Asteatotic eczema ဆိုတာ အသားအရေခြောက်သွေ့ရာက ဖြစ်လာတဲ့ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်လို့ xerotic eczema လည်း ခေါ်တယ်။ အသားအရေပက်ကြားအက်နေလို့ eczema craquelé (ပြင်သစ်စကား)နဲ့ တင်စားပြီး ခေါ်ကြတယ်။ ဒီခြောက်သွေ့အရေပြားနှင်းခူကို ခြေထောက် ညို့သကျည်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်။
ခြောက်သွေ့အရေပြားနှင်းခူ (Asteatotic eczema)ဟာ အပေါ်ဆုံးအရေပြားလွှာ stratum corneum မှာ ရေဓာတ်ခမ်းခြောက်ရာက ဖြစ်ပေါ်လာပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုနဲ့ အဓိက သက်ဆိုင်တယ်။ ဆောင်းရာသီမှာ အတွေ့များတယ်။ လေထုစိုထိိုင်းစနည်းပါးခြင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိခိုက်စေလို့ အသားအရေခြောက်ကပ်ပြီး နှင်းခူယားနာကွက်တွေ ဖြစ်ပေါ်လာတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွပ်ဓာတ်နည်းတာ (zinc deficiency) နဲ့ ဖက်တီးအက်ဆစ်အဆီ( essential fatty acid)ချို့တဲ့တာတွေက ဒီလိုပုံစံနှင်းခူယားနာဖြစ်ပွားမှုကို လှုံ့ဆော်ပေးတယ်။ အသားအရေခမ်းခြောက်စေနိုင်တဲ့ ဝက်ခြံပျောက်ဆေး (isotretinoin) နဲ့ ဆီးဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟောမုန်းနည်းပါးတာလည်း အကြောင်းတစ်ရပ် ဖြစ်တယ်။ ကြေးခွံနာအရေပြားရောဂါ (ichthyosis vulgaris)ကြောင့်လည်း ဖြစ်နိုင်တယ်။
ခြောက်သွေ့အရေပြား နှင်းခူ (xerotic eczema)မှာ မှန်ကူကွက်ပုံစံ အကြေးခွံကွက်တွေဟာ ကွန်ယက်ပုံစံ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အကြေးခွံကွက်တွေကို အနီရောင်လိုင်းတွေနဲ့ ရစ်ဝိုင်းထားတယ်။ ဒီအကွက်တွေကို ညို့သကျီးလို အရေပြားပါးတဲ့နေရာတွေမှာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။ ပိုဆိုးတဲ့ ခြောက်သွေ့အရေပြားနှင်းခူ (xerotic eczema)မှာ အရေပြားတစ်ခုလုံး ရဲနေပြီး ရောင်ရမ်းနေတတ်ပါတယ်။ အသားအရေခြောက်ခမ်းမှုက အဆိုးဆုံးအခြေအနေဖြစ်လို့ ကုတ်ဖဲ့ရာကအရည်ကြည်ဖုတွေ ထလာတတ်ပါတယ်။
ကုသနည်း
ခြောက်သွေ့ အရေပြားနှင်းခူ ဖြစ်တဲ့အခါ အရေပြားကို အလွှာတစ်ထပ်ဖုံးအုပ်ပေးနိုင်တဲ့ အစိုဓာတ်လိမ်းဆေးတွေက အလွန်အသုံးဝင်တယ်။ အထူးသဖြင့် thick emollients တွေ ဖြစ်တဲ့ petroleum jelly, petrolatum cream တွေက အစိုဓာတ်ထိန်းပြီး ရေဓာတ်ကို မဆုံးရှုံးအောင် ကာကွယ်ပေးတယ်။ ဒါ့ပြင် အဆီလိမ်းဆေး Cetomacrogol cream (non-ionic cream) တွေလည်း ပေးနိုင်တယ်။ မရှိရင် အလှဆီလိမ်းလို့လည်းရတယ်။ အရေပြားရောင်ရမ်းတာအတွက် စတီးရွိုက်လိမ်းဆေးတွေ အသုံးပြုနိုင်တယ်။
အကြံပြုချက်
အစိုဓာတ်ထိန်းတဲ့ လိုးရှင်းတစ်မျိုးမျိုး နေ့စဉ်လိမ်းပါ။ အလှဆီ၊ အုန်းဆီ စတာတွေလည်း လိမ်းပေးသင့်တယ်။ နေပူထဲသွားရင် အစိုဓာတ်ပါတဲ့ နေလောင်ကာလိမ်းဆေးတွေ သုံးစွဲပါ။ ဆပ်ပြာခဲအစား cream cleanser တွေ ပြောင်းလဲအသုံးပြုသင့်တယ်။ ပုံမှန်အားဖြင့် အမြှုပ်ထွက်တဲ့ပစ္စည်းတွေက အရေပြားကို ထိခိုက်လွယ်လို့ ရှောင်ကြဉ်သင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက နီးစပ်ရာ အရေပြားအထူးကုဆရာဝန်ထံသို့ ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသရန်အတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews