နှင်းခူနာ အရေပြားရောဂါ အရေပြားရောဂါတွေထဲမှာ လူကိုအမြဲစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာအရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နာတာရှည် အရေပြားရောဂါဖြစ်တာကြောင့် ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြတယ်။ မျိုးရိုး၊ မျိုးဗီဇပြောင်းလဲမှု၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာfilaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်ပါတယ်။ အရေပြားရောဂါတွေမှာ ရက်တိုအရေပြားရောင်ရင် dermatitis အုပ်စုထဲထည့်ပြီး မကြာခဏဖြစ်တဲ့နာတာရှည်အရေပြားရောင်ခြင်း (chronic dermatitis)တွေမှာ ဓာတ်မတဲ့တဲ့အခါ နှင်းခူနာ (eczema) အဖြစ်ခေါ်ဝေါ်သုံးစွဲကြတယ်။ နှင်းခူနာအဖြစ် ဆရာဝန်တွေ အသိများတဲ့နာမည်တမျိုးက atopic dermatitis ပါ။တကယ်တော့ atopic dermatitisဟာ နှင်းခူနာ အမျိုးအစားအနက် အဖြစ်များဆုံး အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ နှင်းခူဟာ ဓာတ်မတဲ့သူ၊ ပန်းနာရင်ကျပ်မျိုးရိုးရှိသူတွေမှာ အဖြစ်များတယ်။ နောက်ပြီး ပန်းဝတ်မှုန်၊ ဆပ်ပြာမှုန့်၊အစားအသောက်၊ အမွှေးနံ့သာ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကံသိပ်ဆိုးရင် လက်ဝတ်ရတနာမတဲ့တာမျိုးထိရှိတယ်။လူနာထဲမှာ သတ္တုဓာတ် မတဲ့လို့ လက်ဝတ်ရတနာ မဝတ်ဆင်ရတဲ့ အမျိုးသမီးတွေကို တွေ့ခဲ့ဘူးတယ်။ အဲလိုလူနာတွေက သာမန်အချိန် ဘာမှမဖြစ်ကြပေမယ့် ချွေးထွက်ပြီဆိုတာနဲ့ ယားယံလာတော့တာ။လက်ဝတ်လက်စား ချွတ်လိုက်တဲ့အခါ ၁ရက် ၂ရက်အတွင်း ချက်ချင်းသက်သာသွားတယ်။ ရောဂါလက္ခဏာများ နှင်းခူနာအရေပြားရဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်ရင် အရေပြား ယားယံမယ်၊ ရောင်ရမ်းမယ်၊ အနီပြင်အနီကွက် ထမယ်၊ အသားအရေ ခြောက်သွေ့ပြီး အရေပြားအချပ်လိုက် ကွာကျလာမယ်၊ အနီပြင်က အဖြူဖတ်ပြောင်းလဲမယ်၊ ဒီလိုနဲ့ ကုတ်ပါများရင် သွေးယိုတာ၊ ပိုးဝင်တာထိ ဆက်လက်ဖြစ်နိုင်တယ်။ နှင်းခူအဖြစ်များတဲ့နေရာတွေက ဦးရေပြား နားနောက်အစပ်နေရာတွေ၊ မျက်ခွံ၊ မျက်ခုံး၊ ပါးစပ်၊ လည်ပင်း၊ အကွေးအဆန့်များတဲ့တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပေါင်ခြံ ၊ ဒူးခေါင်းဆစ်၊ခြေချင်းဝတ် တွေမှာ ဖြစ်ကြတယ်။ နှင်းခူရဲ့သဘောကပေါ်လိုက်ပျောက်လိုက်သံသရာထဲ လည်နေတာမျိုးပါ။ ဖြစ်တဲ့နေရာက ယားယံ၊ ယားယံတော့ မနေနိုင်မထိုင်နိုင်ကုပ်ခြစ်၊ အရေပြားလန်ပြီး ပိုးဝင်တာတွေ ဆက်တိုက်ဖြစ်လာတတ်တယ်။ နောက်ဆက်တွဲမဖြစ်အောင် စဖြစ်ဖြစ်ချင်း သိပြီး ကုသတာပိုမိုထိရောက်တယ်။ ကုသနည်း အရှင်းပျောက်ကင်းအောင် မတတ်နိုင်တဲ့ ရောဂါတွေအတွက် ရောဂါလက္ခဏာသက်သာအောင် နည်းပေါင်းစုံနဲ့လုပ်ဆောင်ပေးရပါတယ်။ ဒီရောဂါအတွက် ရောင်တာ၊ ယားတာသက်သာစေဖို့ အဓိကထားရတယ်။ပျောက်ပြီးပြန်ပေါ်တတ်လို့ အစားအသောက် အနေအထိုင် သတိပေး မှာကြားရတယ်။ ရောဂါအတွက် လိမ်းဆေး၊ သောက်ဆေး၊ထိုးဆေး စသည်ဖြင့် အခြေအနေပေါ်လိုက်ပြီး မျိုးစုံသုံးကြတယ်။ အသုံးများဆုံးဆေးတွေကတော့ စတီရွိုက်ဆေးတွေပါ။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ကို ရောဂါအခြေနေပေါ်မူတည်ပြီး ဆရာဝန်တွေက သုံးစွဲကြတယ်။စတီရွိုက်လိမ်းဆေးထဲမှာကို အပျော့၊ အပြင်း ခွဲခြားပြီး သုံးစွဲကြရတယ်။ steroid ကိုယ်နှိုက်က ခုခံအားကို ကျဆင်းစေလို့ ပဋိဇီဝဆေးတွေ၊မှိုပိုးသတ်ဆေးတွေကို တပါတည်းထည့်သွင်းအသုံးပြုကြရတယ်။ ပြင်းထန်ပြီး ပိုးဝင်တဲ့ အနာတွေရှိတဲ့အခါ combined cream ရောစပ်ထားပြီးဖြစ်တဲ့ စျေးကွက်ဝင် လိမ်းဆေးတွေက ပိုမိုထိရောက်ပါတယ်။ ပိုဆိုးတဲ့ရောဂါတွေအတွက် သောက်ဆေး၊ ထိုးဆေးအသုံးပြုကြရတယ်။ စတီးရွိုက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်ကိုယ်တိုင် သတိထားသုံးစွဲရတယ်။ ယားယံတာအတွက် anti-histamine အုပ်စုဝင် diphenhydramine , promethazine,hydroxyzine အစရှိသဖြင့်သုံးစွဲနိုင်တယ်။ ညပိုင်းမအိပ်နိုင်အောင်ယားယံသူတွေအတွက် အိပ်စေနိုင်တဲ့ antihistamine အုပ်စုဝင်တွေကို ပေးကြတယ်။ Tacrolimus နဲ့ pimecrolimus စတဲ့လိမ်းဆေးတွေကို FDA က အသိအမှတ်ပြုထားပြီးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးကြောင့် လိုအပ်မှ သုံးစွဲဖို့ အကြံပြုထားတယ်။ ကင်ဆာနဲ့ ခုခံအားရောဂါတွေမှာသုံးတဲ့methotrexate, cyclosporine, azathioprine တွေကိုလဲ လိုအပ်ရင် ပေးတတ်ကြပါတယ်။ ဒီဖက်ခေတ်မှာ အပူစွမ်းအင်၊ အအေးစွမ်းအင်က လူနာကုသရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်လာကြတယ်။ radiation ဓာတ်ကင်တာ၊ phototherapy အလင်းပေးကုထုံးစသဖြင့် သုံးစွဲလာကြတာတွေ့ရမှာဖြစ်တယ်။တချို့က နှင်းခူတွေက UVA, UVB အလင်းကုထုံးနဲ့ အလုပ်ဖြစ်တယ်။ အလင်းတန်းမှာပါတဲ့ ခရမ်းလွန်ဓာတ်ရောင်ခြည် UVA ကို အသုံးပြုကြည့်တဲ့အခါ ရလာဒ်ကပိုမိုကောင်းမွန်တာတွေ့ရတယ်။ အလင်းကုထုံးရဲ့ အာနိသင်ပိုကောင်းစေဖို့ psoralen လိုလိမ်းဆေးနဲ့ အသုံးပြုလာကြပါတယ်။ နှင်းခူနာအရေပြားအတွက် နောက်ထပ်အဓိကကျတဲ့ ဆေးတမျိုးက emollient ခေါ်တဲ့ အစိုဓာတ်ထိန်းဆေးတွေဖြစ်ပါတယ်။ နှင်းခူအရေပြားဟာ ခြောက်သွေ့ယားယံတာဖြစ်တဲ့အတွက် အရေပြားအစိုဓာတ်က အရေးကြီးဆုံးပါ။ အမြဲလိမ်းပေးတာ ကာကွယ်ရာရောက်တဲ့ပြင် အသားရေကို ထိန်းသိမ်းပေးတယ်။ အအေးပိုင်းဒေသတွေ ပိုမိုအာနိသင်ကောင်းစေဖို့ emollient glove ခေါ်တဲ့ အစိုဓာတ်ထိန်းလက်အိတ်တွေကို ညအိပ်ယာဝင်ချိန် ညလုံးပေါက်ဝတ်ဆင်ကြပါတယ်။ ဓာတ်မတဲ့လို့ဖြစ်တဲ့ အရေပြားရောဂါတွေမှာ desensitisation ဓာတ်မတဲ့တာတွေနည်းနည်းစီပေးပြီး ဖြည်းဖြည်းချင်းဓာတ်တဲ့အောင် လုပ်တဲ့နည်းလမ်းကောင်းတွေလည်း ရှိပါသေးတယ်။ ကရိကထကများ၊ အချိန်လည်းကြာမြင့်တာမို့ ဒီနိုင်ငံမှာ အသုံးနည်းတယ်။ဆာလဖာလိမ်းဆေး၊ probiotic ဆေးတွေ အပြင် အပ်စိုက်ကုနည်းနဲ့ ကုသသူက ကုသကြတယ်။ အထူးရှောင်ကြဉ်ရမည့် အချက်များ နှင်းခူနာမှာ အရေးကြီးဆုံးက မိမိနဲ့ ဓာတ်မတဲ့တာကို သိဖို့ ဖြစ်ပါတယ်။ မိမိနဲ့ မတဲ့တာကို အရင်သိအောင်ကြိုးစားပြီးမှ ရှောင်ကြဉ်ပါ။အမှုန်အမွှား၊ အမွှေးနံ့သာ၊ ဆေးလိပ်ငွေ့၊ ဓာတုဆေးရည်၊ ခြင်ဆေး၊ ဆိုးဆေး၊ ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ ပျားဝတ်မှုန်နဲ့ အစားအသောက်တွေမှာ သတိထားရမယ်။ အစားအသောက်တွေအနက် နွားနို့၊ ကြက်ဥ၊အခွံမာသီး၊ ဂျုံ၊ ပဲနို့စတာတွေက ပိုမိုဆိုးရွားစေလို့ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာအစားအသောက်နဲ့ ပိုမိုဆက်စပ်လို့ ဂရုပြုပေးသင့်တယ်။ ရေမကြာခဏချိုးတတ်သူ၊ စိတ်ဖိစီးမှုများသူ ချွေးထွက်လွန်းသူ၊ အသားအရေခြောက်သွေ့သူဟာ နှင်းခူအဖြစ်များအုပ်စု ထဲမှာပါဝင်နေကြလို့အနေအထိုင် အလေ့အကျင့်နဲ့ပက်သတ်ရင် သတိပြုသင့်တယ်။ ဒါ့ပြင် ဓာတ်သဘောအရ ပန်းနာရင်ကျပ်နဲ့ ဆက်စပ်နေသလို allergic rhinitis တခုခုဖြစ်ပြီဆိုတာနဲ့ နှာရည်ယိုလိုက်ရမှ ဆိုတဲ့ လူတွေမှာ ပိုမိုအဖြစ်များလို့ တခြားလူတွေထက် သတိထားသင့်တယ်။ လိုက်နာရမည့် အချက်များ နှင်းခူအရေပြားမှာ အေးတဲ့ရေချိုးပေးခြင်းက နွေးတဲ့ရေချိုးခြင်းထက် ပိုမိုသင့်တော်တယ်။အရေပြား အစိုဓာတ်ထိန်းပေးတဲ့ emollient လိမ်းဆေးတွေကို ပုံမှန်သုံးစွဲပေးပါ။ အင်တီအောက်စီးဒင့် ကြွယ်ဝတဲ့ဆေး (Vit A, C, E)၊cholecalciferol (vit D3)၊ ဘိုအိုတင် ပါဝင်တဲ့ ဆေးတွေကို မှီဝဲပါ။ စိတ်ဖိစီးမှုလျော့ပါးအောင် တရားထိုင်တာ၊ယောဂကျင့်တာတွေလုပ်ကြည့်ပါ။ အသက်၉လ မပြည့်မှီ ကလေးငယ်ရဲ့ ဖြည့်စွက်စာမှာ ငါးထည့်စားစေခြင်းဟာ နှင်းခူဖြစ်နှုန်းကို သိသိသာသာ လျော့ပါးစေတယ်။ ဒီအချက်ဟာ မိဘမျိုးရိုးရှိတဲ့ ကလေးတွေအတွက် မိဘတွေ အထူးသတိထားလိုက်နာသင့်တဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒေါက်တာ အေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from some of the above symptoms, you should contact a local dermatologist or by […]
ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis) ဟာ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ နာတာရှည် အရေပြားရောင်ရမ်းတဲ့ရောဂါတွေကို နှင်းခူ(eczema)အမျိုးအစားထဲ ထည့်ကြတယ်။ နှင်းခူသဘောက အရေပြားရောင်တာ၊ ရဲတာ၊ ယားယံတာနဲ့ ပြန်ဖြစ်တတ်တာ ဖြစ်ပါတယ်။ ဖယောင်းဖတ်နှင်းခူ (Seborrheic dermatitis)ဟာ အဆိုပါအချက်တွေနဲ့ ကိုက်ညီတယ်။ ဒါ့ကြောင့် တချို့က seborrheic eczema လည်း ခေါ်ကြတယ်။ ဖယောင်းဖတ်နှင်းခူ (seborrheic dermatitis) ဟာ အဆီဂလင်းထုတ်လုပ်မှုများတဲ့နေရာတွေမှာ အရေပြားရောင်ရမ်းခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ Malassezia တစေးမှိုပိုးတစ်မျိုးကြောင့် ဖြစ်တယ်။ အဆီဂလင်းများတဲ့နေရာတွေမှာ အဆိုပါတစေးမှိုတွေ ပေါက်ဖွားနိုင်တယ်။ မှိုပိုးက အဆီ(sebum)ကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်တယ်။ Malassezia မှိုပိုးကို တိုက်ထုတ်ဖို့ ခုခံအားစနစ်က တုံ့ပြန်တဲ့အခါ IL-1, IL-6, IL-8 နဲ့ TNF တွေ မြင့်တက်လာပြီး အရေပြားက […]
Asteatotic eczema ဆိုတာ အသားအရေခြောက်သွေ့ရာက ဖြစ်လာတဲ့ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်လို့ xerotic eczema လည်း ခေါ်တယ်။ အသားအရေပက်ကြားအက်နေလို့ eczema craquelé (ပြင်သစ်စကား)နဲ့ တင်စားပြီး ခေါ်ကြတယ်။ ဒီခြောက်သွေ့အရေပြားနှင်းခူကို ခြေထောက် ညို့သကျည်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်။ ခြောက်သွေ့အရေပြားနှင်းခူ (Asteatotic eczema)ဟာ အပေါ်ဆုံးအရေပြားလွှာ stratum corneum မှာ ရေဓာတ်ခမ်းခြောက်ရာက ဖြစ်ပေါ်လာပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုနဲ့ အဓိက သက်ဆိုင်တယ်။ ဆောင်းရာသီမှာ အတွေ့များတယ်။ လေထုစိုထိိုင်းစနည်းပါးခြင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိခိုက်စေလို့ အသားအရေခြောက်ကပ်ပြီး နှင်းခူယားနာကွက်တွေ ဖြစ်ပေါ်လာတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွပ်ဓာတ်နည်းတာ (zinc deficiency) နဲ့ ဖက်တီးအက်ဆစ်အဆီ( essential […]