန္ဓာကိုယ်တွင်း အခြားနေရာတွေမှာ တီဘီရှိမရှိ စစ်ဆေးတဲ့အခါ အသုံးဝင်တယ်။

(၃) အရေပြားနမူနာယူခြင်း (Skin Biopsy) 

အရေပြားနမူနာယူပြီး ဓာတ်ခွဲခန်းမှာ ကြည့်ရှုစစ်ဆေးနိုင်တယ်။ အထူးသဖြင့် ခွဲခြားရခက်တဲ့ အရေပြားတီဘီမှာ ဒီနည်းလမ်းကအသုံးဝင်တယ်။

(၄) အထူးဆိုးဆေးနဲ့ စစ်ဆေးခြင်း (AFB Stain and Culture) 

ဘက်တီးရီးယားကို တိုက်ရိုက်မြင်နိုင်ရန် နှင့် ကြီးထွားစေရန် စစ်ဆေးခြင်း။

(၅) PCR စစ်ဆေးခြင်း 

ဒီနည်းက တီဘီပိုးရဲ့ ဗီဇဆဲလ် (DNA)ကို ရှာဖွေတဲ့ခေတ်မီနည်းလမ်း ဖြစ်တယ်။

(၆) တီဘီ စမ်းသပ်မှု (TST/ Mantoux test) 

(၇) IGRA သွေးစစ်ဆေးမှု 

ခန္ဓာကိုယ်တွင် တီဘီပိုးနှင့် ထိတွေ့မှုရှိမရှိ စစ်ဆေးနိုင်တယ်။

ကုသနည်း

အရေပြားတီဘီကုသတဲ့အခါ အဆုတ်တီဘီ ဆေးဝါးတွေနဲ့ ကုသလေ့ရှိတယ်။ တီဘီဆေး လေးမျိုးကို အနည်းဆုံး ခြောက်လ သောက်ဖို့ လိုအပ်တယ်။ ကနဦးကုသမှုဟာ အချိန် ၂လ ကုသရပြီး Isoniazid (INH), Rifampicin (RMP), Pyrazinamide (PZA) နှင့် Ethambutol (EMB) စတဲ့ဆေးဝါးတွေနဲ့ ကုသလေ့ရှိတယ်။ ဆက်လက်ကုသမှုဟာ အချိန် ၄လကြာပြီး Isoniazid နဲ့ Rifampicin ဆေးဝါးတွေသုံးပြီး ဆက်လက်ကုသရပါတယ်။ ဆေးယဉ်ပါးတီဘီမှာ ဒုတိယအဆင့် တီဘီဆေးဝါးတွေနဲ့  ကုသရသလို ကုသချိန်ကာလလည်း ပိုမိုရှည်ကြာလေ့ရှိတယ်။

ကာကွယ်ခြင်း

ကလေးငယ်တွေကို BCG ကာကွယ်ဆေးထိုးပေးခြင်းဖြင့် တီဘီရောဂါကူးစက်ခံရမှုက ကာကွယ်ပေးနိုင်ပါတယ်။

အထူးသတိပြုရန်

တီဘီကုသတဲ့အခါ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မပျက်မကွက် ပုံမှန်သောက်သုံးဖို့ အလွန်အရေးကြီးပါတယ်။ ဆေးမှားယွင်းသောက်သုံးမိရင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနိုင်ပြီး ကုသရ ပိုမိုခက်ခဲသွားနိုင်တယ်။ ကုသနေစဉ် အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အဆုတ်တီဘီ ရောဂါရှိသူတွေကို စောစီးစွာ ရှာဖွေကုသဖို့လည်း အလွန်အရေးကြီးတယ်။

အရေပြားတီဘီဟာ ပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပေမယ့် ရောဂါရှာဖွေကုသမှု နောက်ကျရင် အရေပြားပျက်စီးမှု ပိုမိုဆိုးရွားပြီး အမာရွတ်များ ကျန်ရစ်နိုင်တယ်။ ဒါ့ကြောင့် အရေပြားမှာ နာတာရှည် အနာတွေ၊ အဖုအကျိတ်တွေ ပေါ်လာရင် နားလည်တတ်ကျွမ်းတဲ့အရေပြားဆရာဝန်နှင့် ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews