Open 9:00-12:00 AM
+95 92051590

Freckles

29 Oct, 2021 | No Comments

Freckles

Freckles မှဲ့ခြောက်ထွက်ခြင်း

Freckles (Ephelides) ဆိုတာ အရေပြားမှာ နေရောင်ထိတွေ့မှုကြောင့် ပေါ်ပေါက်လာတတ်တဲ့ သေးငယ်တဲ့ အညိုရောင်အစက်အပျောက်လေးတွေ ဖြစ်ပါတယ်။ မြန်မာလိုမှဲ့ခြောက်လို့ ခေါ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြား မယ်လနင်ဆဲလ် (melanocytes) ကို နှိုးဆွတဲ့အခါ  အမည်းရောင်ခြယ်ဓာတ်ပစ္စည်း (melanin)တွေ ထွက်ပေါ်လာပြီး မှဲ့ခြောက်ကို ဖြစ်ပေါ်စေတယ်။ လေ့လာမှုတွေအရ MC1R မျိုးဗီဇ ချို့ယွင်းတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲလွယ်တဲ့ ကလေးငယ်နဲ့ အပျိုဖော်ဝင်စ မိန်းကလေးတွေမှာ တွေ့ရတတ်တယ်။ ကလေး ၁၀၀ ယောက်မှာ ၅ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် အသားဖြူသူတွေ၊ မျက်လုံးအပြာရောင်ရှိသူ နဲ့ ဆံပင်နီသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

မှဲ့ခြောက်ရဲ့ လက္ခဏာတွေက သိသာတယ်။ မျက်နှာပေါ်မှာ ညိုဝါရောင် (သို့) အညိုရင့်ရောင်အစက်အပျောက်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအစက်တွေဟာ သေးငယ်ပြီး ပြားချပ်နေတဲ့ အစက်ပျောက်တွေဖြစ်တယ်။ အရွယ်အစားအားဖြင့် ၁ မီလီမီတာမှ ၂ မီလီမီတာအထိ ရှိတယ်။ အနားသတ်တွေက မထင်မရှားရှိတယ်။ ဆောင်းတွင်းရောက်ရင် အမဲစက်တွေ အရောင်ဖျော့သွားတတ်တယ်။ နေရောင်နဲ့ ထိတွေ့တဲ့အခါ အရောင်ပိုရင့်လာတတ်တယ်။ မှဲ့ခြောက်အများစုကို မျက်နှာ၊ ပါးပြင်၊ နှာခေါင်းစတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ လက်မောင်း၊ ပခုံးများ၊ကျောပြင်အပေါ်ပိုင်းစတဲ့နေရာတွေမှာလည်း တွေ့ရတယ်။

ကုသခြင်း

မှဲ့ခြောက်တွေဟာ ကုသစရာမလိုဘဲ အရွယ်ရောက်ရင် ပျောက်ကင်းနိုင်ပါတယ်။ အမဲစက်က ထင်ရှားလာရင် Hydroquinone (အရောင်ဖျော့ဆေး)၊ Tretinoin (ဗီတာမင်အေ လိမ်းဆေး)၊ Vutamin C serum  စတဲ့ဆေးတွေ လိမ်းပေးနိုင်တယ်။ အရေပြားကုထုံးတွေထဲမှာ Q-switched Nd:YAG laser, Cryotherapy နဲ့ IPL နည်းတွေအသုံးပြုနိုင်တယ်။ အရေပြားထူရင် ဓာတုအရေပြားချွတ်ကုထုံး (Chemical Peels)တွေ အသုံးပြုနိုင်တယ်။ ဘေးထွက်ဆိုးကျိုးနည်းတဲ့ အိမ်တွင်းကုထုံးတွေလည်းရှိတယ်။ သခွားသီး ကပ်ပေးတာ၊ ခရမ်းချဉ်သီး အုံပေးတာ၊

အာလူး အချပ်လိုက်ကပ်တာနဲ့ လိမ္မော်သီးခွံ ပွတ်ပေးတာမျိုး ပြုလုပ်နိုင်တယ်။

ကာကွယ်ခြင်း

မှဲ့ခြောက်တွေကို ပိုဆိုးမလာအောင် ကာကွယ်သင့်ပါတယ်။ မွန်းတည့်ချိန် ၁၀ နာရီမှ ၄ နာရီအတွင်း နေပူထဲထွက်တာရှောင်ပါ။ နေပူထဲထွက်ရင် SPF 30+ (သို့) SPF 50+ ပါတဲ့ နေလောင်ကာခရင်မ် (Sunscreen)တွေ အသုံးပြုနိုင်တယ်။ UVA ကာကွယ်ပေးတဲ့ PA+++ နေလောင်ကာလိမ်းပေးရမယ်။ နေလောင်ကာလိမ်းတဲ့အခါ ၂ နာရီတစ်ခါ လိမ်းပေးသင့်တယ်။

နေပူထဲသွားတဲ့အခါ အဆောင်းအကာ (ထီး၊ ဦးထုပ်၊ လက်ရှည်၊ ဘောင်းဘီရှည်)ဝတ်ပြီးမှ သွားပါ။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews