Frostbite နှင်းကိုက်ခြင်း
Frostbite ဆိုတာ အလွန်အမင်းအေးခဲတဲ့ရာသီဥတုမှာ အရေပြားနဲ့ တစ်ရှူးတွေ ခဲပြီး ပျက်စီးသွားတဲ့ အခြေအနေ ကို ခေါ်ပါတယ်။ မြန်မာလို နှင်းကိုက်ခြင်း(နှင်းကိုက်နာ)လို့ ခေါ်ကြတယ်။ ရေခဲတောင်တက်တာ၊ အေးခဲတဲ့ရာသီမှာ အနွေးထည်မလုံလောက်တာနဲ့ အကာကွယ်မဲ့တာတွေဟာ နှင်းကိုက်ခြင်းကို ဖြစ်ပေါ်လာစေတယ်။နှင်းကိုက်ခြင်းဟာ အပူချိန် သုညဒီဂရီအောက် အေးခဲတဲ့ ပတ်ဝန်းကျင်အနေအထားမှာဖြစ်ပေါ်လေ့ရှိတယ်။ အအေးဒဏ်သက်ရောက်မှုကြောင့် သွေးကြောတွေကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု လျှော့နည်းလာတယ်။ တဆက်တည်းမှာပဲ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး တစ်ရှူးတွေ သေဆုံးသွားတယ်။ နှင်းကိုက်ခြင်းဟာ အရေးပေါ်ပြဿနာမို့ မကုဘဲထားရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိပါတယ်။
Frostbite နှင်းကိုက်တဲ့အခါ အဆင့်အမျိုးမျိုးရှိတယ်။ နှင်းကိုက်စ ပထမအဆင့်မှာအရေပြားနီမြန်းလာတာ၊ ထုံကျင်လာတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး စတင်ခံစားရတယ်။ ဒီအဆင့်ကို Frostnip (အအေးလောင်ခြင်း)လို့ ခေါ်ပါတယ်။ ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်နွေးအောင် ပြန်လုပ်ပေးရင် ပျောက်ကင်းနိုင်တယ်။
နှင်းကိုက်တဲ့ ဒုတိယအဆင့်မှာ အရေပြားအရောင် စတင်ပြောင်းလဲလာတယ်။ အသားအရေ ဖြူဖွေးလာတယ်။ အေးပြီး ထုံကျင်လာတယ်။ နာကျင်ကိုက်ခဲလာတယ်။ နှင်းထိတဲ့အရေပြားမှာ အရည်ကြည်ဖုများထွက်လာတယ်။ဒီအဆင့်ကို Superficial Frostbite (အပေါ်ယံနှင်းကိုက်ခြင်း) လို့ သတ်မှတ်တယ်။
နှင်းကိုက်ချိန် ကြာလာတာနဲ့အမျှ တတိယအဆင့်ကို တဖြည်းဖြည်းကူးပြောင်းလာတယ်။ အရေပြားတစ်ရှူးတွေ မာကျောပြီး အေးခဲလာတယ်။ အရေပြား သွေးမလျှောက်လို့ ပြာနှမ်းပြီး တစ်ရှူးဆဲလ်တွေ သေဆုံးသွားတယ်။ ဒီအဆင့်ဟာ နောက်ဆုံးအဆင့် Deep Frostbite (အတွင်းပိုင်းနှင်းကိုက်ခြင်း) လက္ခဏာရပ်တွေဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆေးကုသမှုမရှိရင် အသက်အန္တရာယ်စိုးရိမ်ရတယ်။
နှင်းကိုက်တဲ့အခါ အစောပိုင်းလက္ခဏာတွေဖြစ်တဲ့ အရေပြားနီမြန်းခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ထုံကျဉ်ခြင်းစတဲ့လက္ခဏာတွေ ပေါ်ပေါက်လာရင် သတိထားသင့်ပါတယ်။ နောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အရေပြားဖြူဖွေးခြင်း၊ အသားအရောင်ပြာနှမ်းခြင်း၊ အရည်ကြည်ဖုထွက်ခြင်း၊ ကိုယ်ခန္ဓာလှုပ်မရဘဲ အရေပြားမာကျောလာရင် အချိန်မဆိုင်းဘဲ ကုသမှုခံယူရမယ်။ နှင်းကိုက်တဲ့အခါ အဖြစ်များဆုံးနေရာတွေက ခြေချောင်း၊ လက်ချောင်း၊ နားရွက်၊ နှာခေါင်းနဲ့မေးစေ့နေရာတွေဖြစ်ပါတယ်။ နှင်းတောင်တက်တဲ့အခါ ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သတိပြုဖုံးအုပ်သင့်တယ်။
ကုသနည်း
နှင်းကိုက်တဲ့ လူနာကို နွေးထွေးတဲ့နေရာသို့ ချက်ချင်းရွေ့ပြောင်းရတယ်။ အပူချိန် 40-42°C ရှိတဲ့ ရေနွေးနွေးနဲ့ စိမ်ပေးပါ။ ရေနွေးမရှိရင် ခြောက်သွေ့တဲ့ အဝတ်တွေနဲ့ ခန္ဓာကိုယ်နွေးလာတဲ့ထိ ပွတ်တိုက်ပေးသင့်တယ်။ နှင်းကိုက်တဲ့နေရာမှာ အရည်ကြည်ဖုတွေ ပေါက်မလာအောင် သတိထားသင့်တယ်။ ဆေးရုံဆေးခန်း သွားပါ။ ဆေးရုံတွေမှာ အကြောဆေးသွင်းခြင်း၊ ပိုးသတ်ဆေးထိုးခြင်း၊ အကိုက်ခဲပျောက်ဆေးပေးခြင်း စတာတွေ ပြုလုပ်နိုင်တယ်။ နှင်းကိုက်ခြင်းကြောင့် သေဆုံးနေတဲ့ တစ်ရှူး အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ရတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews