27 Nov, 2021 | One Comment
Allergic contact cheilitis
Allergic contact cheilitis ဆိုတာ နှုတ်ခမ်းဓာတ်မတဲ့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဓာတ်မတဲ့တဲ့ပစ္စည်း(allergic)တစ်မျိုးကို contact ထိတွေ့ရာက နှုတ်ခမ်းရောင်ခြင်း(cheilitis)ဖြစ်လာတယ်။ ဓာတ်မတဲ့ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (allergic contact dermatitis) အမျိုးအစားထဲမှာပါတယ်။ သတိပြုရမှာက irritant dermatitis လို ပွန်းတိုက်မိလို့ ဖြစ်တဲ့ နှုတ်ခမ်းရောင်တာမျိုး မဟုတ်ပါဘူး။
ဒီရောင်ရမ်းမှုဟာ type IV hypersensitivity reaction အဆင့်(၄) ဓာတ်တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ တကယ်တော့ မတဲ့တဲ့ဓာတ်(allergen)တစ်မျိုးဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိနှင့်ပြီးဖြစ်တယ်။ ဒီိလို allergen ပါတာကို ထိတွေ့ရာက နှုတ်ခမ်းသားက ဖူးရောင်လာပါတယ်။နှုတ်ခမ်းရောင်တဲ့အခါ နှုတ်ခမ်းသားအပြင်ဖက် (vermilion margin)တွေမှာ အဖြစ်များတယ်။
နှုတ်ခမ်းဓာတ်မတဲ့တာဟာ ဆယ်ကျော်သက် မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိန်းကလေးတွေမှာ နှုတ်ခမ်းနီဆိုးပြီး ဖြစ်ကြတယ်။ ယောကျာ်းလေးတွေမှာ သွားတိုက်ဆေးဓာတ်မတဲ့လို့ နှုတ်ခမ်းရောင်တတ်တယ်။ ကလေးတွေက အစားအသောက် ဓာတ်မတဲ့လို့ ဖြစ်တယ်။ အသက်ကြီးသူတွေမှာ ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ်။ ကြာရှည်ခံပစ္စည်း၊ ဆိုးဆေး၊ အမွှေးနံ့၊ နီကယ်သတ္တုစတာတွေက နှုတ်ခမ်းဓာတ်မတဲ့ခြင်း အဓိကဖြစ်စေတယ်။
နှုတ်ခမ်းဓာတ်မတဲ့ရင် ဖြစ်တဲ့နှုတ်ခမ်းသားက ဘဲနှုတ်သီးလို ရောင်ကိုင်းလာပါတယ်။ ဖြစ်တဲ့နေရာမှာ နီရဲခြောက်သွေ့ပြီး နှင်းခူဆန်ဆန် အရေခွံတွေ ကွာလာတယ်။ တချို့ ပက်ကြားအက်သလို နှုတ်ခမ်းအကွဲကြောင်းတွေ ပေါ်လာတယ်။ နှုတ်ခမ်းထောင့်စွန်းတွေမှာလည်း ဖြစ်တတ်တယ်။ ဒါကို angular cheilitis ခေါ်ပါတယ်။ နှုတ်ခမ်းအရောင်ကျသွားရင် အမဲကွက်တွေ ကျန်ရစ်ခဲ့နိုင်တယ်။
စမ်းသပ်စစ်ဆေးခြင်း
ဓာတ်မတဲ့တဲ့ ပစ္စည်းတွေဟာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါ့ကြောင့် patch test စမ်းလုပ်နိုင်တယ်။ patch test ဆိုတာ မတူညီတဲ့ ဓာတုပစ္စည်းတွေကို အရေပြားမှာ ကပ်ပြီး ဓာတ်တဲ့မတဲ့ စမ်းသပ်ကြည့်တဲ့ နည်းဖြစ်ပါတယ်။ ဓာတ်ပစ္စည်းတွေကို patch test နည်းနဲ့ အသေးစိတ်စမ်းကြည့်နိုင်တယ်။ patch test နဲ့ မတွေ့ရင် photopatch test ဆိုတာ လုပ်ကြည့်နိုင်တယ်။ တခါတရံ contact urticaria ရှိမရှိသိအောင် prick test ဆိုတာ လုပ်ကြည့်နိုင်တယ်။ ဒီဖက်ခေတ်မှာ နှုတ်ခမ်းကွင်းတတ်တာတွေ ခေတ်စားလာလို့ နီကယ်ဓာတ်မတဲ့တာလည်း ထည့်သွင်းစဉ်းစားသင့်တယ်။
Image 1: Patch test Image 2: Photopatch test
ကုသနည်း
ဓာတ်မတဲ့ရောဂါဖြစ်လို့ ဖြစ်စေတဲ့ allergen ပစ္စည်းနဲ့ မထိတွေ့ရင် သူ့ဘာသာ သက်သာသွားပါတယ်။ လက်နဲ့ ကိုင်တွယ်တာမျိုး လုံးဝမလုပ်သင့်ဘူး။ နှုတ်ခမ်းဆိုးဆေးတွေရပ်ထားပါ။ ရနံ့ပါတာတွေ ရှောင်ပါ။ ပီကေဝါးတာမလုပ်ပါနဲ့။ရောင်ရမ်းမှုဆိုးရင် အရောင်ကျဆေးတွေ ပေးနိုင်တယ်။ ရနံ့မပါတဲ့ နှုတ်ခမ်းအဆီတစ်မျိုးမျိုး လိမ်းပေးနိုင်တယ်။ အေးမြအောင် hyaluronic acid gel တွေ လိမ်းပေးနိုင်တယ်။ နှုတ်ခမ်း ရေအေးဝတ်ကပ်ပေးနိုင်တယ်။ အပူ၊အစပ်၊အငန်၊ချဉ်တဲ့အစားအသောက်တွေ ရှောင်ခိုင်းသင့်တယ်။
နှုတ်ခမ်းနီ ဓာတ်မတဲ့ခြင်း
နှုတ်ခမ်းနီ ဓာတ်မတဲ့ခြင်းဟာ နှုတ်ခမ်းနီမှာပါဝင်တဲ့ ကြာရှည်ခံပစ္စည်းတွေကြောင့် အဖြစ်များတယ်။ ကြာရှည်ခံပစ္စည်း တွေထဲမှာ parabens, formaldehyde, formaldehyde releasers, propyl galate နဲ့ isothiazolinones စတာတွေက ဓာတ်မတဲ့မှုကို ဖြစ်စေတယ်။ နောက်ပြီး ရနံ့၊ အရသာ၊ ဆိုးဆေး စတာတွေကလည်း ဓာတ်မတဲ့မှုကို ဖြစ်စေနိုင်တယ်။ ဥပမာ Balsam of Peru ကို ရနံ့ (သို့မဟုတ်) အရသာ အနေနဲ့ အသုံးပြုကြတယ်။ benzyl benzoate ကျတော့ ကြာရှည်ခံပစ္စည်း အနေနဲ့ အသုံးပြုကြသလို ရနံ့အနေနဲ့လည်း အသုံးဝင်တယ်။ cinnamaldehyde ကိုသစ်ကြံပိုး အနံ့ရအောင် ထည့်သွင်းတတ်ကြပါတယ်။
တခါတရံ အစိုဓာတ်ထိန်းဆေး(lanolin, propylene glycol) တွေကလည်း ဓာတ်မတဲ့တာရှိတယ်။ အများအားဖြင့် ဖယောင်းနဲ့ အဆီတွေကို နှုတ်ခမ်းနီ ပြုလုပ်ရာမှာ အသုံးပြုကြတယ်။ Beeswax, carnauba wax (Brazil wax), castor oil, coconut oil, vitamin E စတာတွေ ထည့်သွင်းကြတယ်။ ကြက်ဆူဆီမှာပါဝင်တဲ့ Ricinoleic acidကဓာတ်မတဲ့တာ ရှိနိုင်တယ်။
နှုတ်ခမ်းနီအပြင် နှုတ်ခမ်းအဆီ (lip balm)တွေကလည်း ဓာတ်မတဲ့တာရှိတယ်။ လိမ်းဆေးအဆီအဖြစ် Menthol, camphor နဲ့ phenol စတာတွေ ထည့်ကြတယ်။ lip balm တွေရဲ့ အာနိသင်က နှုတ်ခမ်းပေါ်မှာ အလွှာပါးတစ်ထပ်အနေနဲ့ နှုတ်ခမ်းခြောက်သွေ့မှုကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ရာသီအေးတာ၊ လေထုစိုထိုင်းစများတဲ့အခါမျိုးမှာအစိုဓာတ်ထိန်းဖို့ lip balm တွေ လိုပါတယ်။ တခါတရံ နှုတ်ခမ်းနေလောင်ကာလိမ်းဆေး (benzophenone) နဲ့ရေစိုခံပစ္စည်းတွေကလည်း ဖြစ်တတ်တယ်။
သတိပြုရမှာက နှုတ်ခမ်းလွှာ ဖူးဖူးလေးဖြစ်အောင်လုပ်တဲ့ lip plumper တွေကိုဖြစ်တယ်။ ဒီထဲမှာ cayenne pepper(ငရုတ်) နဲ့ cinnamon(သစ်ဂျပိုးမှုန့်) စတာတွေက သွေးကြောချဲ့ပြီး နှုတ်ခမ်းကို ဖူးပြည့်လာစေတယ်။ အထဲမှာပါတဲ့Substance P, benzyl nicotinate နဲ့ L-arginine စတာတွေက သွေးကြောချဲ့တဲ့ အာနိသင်ရှိတယ်။ ဒီဓာတ်တွေကနဂိုနှုတ်ခမ်းကို ဖူးရောင်လာစေတယ်။
နှုတ်ခမ်းနီမတဲ့သည့် လက္ခဏာရပ်များ
နှုတ်ခမ်းနီဆိုးပြီး လိမ်းထားတဲ့ နှုတ်ခမ်းက ဖူးရောင်နေမယ်။ ပူလာမယ်၊ ရဲလာမယ်။ တဖြည်းဖြည်း ယားယံလာမယ်။ နှုတ်ခမ်း အသားအရေ ခြောက်ကပ်ပြီး အရေပြားအဖတ်လန်လာတာမျိုးရှိတယ်။ နာကျင်လာမယ်။ တချို့ နှုတ်ခမ်းက အက်ကွဲလာပြီး ပါးစပ်မဟနိုင်တော့တဲ့ထိ ဖြစ်တတ်တယ်။ ဒါမျိုးဖြစ်ရင် နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်တယ်။
ကုသနည်း
(၁) ရေခဲ (သို့) ရေအေးဝတ် တစ်ခုခု ကပ်ပါ။
(၂) အယားပျောက်ဆေး (သို့) အရောင်ကျဆေး တစ်မျိုးမျိုး လိမ်းပါ။
(၃) antihistamine လိုသောက်ဆေးမျိုး သောက်ပါ။
(၄) ပူရင် ရှားစောင်းလက်ပပ် အတွင်းသားကို ကပ်ထားလို့ရတယ်။ အချိန်ကြာမကပ်ပါနဲ့။
(၅) ကြားထဲမှာ အပူ၊ အစပ်၊ အငန် အစားအသောက်မျိုး ရှောင်ရမယ်။
(၆) မသက်သာရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်တယ်။
နှုတ်ခမ်း ဓာတ်မတဲ့သော ပစ္စည်းများ
(၁) ကြာရှည်ခံပစ္စည်း -parabens, formaldehyde, formaldehyde releasers, propyl galate, isothiazolinones
(၂) ရနံ့ – Balsam of Peru, benzyl benzoate, cinnamaldehyde
(၃) အရသာ – peppermint oil, vanilla
(၄) ရောင်ခြယ်ဆိုးဆေး – D&C Yellow #11 and D&C Red #7
(၅) အစိုဓာတ်ထိန်းဆေး – lanolin, propylene glycol
(၆) ဖယောင်းနဲ့ အဆီ – Beeswax, carnauba wax, castor oil ,coconut oil, vitamin E
(၇) ပူရှိန်းဆီ – Menthol, camphor, phenol
(၈) နှုတ်ခမ်းဖူးဆေး – cayenne pepper, cinnamon
(၉) နေလောင်ကာပစ္စည်း – benzophenone
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကု ဆရာဝန်)
If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.
Nilar Nwe
ဆရာရှင့်
ညဘက်မျက်နှာသစ်ပြီးရင် နှုတ်ခမ်းတွေက ယားလာပြီး ချက်ချင်း ယောင်ယမ်းလာတတ်တာ ခဏ ခဏဖြစ်နေပါတယ် အခုလည်းဖြစ်နေပြန်ပြီ။ ဒီညနေ တံမြက်စည်း လှည်းတာဖုန်တွေယားလို့ မျက်နှာသစ် လိုက်ပါတယ် ချက်ချင်း နှုတ်ခမ်းတွေကယားလာပြီး အကြီးကြီး ဖြစ်လာတာ လေထိုးထားသလိုပါပဲ။ ၃ ဆလောက်ဖောင်းကားပြီး စကား တောင်အတော်ပြောယူရပါတယ်။ အခု Cetrizine နဲ့ Kimose သောက်ထားပါတယ်ဆရာ။ ဘာကြောင့်လဲ ဘာဆေးတွေသောက်ရမလဲ လိမ်းဆေးကော ရှိပါသလား ဆရာ ။ ကျေးဇူး ပြုပြီး ပြန်ပေးပါအုန်းဆရာ။
လေးစားစွာဖြင့်
ဒေါ်နီလာနွယ်
အသက်က ၅၄ ပါ