Open 9:00-12:00 AM
+95 92051590

Elastosis Perforans Serpiginosa (EPS)

28 Feb, 2022 | No Comments

Elastosis Perforans Serpiginosa (EPS)

Elastosis Perforans Serpiginosa (EPS) အရေပြားမှ ဖိုင်ဘာမျှင် ထိုးထွက်ခြင်း

Elastosis perforans serpiginosa (EPS) ဆိုတာ ပုံမှန်မဟုတ်တဲ့ Elastin ဖိုင်ဘာမျှင်တွေဟာ ထူထဲလာပြီး အောက်လွှာအရေပြား(dermis)ကနေ အပေါ်လွှာအရေပြား (epidermis)ထိ ထိုးထွက်နေတဲ့ အရေပြားရောဂါတစ်ခုဖြစ်တယ်။ “Elastosis” ဆိုတာ အလက်စတစ်အမျှင် ဖွဲ့စည်းခြင်း၊ “Perforans” က အရေပြားကို ဖောက်ထွင်းထွက်လာခြင်း၊”Serpiginosa” ဆိုသည်မှာ မြွေတွားသလို ခရုပတ်ပုံစံ ဖြစ်နေခြင်းကို ဆိုလိုတယ်။EPS ဖြစ်တဲ့အခါ သေးငယ်တဲ့ နီညိုရောင်ဖုတွေဟာ အရေပြားမှာ ခရုပတ်ပုံစံ ဖောင်းတက်နေပါတယ်။ခန္ဓာကိုယ်က ဒီပုံမှန်မဟုတ်တဲ့ တစ်ရှူးများကို ဖယ်ရှားရန် ကြိုးစားရာမှ အရေပြားပေါ်မှာ ခရုပတ်ပုံစံ (သို့) ကွင်းပုံစံ အစင်းကြောင်းတွေဖြစ်ပေါ်လာတယ်။ 

EPS ဖြစ်တဲ့အခါ အရေပြားအဖုငယ်တွေဟာ အသားရောင်၊ အညိုရောင် (သို့) နီညိုရောင်ရှိတတ်တယ်။ ဒီအဖုငယ်တွေရဲ့ အလယ်ဗဟိုမှာ  ပုံမှန်အရေပြားရှိပြီး ကွင်း( သို့)  ခရုပတ်ပုံစံ ဖြစ်နေတတ်ပါတယ်။ ယေဘုယျအားဖြင့် လည်ပင်း၊ လည်ကုပ်၊ မျက်နှာ၊ လက်မောင်းတွေမှာ  ပိုအဖြစ်များတယ်။ အရွယ်အစား အချင်း ၁ စင်တီမီတာမှ ၅ စင်တီမီတာအထိ ရှိနိုင်ပါတယ်။ဒီအနီကွင်းတွေဟာ တစ်ခါတစ်ရံ ယားယံမှုကို ခံစားရနိုင်ပါတယ်။

EPS ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမယ့် ဖြစ်သူရဲ့ ၉၀% ခန့်ဟာ Down Syndrome ရှိသူများဖြစ်နေတတ်ပါတယ်။ တွယ်ဆက်တစ်ရှူး ရောဂါ (Ehlers-Danlos Syndrome, Marfan Syndrome, Pseudoxanthoma Elasticum) ရှိသူတွေမှာ ပိုအဖြစ်များတာ တွေ့ရတယ်။ Wilson’s disease ကုသရာမှာ အသုံးပြုတဲ့ Penicillamine ဆေးသောက်သုံးရသူတွေဟာ EPS ဖြစ်နိုင်ခြေ ပိုများပါတယ်။

EPS ရောဂါစစ်ဆေးတဲ့အခါ Skin Biopsy အသားစယူပြီးစစ်ဆေးနိုင်တယ်။ အရေပြား တစ်ရှူးစသေးသေးလေးကို ယူပြီး အဏုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေးကြည့်ရတယ်။ EPS ရှိတဲ့အရေပြားဟာ အလက်စတစ်အမျှင်တွေ ထူထဲနေပြီး အရေပြားအပေါ်ယံလွှာကို ဖောက်ထွက်နေတာ တွေ့ရမှာဖြစ်ပါတယ်။

ကုသနည်း

EPS ရောဂါဟာ ကုသဖို့ ခက်ခဲပြီး ရောဂါပြန်ဖြစ်နိုင်ခြေ မြင့်မားတယ်။  ပျောက်ကင်းဖို့ထက် ရောဂါလက္ခဏာသက်သာစေဖို့၊ အမာရွတ်များ မဖြစ်အောင် ကာကွယ်ဖို့ ဦးစားပေးရတယ်။

လိမ်းဆေးတွေထဲမှာ Retinoid လိမ်းဆေး (Tretinoin, Tazarotene)တွေက အသုံးဝင်တယ်။ ဒီဆေးတွေက အရေပြားဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးပြီး ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေဖယ်ရှားရာမှာ အကူညီပေးနိုင်တယ်။ ယားယံမှုနှင့် ရောင်ရမ်းမှုကို လျှော့ချဖို့ steroid cream လိမ်းဆေးတွေအသုံးပြုကြတယ်။ လိမ်းဆေးနဲ့ မသက်သာရင် elastin ဖိုင်ဘာအမျှင်တွေကို ဖျက်ဆီးပစ်နိုင်တယ်။Cryotherapy (အေးခဲကုထုံး)၊ Laser (လေဆာနဲ့ ဖျက်ဆီးခြင်း)၊ Curettage (ခြစ်ထုတ်ကုသခြင်း)၊ Photodynamic Therapy (အလင်းနဲ့ ဓာတုပစ္စည်းပေးခြင်း)

စတဲ့နည်းလမ်းတွေ အသုံးပြုနိုင်တယ်။

EPS ဟာ ကင်ဆာရောဂါ မဟုတ်သလို ကူးစက်ရောဂါလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကုရခက်သလို ကုသမှုခံယူပြီးရင်လည်း ရောဂါပြန်ဖြစ်နိုင်ခြေ ရှိတယ်။ အရေပြားမှာ ထူးခြားတဲ့အနာ၊ အဖုအပိန့်တွေ ပေါ်ပေါက်လာရင် အရေပြားအထူးကု ဆရာဝန်နှင့် ပြသပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews