Open 9:00-12:00 AM
+95 92051590

UVB therapy

13 Nov, 2021 | No Comments

UVB therapy

UVB therapy ခရမ်းလွန်ရောင်ခြည် အလင်းကုထုံး

UVB Therapy ဆိုတာဟာ ခရမ်းလွန်ရောင်ခြည် B (Ultraviolet B) ကို အသုံးပြုပြီး အရေပြားရောဂါတွေကို ကုသတဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ဒါဟာ အလင်းကုထုံး (Phototherapy) တွေထဲမှာ အလွန်အသုံးများပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ UVB ကုထုံးဟာ UVA ကုထုံးထက် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးလို့ ပိုအသုံးဝင်တယ်။

UVB အလင်း ကုထုံးတွေထဲမှာ Broadband UVB နဲ့ Narrowband UVB ဆိုပြီး နှစ်မျိုးရှိတယ်။Broadband UVB (BB-UVB)မှာ UVB ရောင်ခြည်ရဲ့ လှိုင်းအလျား အကုန်လုံးကို အသုံးပြုတယ်။ အရင်ခေတ်က ဒီနည်းလမ်းကို အသုံးပြုခဲ့ပေမယ့် နေလောင်နိုင်ခြေမြင့်မားလို့ အခုခေတ်မှာ NB-UVB နည်းကို ပိုမိုအသုံးပြုလာကြပါတယ်။

Narrowband UVB (NB-UVB) ဆိုတာ UVB ရောင်ခြည်ထဲက 311-313 nm 

လှိုင်းအလျား အလင်းရောင်တစ်ခုတည်းကို သီးသန့်ထုတ်ယူအသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ Broadband UVB ထက် ပိုမိုထိရောက်သလို ဘေးထွက်ဆိုးကျိုးလည်း ပိုနည်းပါတယ်။ ရောဂါပြန်ဖြစ်နှုန်းလည်း နည်းပါးသလို ကုသမှု အကြိမ်ရေ အနည်းငယ်ပဲလိုအပ်တယ်။

အသုံးဝင်တဲ့ရောဂါများ

———————

(၁) ကြေးခွံနာအရေပြား (Psoriasis) 

ခရမ်းလွန်ရောင်ခြည် ဘီဟာ အရေပြားဆဲလ်တွေ အလွန်အမင်း ကြီးထွားမှုကို နှေးကွေးစေလို့ ကြေးခွံနာ (သို့) ထပ်တရာနာရောဂါတွေမှာ အသုံးဝင်တယ်။

(၂) ခရုသင်း (Vitiligo)

ခရုသင်းအဖြူကွက်တွေ အရောင်ပြန်ရဖို့ melanocyte ဆဲလ်သစ်တွေ ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးတယ်။

(၃) နှင်းခူရောဂါ (Atopic Dermatitis) 

နှင်းခူနာအရေပြားမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ ယားယံမှုနဲ့ ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေပါတယ်။

(၄) Parapsoriasis 

(၅) Mycosis Fungoides

UVB Therapy ကုသမှု အဆင့်ဆင့်

——————————-

ခရမ်းလွန်ရောင်ခြည် (UVB)ပေးတဲ့အခါ အရေပြားခံနိုင်ရည်ကို အရင်စမ်းသပ်ကြည့်ရတယ်။ ကုသမှုမစတင်မီ အရေပြားရဲ့ UVB ဒဏ်ခံနိုင်ရည် (MED – Minimal Erythema Dose) ကို စမ်းသပ်ပြီး စတင်ရမယ့် ဓာတ်ရောင်ခြည်ပမာဏကို စနစ်တကျ တွက်ချက်ပေးရတယ်။

ကုသမှုခံယူနေစဉ် လူနာဟာ UVB မီးလုံးများ တပ်ဆင်ထားတဲ့ မှန်လုံကုသခန်း (Phototherapy Booth/Box) ထဲမှာ ဝင်နေရပါမယ်။ ခရမ်းလွန်ပေးနေစဉ် မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ မျက်မှန် မဖြစ်မနေ တပ်ဆင်ရမယ်။ ရင်သား၊ လိင်အင်္ဂါစတဲ့နေရာတွေကို အကာအကွယ်ပေးထားရမယ်။ UVB ရောင်ခြည်ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း (စက္ကန့်ပိုင်းမှ မိနစ်အနည်းငယ်အထိ) ထိုးလွှတ်ကုသမှု ခံယူရပါမယ်။ ကုသမှုအကြိမ်အရေအတွက်ဟာ ပုံမှန်အားဖြင့် တစ်ပတ်ကို ၂-၃ ကြိမ် (သို့) ၅ ကြိမ်အထိ ခံယူရပြီး၊ ရောဂါသက်သာပျောက်ကင်းသည်အထိ လပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။

UVB Therapy ရဲ့ အားသာချက်

—————————–

 PUVA ကုထုံးတွေလို Psoralen သောက်ဆေး (သို့) လိမ်းဆေး မလိုအပ်ဘဲ အလင်းတိုက်ရိုက်ပြနိုင်တဲ့အတွက် ပိုမိုလွယ်ကူပြီး ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ သုတေသနတွေအရ NB-UVB ဟာ PUVA ထက် အရေပြားကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ နည်းပါးသည်ဟု ဆိုတယ်။ လိုအပ်ရင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေမှာ အသုံးပြုနိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည် ပြတာမို့ ဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှ ပြုလုပ်သင့်တယ်။ NB-UVB ဟာ psoriasis နဲ့ vitiligo ရောဂါတွေမှာ အလွန်ထိရောက်မှုရှိတာ တွေ့ရတယ်။

ဘေးထွက်ဆိုးကျိုးများ

UVB ကုသမှုပမာဏ များသွားရင် အရေပြားနီရဲပြီး နေလောင်ကွက်တွေဖြစ်တတ်တယ်။ နာကျင်နိုင်ပါတယ်။ကုသမှုခံယူပြီးနောက် အရေပြားခြောက်သွေ့ယားယံတတ်တယ်။ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးတွေက ယာယီဖြစ်ပြီး ပြင်းထန်လေ့မရှိပါဘူး။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားအရောင်ရင့်တာ၊ အိုမင်းရင့်ရော်မှု အနည်းငယ်မြန်ဆန်တာ (Photoaging)မျိုး ဖြစ်နိုင်တယ်။ မျက်လုံးအကာအကွယ်မပါဘဲ ကုသမှုခံယူပါက မျက်ကြည်လွှာထိခိုက်နိုင်ပါတယ်။

သတိပြုရမယ့်အချက်

UVB Therapy ဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ ကုသမှုခံယူသင့်တဲ့ ကုထုံးဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည် ကုထုံးနဲ့ သင့်တော်မှုရှိမရှိ၊ လိုအပ်တဲ့ အလင်းရောင် ပမာဏကို အရေပြားဆရာဝန် (Dermatologist) နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ ကုသမှုခံယူပြီးတဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ နေရောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းပေးဖို့ အရေးကြီးပါတယ်။လိုအပ်ရင် အစိုဓာတ်လိမ်းဆေး ခရင်မ် (သို့) လိုးရှင်းတမျိုးမျိုး လိမ်းပေးသင့်တယ်။

Narrowband UVB ဟာ နာတာရှည် အဖြူကွက်နဲ့ ထပ်တရာနာအရေပြားရောဂါတွေ ကုသရာမှာ အလွန်စိတ်ချရပြီး ထိရောက်မှုရှိတဲ့ ကုထုံးတစ်ခု ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးရှိနိုင်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာသာ စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews