Open 9:00-12:00 AM
+95 92051590

Chickenpox (Varicella)

28 Oct, 2021 | No Comments

Chickenpox (Varicella)

Chickenpox ရေကျောက်ပေါက်ခြင်း

ရေကျောက်ရောဂါဆိုတာ Varicella-zoster virus (VZV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်မြန်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရေယုန်နာဖြစ်တဲ့ဗိုင်းရပ်စ်နဲ့ တူတယ်။ ဒီရောဂါဟာ အဖျားတက်ခြင်း နဲ့အတူ ယားယံတဲ့အရည်ကြည်ဖုတွေ ထွက်လာတတ်တယ်။ ရေကျောက်ရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များတယ်။ ကာကွယ်ဆေးထိုးမထားတဲ့ လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။လူကြီးမှာဖြစ်ရင် ပိုပြင်းထန်တတ်တယ်။

ဗိုင်းရပ်စ်ပိုးဟာ လေထုထဲက တစ်ဆင့် အဓိကကူးစက်နိုင်ပါတယ်။ ရောဂါရှိသူ နှာချေ၊ချောင်းဆိုးရာက ထွက်လာတဲ့ တံတွေးအမှုန်အမွှားများကို ရှုရှိုက်မိခြင်းကြောင့် ကူးစက်တယ်။ တခါတရံ ရေကျောက် အရည်ကြည်ဖုက ထွက်သော အရည်ကြည်ကို ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် ကူးစက်နိုင်သေးတယ်။

ရောဂါစဖြစ်တဲ့အခါ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားပျက်ခြင်းတို့တွေ့ရတယ်။ ဖျားပြီး ၁-၂ ရက် ကြာတဲ့အခါ အနီစက် (Macules)၊ အနီဖု (Papules)တွေဟာ ခန္ဓာကိုယ်အနှံ့ ဝမ်းဗိုက်၊ ရင်ဘတ်၊ မျက်နှာတို့မှာ စပေါ်လာပါတယ်။ အနီစက်တွေက တဖြည်းဖြည်း ပွားလာပြီး ယားယံလာပါတယ်။ အနီဖုလေးရဲ့ အလယ်မှာ အရည်တွေ အောင်းလာပြီး အရည်ကြည်ဖု (Vesicles)တွေ စထွက်လာတယ်။ ရေကျောက် အရည်ကြည်ဖုတွေ အလွယ်တကူပေါက်ထွက်လွယ်တယ်။ ၂၄ နာရီအတွင်း ခြောက်သွေ့ပြီး အနာဖေး(scabs) အဖြစ် ပြောင်းလဲသွားပါတယ်။ ရေကျောက်ဖြစ်တဲ့အခါ အဖျားကြီးခြင်းနဲ့အတူ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာတွေ ပူးတွဲခံစားရတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

· ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်ခြင်း 

· ဦးနှောက်အမြှေးရောင်ခြင်း

· ဦးနှောက်ရောင်ခြင်း

· အဆုတ်ရောင်ခြင်း 

ကုသနည်း

ရေကျောက်ဖြစ်တဲ့အခါ Acyclovir၊ Valacyclovir လို ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတွေကို ရောဂါစပေါ်ပြီး ၂၄ နာရီအတွင်း စသောက်သင့်ပါတယ်။ ဒီဆေးတွေက ရောဂါပျံ့ပွားမှုနဲ့ ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ ခုခံအားစနစ် ပြန်လည်ကောင်းမွန်ဖို့ အနားယူပါ။ အိပ်ရေးဝဝအိပ်ပါ။ ရေဓာတ်ပြည့်ဝအောင်နေအောင် ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ် များများသောက်သုံးပေးပါ။ ဖျားနာခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းအတွက် ပါရာစီတမော (Acetaminophen) သောက်သုံးနိုင်တယ်။ ယားယံမှု သက်သာစေဖို့ Calamine Lotion လိမ်းပါ။ Cetirizine, Diphenhydramine ဆေးတွေ သောက်ပါ။ Oatmeal နဲ့ ရေချိုးပါ။ 

ကာကွယ်နည်း

ရောဂါရှိသူနှင့် ဝေးဝေးနေပါ။ လက်ကို ဆပ်ပြာနှင့်ရေဖြင့် မကြာခဏ ဆေးကြောပါ။ကလေးတွေမှာ ရေကျောက် ကာကွယ်ဆေးထိုးပါ။

  · ပထမအကြိမ် – အသက် ၁၂ လမှ ၁၅ လ

  · ဒုတိယအကြိမ် – အသက် ၄ နှစ်မှ ၆ နှစ်

ရေကျောက်ရောဂါဟာ ကလေးတွေမှာအဖြစ်များလို့ အနီစက်၊ အ ည်ကြည်ဖုတွေပေါ်ထွက်လာရင် မိဘတွေအနေနဲ့ မပေါ့ဆဘဲ ကုသပေးသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews