Prurigo Simplex သွေးယားနာ
ဆေးပညာမှာအလွန်အမင်း ယားယံတဲ့ အဖုငယ်လေးတွေကို prurigo ခေါ်ပါတယ်။ Prurigo Simplex ဆိုတာ အဖြစ်များတဲ့ သွေးယားနာရောဂါဖြစ်ပါတယ်။ ဒီရောဂါရှိသူဟာ ခန္ဓာကိုယ်မှာ အနီစက်နဲ့ အဖုကလေးတွေ ထွက်ပေါ်လာပြီး နာတာရှည်ယားယံမှုကို ဖြစ်ပေါ်စေတယ်။ ပျောက်ပြီး ပြန်ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။
သွေးယားနာ ဘာ့ကြောင့်ဖြစ်လဲ အကြောင်းရင်းကို တိတိကျကျမသိရသေးဘူး။ သီအိုရီအရ အစားအစာ၊ ဆေးဝါး၊ ပန်းဝတ်မှုန်၊ ဖုန်မှုန့်နဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်နိုင်တယ်။ နေရောင် ထိတွေ့မှုများရင်လည်း ဖြစ်တတ်တယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းကြောင့် ဖြစ်လာတတ်တယ်။ မိန်းကလေးတွေမှာ ဟော်မုန်းအပြောင်းအလဲနဲ့ သက်ဆိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ဓမ္မတာလာချိန်တွေမှာ ရုတ်တရက် ပေါ်လာတတ်တယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုက ယားယံမှုကို ပိုဆိုးစေတယ်။ မျိုးရိုးထဲမှာ ဒီလိုရောဂါရှိရင် ပိုဖြစ်နိုင်တာတွေ့ရတယ်။
Prurigo Simplex ဖြစ်တဲ့အခါအနီစက်နဲ့ အရည်ကြည်ဖုတွေ အစပိုင်း ထွက်ပေါ်လာပြီး မာကျောသော အဖုကလေးများ (Papules) နောက်ပိုင်းမှာ ပြောင်းလဲသွားတယ်။ဒီအဖုတွေဟာ ပြင်းထန်စွာ ယားယံတတ်တယ်။ ယားယံမှုက ညဖက်မှာ ပိုဆိုးတတ်တယ်။လက်မောင်း၊ ခြေထောက်၊ ကျောပြင်၊ ဝမ်းဗိုက်၊ ပေါင် စတဲ့နေရာတွေမှာ ကုတ်ဖဲ့ထားသော အနာတွေ ဖြစ်နေတတ်တယ်။ ကုတ်ဖဲ့ထားတဲ့နေရာမှာ အနာ (သို့) အသားခြောက်နေတတ်တယ်။အလွန်အကျူးကုတ်ခြစ်မှုကြောင့် အရေပြား အမာရွတ်ကျန်ရှိနေတတ်တယ်။
ကုသခြင်း
သွေးယားနာကုတဲ့အခါ အယားပျောက်ဆေး (Antihistamines)တွေက အသုံးဝင်တယ်။Cetirizine, Loratadine, Fexofenadine သောက်ဆေးတွေ ပေးနိုင်တယ်။ အနာပေါ်မှာ Betamethasone, Hydrocortisone စတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ ရောဂါမသက်သာရင် စတီးရွိုက်သောက်ဆေး (Prednisone)ဆေးတွေ ပေးနိုင်တယ်။ ဒီဆေးက ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်ညွှန်ကြားမှ သောက်ရတယ်။ အာရုံကြောယားယံမှုအတွက် Gabapentin နဲ့ Pregabalin ဆေးတွေ လိုပါတယ်။အရေပြားယားယံတဲ့အခါ Phototherapy (အလင်းကုထုံး)တွေလည်း အသုံးပြုနိုင်တယ်။ရောဂါပြင်းထန်ရင် ခုခံအားစနစ်ကို ထိန်းညှိပေးတဲ့ Cyclosporine, Azathioprine ဆေးတွေ ဆရာဝန်က ညွန်ကြားလိမ့်မယ်။
အိမ်တွင်သက်သာအောင်ပြုလုပ်နည်း
ယားယံတဲ့ နေရာကို ရေခဲဝတ်ကပ်ပေးပါ။ အယားသက်သာစေတဲ့ Calamine Lotion, Menthol Cream စတဲ့ လိမ်းဆေးတွေ လိမ်းပါ။ ပြင်းထန်တဲ့ ဆပ်ပြာ၊ ရေချိုးဆပ်ပြာမျိုးရှောင်ကြဉ်ပါ။သက်သာချောင်ချိတဲ့ အဝတ်အစားများမျိုး ရွေးချယ်ဝတ်ဆင်ပါ။ လက်သည်း၊ခြေသည်းတွေ သေချာ ညှပ်ထားပါ။ အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုလျှော့ချပါ။ အခွံမာအစေ့အဆန်၊ နို့ထွက်ပစ္စည်း နဲ့ အရက်၊ဘီယာ၊ဝိုင်သောက်တာ ရှောင်ကြဉ်ပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews