Open 9:00-12:00 AM
+95 92051590

Kerion

2 Nov, 2021 | No Comments

Kerion

Kerion ဒက်ပြည်တည်နာ

Kerion ဆိုတာ မှိုပိုးကြောင့်ဖြစ်တဲ့ ဦးရေပြားပြည်တည်နာတစ်ခုဖြစ်ပါတယ်။ မှိုပိုးကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဦးရေပြားထဲဝင်ရောက်နေတဲ့ မှိုပိုးကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ရာက ပြည်တည်နာတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ Kerion အကျိတ်တွေဟာ ရောင်ရမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးလည်းဖြစ်တယ်။ Tinea Capitis (ဦးရေပြားမှိုစွဲခြင်း)ရဲ့ ပြင်းထန်တဲ့ ပြည်တည်နာ လက္ခဏာပုံစံတစ်ခုလည်းဖြစ်တယ်။

ဦးခေါင်းမှိုကျိတ်နာ (kerion)ဟာ Trichophyton နဲ့ Microsporum မျိုးစိတ်တွေကြောင့် အဓိကဖြစ်တယ်။ခေါင်းပတ်၊ ခေါင်းဘီး၊ ဆံပင်ညှပ်ကိရိယာများကနေ တစ်ဆင့် ကူးစက်နိုင်တယ်။ အိမ်မွေးတိရစ္ဆာန် (ကြောင်၊ ခွေး)တွေကတဆင့် ကူးစက်နိုင်ပါတယ်။

Kerion ဖြစ်တဲ့အခါ  ဦးခေါင်းမှာ ရောင်ရမ်းတဲ့ အဖုကျိတ်တွေ စဖြစ်လာပါတယ်။ အဖုကျိတ်တွေဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ပျော့ပျောင်းတဲ့ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ အဖုကျိတ်ရဲ့ မျက်နှာပြင်မှာ ပြည်ထွက်နေတဲ့ အပေါက်ကလေးတွေ (pustules) ရှိနေတတ်တယ်။ အနာကို ဖိကြည့်ရင် ပြည်တွေ ထွက်လာတတ်တယ်။ kerion ဖြစ်နေတဲ့ ဆံပင်တွေဟာ ကျွတ်လွယ်ပြီး အလွယ်တကူ နုတ်ယူလို့ရပါတယ်။ ဆံပင်ကျွတ်သွားတဲ့နေရာမှာ အမည်းဆံလေးတွေ (ဆံပင်အမြစ်တွေ) ကျန်နေတတ်ပါတယ်။

အနာအကျိတ်ဖြစ်တဲ့နေရာမှာ နာကျင်တာ၊ ပူစပ်ပူလောင် ခံစားရတာမျိုးရှိတယ်။ လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံ စတဲ့ နေရာတွေမှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းနာကျင်နေတတ်တယ်။ တခါတရံ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နွမ်းနယ်ခြင်းတို့ ခံစားရတတ်တယ်။

ရောဂါစစ်ဆေးခြင်း

ဆံပင်နမူနာယူပြီး မှိုပိုး ရှိ/မရှိ စစ်ဆေးကြည့်ရှုနိုင်တယ်။Wood’s lamp နဲ့ အရေပြားစစ်ဆေးတဲ့အခါ မှိုပိုးရှိရင် အစိမ်းရောင်လင်းနေတတ်ပါတယ်။ မှိုပိုးမွေးမြူခြင်း (Fungal Culture)နဲ့မှိုအမျိုးအစားကို အတည်ပြုနိုင်တယ်။

ကုသနည်း

Kerion ကုသမှုဟာ သာမန် ဦးရေပြားမှိုစွဲရောဂါထက် ပိုကြာရှည်တတ်ပါတယ်။ ဆေးကုသတဲ့အခါ လိမ်းဆေးနဲ့ မပျောက်ဘဲ သောက်ဆေး သောက်ဖို့ လိုအပ်ပါတယ်။အရင်ခေတ်က Griseofulvin သောက်ဆေးကို အသုံးများတယ်။ တရက် ၄-၆ကြိမ်ထိသောက်ရပြီး ရက်သတ္တပတ် ၆-၈ ပတ်ခန့် သောက်ရနိုင်ပါတယ်။ ဒီဖက်ခေတ်မှာ Terbinafine ဆေးတွေကို ပိုအသုံးများပြီး ရက်သတ္တပတ် ၄-၆ ပတ်ခန့် သောက်ရပါမယ်။ Itraconazole သို့မဟုတ် Fluconazole ဆေးတွေလည်း သောက်သုံးနိုင်ပါတယ်။ ဦးရေပြား ရောင်ရမ်းကိုက်ခဲမှုကို လျှော့ချဖို့ Prednisone ဆေးတွေ ဆရာဝန်က ပေးလေ့ရှိပါတယ်။ ရောင်ရမ်းမှုသက်သာတဲ့အခါ ဆံပင်ပြန်ပေါက်နှုန်းကို အထူးကောင်းမွန်စေတယ်။အနာက ဘက်တီးရီးယားပိုး ထပ်မံဝင်ရောက်လာရင် ပဋိဇီဝသောက်ဆေး (Antibiotics)ပေးသင့်ပါတယ်။ အနာကို ရေနွေးကပ်ပြီး ဖိပေးသင့်တယ်။ 

ကာကွယ်နည်း

ဆံညှပ်ကိရိယာ၊ ဦးထုပ်၊ ခေါင်းအုံး မျှဝေသုံးစွဲမှု မပြုလုပ်သင့်ပါ။ တိရစ္ဆာန်များမှာ အရေပြားအနာ၊ ဆံပင်ကျွတ်ကွက်ရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် ပြသပါ။

Kerion ဟာ သာမန် ဦးရေပြားမှိုစွဲခြင်း(Tinea Capitis) နဲ့ ကွဲပြားပါတယ်။ Kerion ဖြစ်တဲ့အရေပြားဟာ ရောင်ရမ်းမှု ပြင်းထန်ပြီး ပြည်တည်နာကျိတ်တွေ အဆုပ်လိုက်ဖြစ်တတ်တယ်။ ယားယံတာထက် နာကျင်ကိုက်ခဲတာပိုများတယ်။ ဖျားနာတတ်တယ်။ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတတ်တယ်။ ဦးရေပြားမှာ နာကျင်ပြီး ရောင်ရမ်းတဲ့အဖုကျိတ်တွေ ပေါ်ပေါက်လာရင် အရေပြားဆရာဝန်နဲ့ ချက်ချင်း ပြသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews