29 Oct, 2021 | No Comments
Carbuncles
အနာပဆုပ်(Carbuncles)ဆိုတာ မွှေးညင်းအိတ်ပိုးဝင်ရာက ဖြစ်ပေါ်လာတဲ့ ပြည်တည်နာအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ အနာတွေ အဆုပ်လိုက်ဖြစ်တာမို့ အနာပဆုပ် လို့ခေါ်ပါတယ်။ လက်တင်စကားအရ carbuncle ဆိုရင် “အနီရောင် နတ်သွေးကျောက်”လို့ အဓိပ္ပါယ် ရပါတယ်။ အနီရောင်အလုံးကျိတ်အဖြစ် မြင်တွေ့ရတယ်။ အနာစိမ်း၊ မွေးကျွတ်နာ တွေထက် အလုံး ပိုကြီးပြီး ပိုနက်ပါတယ်။ အောက်ဆုံးအဆီလွှာ(subcutaneous layer)ထိ ပိုးဝင်တတ်ပါတယ်။
အနာပဆုပ်တစ်လုံးဟာ အရွယ်အစား ၁-၄လက်မထိ ရှိနိုင်တယ်။ ဖြစ်စမှာ အနီရောင်ပြည်ကျိတ်တွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ အနာက နီးစပ်ရာ အရေပြားကိုကူးစက်လာပြီး ကျယ်ပြန့်လာတယ်။ အကျိတ်က အစွန်းကုန်ရောင်ပြီး ဖောင်းတက်လာတယ်။ ဘေးမျက်နှာပြင်ပါ ရောင်ရမ်းရဲတက်လာသလို ပူနွေးလာပါတယ်။ အရေပြားမှာ ပြည်အကျိတ် အစိုင်အခဲအနေနဲ့ စမ်းမိနိုင်တယ်။ ဒီအဆင့်ဟာ ပြည်တည်နာ အချင်းချင်းစုပြီး အဆုပ်လိုက်ဖြစ်လာတဲ့အဆင့် ဖြစ်ပါတယ်။ အနာက တဆစ်ဆစ်ကိုက်ပြီး ညအိပ်မရတော့ဘူး။ ပိုးဆိုးရင် အပြင်းဖျားပြီး ချမ်းတုန်တာ၊ ပြန်ရည်ဂလင်းရောင်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မရောက်ခင် ဆရာဝန်နဲ့ သေချာကုသဖို့ လိုလာတယ်။
ဘာတွေလုပ်သင့်လဲ
အနာပေါက်မြန်အောင် ရေနွေးဝတ် ကပ်ပေးသင့်တယ်။ ဆားခပ်ထားတဲ့ ရေနွေးထဲကို သန့်စင်တဲ့ အဝတ်စတခုစိမ်ပါ။ အနာပေါ်ကို ရေနွေးအဝတ်ခေါက် ကပ်ပေးပါ။ တနေ့ သုံးကြိမ် တခါကပ် ၁၅မိနစ်ကြာအောင် ကပ်ပေးသင့်တယ်။ ပြည်ရင့်မှည့်လာတဲ့အခါ အနာသန့်ရှင်းရေးက အရေးကြီးပါတယ်။ ပြည်ထွက်တဲ့ အနာကို ဆားရေနွေးနဲ့ တစ်ရက် နှစ်ကြိမ် သန့်စင်ပါ။ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ ပိတ်စတခုခုနဲ့ ဖုံးအုပ်ပါ။ သို့သော် အနာကို အမြဲပိတ်မထားသင့်ဘူး။ ပတ်ဝန်းကျင် လေနဲ့ထိတွေ့စေတာက အနာကျက် မြန်လာစေတယ်။
ကုသနည်း
အနာပဆုပ်ဖြစ်တဲ့အခါ ပဋိဇီဝဆေးဝါးတွေ လိုပါတယ်။ ပိုးသတ်ဆေးပေးတဲ့အခါ Staphylococcus aureusကို နိုင်တဲ့ ပဋိဇီဝဆေးကို အဓိကရွေးချယ်ရပါတယ်။ ဒီပိုးမွှား(S. aureus)က ကူးစက်လွယ်သလို ဆေးယဉ်ပါးတာ မြန်လို့ သတိထားရတယ်။ Flucloxacillin၊ Dicloxacillin၊ Cephalexin၊ Cefaclor စတဲ့ပိုးသတ်ဆေးတွေ အဓိကထား ရွေးချယ်ရတယ်။ ပင်နယ်စလင်ဆေး မတဲ့သူတွေအတွက် Erythromycin နဲ့ Clarithromycin စတဲ့ဆေးတွေ ပြောင်းလဲသုံးစွဲနိုင်တယ်။ သောက်ဆေးပေးတဲ့အခါ အနည်းဆုံး တစ်ပတ်-ဆယ်ရက် ပေးရတယ်။ ဆေးယဉ်ပါးတဲ့အခါ clindamycin, vancomycin ဆေးတွေ လိုတယ်။ လိမ်းဆေးထဲမှာ Mupirocin, Fusidic acid, clindamycin လိမ်းဆေးတွေ ကောင်းပါတယ်။ Ichthammol ointment (ammonium bituminosulfonate)ပြည်စုပ်တဲ့ လိမ်းဆေးတွေ အသုံးပြုနိုင်တယ်။ အနာပဆုပ် ပိုကြီးပြီး ခဲလာရင် Augmentin လို ပိုပြင်းတဲ့ဆေးတွေ လိုအပ်တတ်ပါတယ်။ သောက်ဆေး၊ လိမ်းဆေးနဲ့ မသက်သာတဲ့အခါ ပြည်တွေကို ခွဲထုတ်ပစ်နိုင်တယ်။ Incision and drainage နည်းနဲ့ ဓားရာပေးပြီး အထဲက ပြည်ပုပ်တွေ အပြင်ထွက်အောင် ခွဲထုတ်ပေးရတယ်။ အနာပဆုပ်တွေဟာ ပြန်ဖြစ်တတ်လို့ ထပ်မံမဖြစ်ပွားအောင် သေချာဂရုစိုက်သင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews