Open 9:00-12:00 AM
+95 92051590

Fish tank granuloma

2 Nov, 2021 | No Comments

Fish tank granuloma

Fish tank granuloma ငါးကန်အကျိတ်နာ

Granuloma ဆိုတာ ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်ခဲတွေဖြစ်ပါတယ်။ငါးကန် အကျိတ်နာ (Fish Tank Granuloma) ဟာ Mycobacterium marinum ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ အနာဖြစ်တယ်။ ရောဂါပိုးဝင်ရောက်ပြီး အရေပြားနဲ့ အောက်ခံတစ်ရှူးတွေဟာ နာတာရှည်ရောင်ရမ်းရာ (chronic skin and soft tissue infection) က အကျိတ်ခဲတွေဖြစ်လာတယ်။ ဒီဘက်တီးရီးယားဟာ ရေချိုနှင့် ရေငန်ထဲမှာ သဘာဝအတိုင်း ရှင်သန်နေထိုင်နိုင်ကြတယ်။ ဒါ့ကြောင့် ငါးကန်၊ ရေချိုးကန်တွေ သန့်ရှင်းရေးလုပ်တဲ့အခါ ပွန်းခြစ်ဒဏ်ရာကတဆင့် ရေထဲက ဘက်တီးရီးယားတွေ ဝင်ရောက်လာတယ်။ငါး၊ပုဇွန်၊ပင်လယ်စာတွေကို ကိုင်တွယ်တဲ့အခါလည်း ကူးစက်နိုင်တယ်။ ဒါပေမယ့် လူတစ်ဦးက တစ်ဦးကို ကူးစက်နိုင်ခြင်း မရှိပါဘူး။ 

ရောဂါလက္ခဏာရပ်များ

ပိုးဝင်ရောက်ပြီး ၂ ပတ်မှ ၄ ပတ်အတွင်း (သို့မဟုတ်) လအနည်းငယ် အကြာမှာ စတင်ပေါ်လာတတ်တယ်။ ဘက်တီးရီးယားဝင်ရောက်တဲ့နေရာဟာ နာကျင်မှုမရှိဘဲ မာကျောတဲ့ အစိုင်ခဲအကျိတ်နာ (granuloma) ဖြစ်လာတယ်။ ဒီအကျိတ်နာတွေဟာ ပြန်ရည်ကျိတ်လမ်းကြောင်း တစ်လျှောက် တန်းစီပေါ်လာကို တွေ့ရတတ်တယ်။ အရေပြားဆေးပညာမှာ sporotrichoid pattern ခေါ်ပါတယ်။ တဖြည်းဖြည်းနဲ့ အကျိတ်တွေဟာ နာကျင်လာပြီး ပြည်တည်နာ (abscesses) အဆင့် ပြောင်းလဲလာတယ်။ အနာဖေးနဲ့ ဖုံးအုပ်တဲ့ အနာတွေ ဆက်လက်ဖြစ်ပေါ်လာနိုင်တယ်။ အကယ်၍ ရောဂါပိုးဟာ အရွတ်တွေ၊ အဆစ်အမြစ်နဲ့ အရိုးထိ ပျံ့နှံ့သွားရင် မခံမရပ်နိုင် နာကျင်ကိုက်ခဲလာပါတယ်။ ဒီအကျိတ်တွေဟာ လက်ချောင်း၊ လက်မောင်း၊ လက်ဖမိုး၊ ဒူး စသည်ဖြင့် ရေနှင့် ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဖြစ်များတယ်။

ရောဂါရှာဖွေစစ်ဆေးခြင်း

ရောဂါရာဇဝင်နှင့် အကျိတ်ကို သေချာစမ်းသပ်စစ်ဆေးရတယ်။ ငါးကန် သို့မဟုတ် ငါးပုဇွန် စတာတွေနဲ့ထိတွေ့မှုရှိမရှိ မေးမြန်းပြီး အနာကျိတ်ကို ကြည့်ရှုစစ်ဆေးရတယ်။ အနာရဲ့ တစ်ရှူးနမူနာစ (Skin Biopsy) ယူပြီး ဓာတ်ခွဲခန်းမှာ ကြည့်ရှုစစ်ဆေးနိုင်တယ်။ လိုအပ်ရင် အထူးပြုလုပ်ထားတဲ့ ဆိုးဆေးသုံးပြီး AFB Stain and Culture ပြုလုပ်နိုင်တယ်။ M. marinum တွေဟာ ပုံမှန်ဘက်တီးရီးယားတွေထက် ကြီးထွားနှုန်း နှေးကွေးလို့ ဆေးစစ်ချက်ဟာ ၂-၈ ပတ်အထိ ကြာနိုင်ပါတယ်။ နောက်တစ်နည်းက ဘက်တီးရီးယားပိုးရဲ့ ဗီဇဆဲလ် DNA ကို စစ်ဆေးတဲ့ PCR နည်းပညာဖြစ်တယ်။

ကုသမှုနည်း

ကုသတဲ့အခါ ပဋိဇီဝပိုးသတ်ဆေး (Antibiotics)ကို လပေါင်းများစွာ သောက်သုံးဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးထဲမှာ Clarithromycin၊ Azithromycin၊ Doxycycline၊ Minocycline စတဲ့ဆေးတွေက အသုံးများတယ်။ ၃ လမှ ၆ လ အထိ ဆေးသောက်ဖို့ လိုပါတယ်။ ပြင်းထန်တဲ့ရောဂါအခြေအနေမှာ  ဆေးနှစ်မျိုးပေါင်းစပ် (Rifampin + Ethambutol) ပြီး ကုသရတတ်တယ်။ နောက်ဆက်တွဲ ပြည်တည်နာ(abscesses) ဖြစ်ပေါ်လာရင် ခွဲစိတ်ပြီး ပြည်တွေစုပ်ထုတ်ပစ်ဖို့ လိုအပ်တယ်။ ဒီရောဂါမှာ ဆေးသောက်တဲ့အခါ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း မပျက်မကွက် ပုံမှန်သောက်သုံးဖို့ အလွန်အရေးကြီးတယ်။ အကယ်၍ ဆေးကို စောစော ရပ်လိုက်ရင် ရောဂါပြန်လည်ထကြွလာနိုင်ပါတယ်။

ကာကွယ်နည်း

ငါးကန် ရေကန်သန့်ရှင်းရေးလုပ်တဲ့အခါ၊ ငါးတွေကိုင်တွယ်တဲ့အခါမျိုးမှာ ရေစိုခံလက်အိတ်တွေ ဝတ်ဆင်ဖို့ လိုပါတယ်။ လက်မှာ ပွန်းခြစ်ဒဏ်ရာ ရှိရင် ရေထဲကို လက်ဗလာနဲ့ ထိုးပြီး ကိုင်တွယ်တာမျိုး မလုပ်သင့်ဘူး။ ဒဏ်ရာရှိရင် ရေစိုခံပလာစတာနဲ့ ကာကွယ်ထားပါ။ ရေကန်ထဲ လက်ထည့်ပြီး ဒဏ်ရာဖြစ်ရင် ဆပ်ပြာနဲ့ ဒဏ်ရာကို စင်ကြယ်စွာ ဆေးကြောလိုက်ပါ။ အရက်ပြန်သုတ်လိမ်းပေးပါ။ ငါးကန်များကို အမြဲသန့်ရှင်းအောင်ထားပါ။ ငါးကန်တွေကို ပုံမှန်သန့်ရှင်းပေးခြင်းဖြင့် ဘက်တီးရီးယားပေါက်ပွားမှုကို လျှော့ချနိုင်ပါတယ်။ ငါးကန် အကျိတ်နာဟာ နာတာရှည်ဖြစ်ပေမယ့် စနစ်တကျ ကုသမှုခံယူရင် ပျောက်ကင်းနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews