6 Nov, 2021 | No Comments
Fordyce spots
နှုတ်ခမ်းပေါ်မှာ အဆီဖုလေးတွေ ပြုံထွက်နေတာကို Fordyce spots (Fordyce granules) ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အဆီအိတ်(sebaceous gland)ဟာ မွှေးညင်းပေါက်ရှိတဲ့နေရာမှာပဲ တည်ရှိပါတယ်။ မွှေးညင်းပေါက်မရှိတဲ့ နှုတ်ခမ်းသားနေရာမှာ ပုံမှန်မဟုတ်တဲ့ အဆီအိတ် (ectopic sebaceous gland) တွေ အစုလိုက် အပြုံလိုက် စုစည်းလာရာကနေ Fordyce spots တွေ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ fordyce spots ဟာ နှုတ်ခမ်းသာမက ပါးစောင်အတွင်းပိုင်းနဲ့ အမျိုးသားလိင်တံအရေပြားပေါ်မှာလည်း ရှိတတ်ပါတယ်။
Fordyce spot (မူကွဲအဆီဖု)တွေဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တယ်။ အရွယ်ရောက်သူတွေနဲ့ ဟော်မုန်းအပြောင်းအလဲများတဲ့သူတွေပိုတွေ့ရတယ်။ မွေးကတည်းက ပါလာတာလည်းရှိနိုင်တယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်။ အမျိုးသားတွေ၊အဆီပြန်တဲ့အသားအရေမှာ ပိုတွေ့ရတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်နိုင်တယ်။ သွေးတွင်း ကိုလက်စတောများတာလည်း ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်။ သို့သော် ကူးစက်ရောဂါတော့ မဟုတ်ပါဘူး။
ကုသနည်း
လိမ်းဆေးထဲမှာ dichloroacetic acid ဆေးရည်, tretinoin လိမ်းဆေးစတဲ့ ဆေးတွေက အသုံးဝင်တယ်။ အနည်းဆုံး ၂-၆ပတ်ထိ သုံးရတယ်။ အဆီဂလင်းထိန်းချုပ်တဲ့ isotretinoin ဆေးတွေ လိုတတ်တယ်။ အလင်းကုထုံး၊ chemical peel စတာတွေလည်း သုံးနိုင်တယ်။ လိုအပ်ရင် လေဆာနဲ့ ဖျက်ဆီးပစ်လို့လည်း ရပါတယ်။
အကြံပြုချက်
Fordyce spot (မူကွဲအဆီဖု) တွေက ပြဿနာမပေးပေမယ့် နှုတ်ခမ်းပေါ်မှာဖြစ်လို့ အကြည့်ရဆိုးတယ်။ ဖြစ်လာရင် အိပ်ရေးဝဝအိပ်ပါ။ အဝမလွန်စေနဲ့။ အဆီအဆိမ့် လျှော့စားပါ။ အချိုဓာတ်ကဲတာ ရှောင်ပါ။ အရက်ဘီယာ မသောက်သင့်ဘူး။ အိမ်သုံးအလွယ်နည်းက ပန်းသီးရှာလကာရည်တို့တာဖြစ်တယ်။ salt lip scrub နည်း နှုတ်ခမ်းကို ဆားနဲ့သာသာပွတ်ပါ။ အကောင်းဆုံးက ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသသင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews