Syringoma မျက်ခွံချွေးအိတ်ဖုလေးများ
Syringoma ဆိုတာ ချွေးဂလင်းကြီးထွားရာက ဖြစ်ပေါ်လာတဲ့ မျက်ခမ်းအောက်အဖုလေးတွေ ဖြစ်ပါတယ်။ ချွေးအိတ်ဖုလို့လည်း ခေါ်ပါတယ်။ ချွေးအိတ်ဖု (syringoma) ဟာ အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ချွေးဂလင်း(eccrine sweat gland)တွေ ပိတ်ဆို့ရာက အဓိကဖြစ်လာပါတယ်။ အထူးသဖြင့် ချွေးဂလင်းအိတ်တွေရဲ့ အောက်ခြေမှာ ပိတ်ဆို့လေ့ရှိတယ်။ ချွေးထွက်များသူ၊ မိတ်ကပ်လိမ်းသူတွေဟာ ဒီလို ချွေးအိတ်ဖုတွေ ဖြစ်တတ်တယ်။
မျက်ခွံချွေးအိတ်ဖု(syringoma)ဟာ အရွယ်အစားအားဖြင့် ၁-၃ စင်တီမီတာလောက်သာ ရှိတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ ရောင်ရမ်းတာမရှိဘူး။ သို့သော် တချို့ချွေးထွက်ရင် ယားယံတတ်ပါတယ်။ များသောအားဖြင့် အောက်မျက်ခမ်းမှာတွေ့ရပြီး အုပ်စုလိုက်ဖြစ်တယ်။ မျက်ခွံ၊ ပါးပြင်နဲ့ လည်ပင်းနေရာတွေမှာဖြစ်ကြတယ်။ တခါတရံ ဂျိုင်း၊ပေါင်ခြံ၊ လိင်အင်္ဂါမှာလည်းဖြစ်နိုင်ပါတယ်။ အသားမဲသူတွေမှာ ဖြစ်ရင် အဝါရောင် (သို့) အသားရောင် အဖုလေးတွေအဖြစ် မြင်တွေ့ရတယ်။
syringoma ဟာ အသက်(၂၀)-(၄၀)ကြားအရွယ် အမျိုးသမီးတွေ အဓိကတွေ့ရတယ်။ ပူအိုက်တဲ့ဒေသတွေမှာ အဖြစ်များတယ်။ ချွေးထွက်များတာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ သက်ဆိုင်တတ်တယ်။ ရေစိုခံမိတ်ကပ်လိမ်းတာ၊ ဖယောင်းများတဲ့အစိုဓာတ်လိမ်းဆေး တွေကြောင့်လည်း ဖြစ်နိုင်တယ်။ သိုင်းရွိုက်ဟော်မုန်းများတာ၊ အတက်ပျောက်ဆေးတွေ သောက်သုံးမှုနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုကြတယ်။ မျိုးရိုးနဲ့လည်း အနည်းအကျဉ်း သက်ဆိုင်တတ်တယ်။
ကုသနည်း
မျက်ခွံချွေးအိတ်ဖု (Syringoma) ကုသတဲ့အခါ ဓာတုအက်ဆစ်ဆေးရည် (chemical peel)နဲ့ ပိတ်ဆို့တာတွေ ဖယ်ရှားနိုင်ပါတယ်။ အသုံးများဆုံးအက်ဆစ်တွေက TCA, glycolic acid, mandelic acid နဲ့ Pyruvic acid တွေဖြစ်ပါတယ်။ မျက်ခမ်းစပ် ချွေးအိတ်ဖု (eye syringoma)အတွက် 40-50% TCA ကို အသုံးပြုကြတယ်။ ပုံမှန်သုံးတဲ့ 15% chemical peel တွေက အလုပ်မဖြစ်တာများတယ်။ သတိပြုရမှာက 35% TCA အထက်ဆိုရင် lignocaine ထုံဆေးပေးဖို့ လိမ်းဖို့လိုအပ်ပါတယ်။ လိမ်းမယ့်နေရာကို ဆပ်ပြာနဲ့ဆေးကြောပြီး အရက်ပြန်နဲ့ခြောက်အောင်ထားရတယ်။ နားကျပ်တံနဲ့ ချွေးအိတ်ဖုကို အလွှာပါးလို တသားတည်းဖြစ်အောင်လိမ်းပြီး ၁၀ မိနစ်ထားရတယ်။ တစ်လတစ်ကြိမ် လုပ်ပေးရတယ်။ ယေဘုယျ ၂-၅ကြိမ်လောက် လုပ်ရပါတယ်။ ဆေးလိမ်းပြီး ပိုးသတ်ဆေး (သို့) aloe vera gel မျိုးလိမ်းပေးသင့်တယ်။ လိမ်းဆေးထဲမှာ topical retinoid, topical atropine လိမ်းဆေးတွေ အသုံးပြုနိုင်တယ်။ isotretinoin သောက်ဆေးနည်းတွေ ရှိပေမယ့် သက်သေပြထားတာတော့ မတွေ့ရသေးဘူး။
ဆေးခန်းမှာ CO2 laser (သို့) erbium laser လေဆာနဲ့ဖျက်စီးပစ်လို့လည်းရတယ်။ တစ်ကြိမ် နှစ်ကြိမ် အတွင်း ပျောက်ကင်းနိုင်တယ်။ လျှပ်စစ်တို့တဲ့နည်း (electrocautery)နဲ့ အပူပေးဖျက်ဆီးပစ်လို့ရတယ်။ ချွေးအိတ်ဖုကို နိုက်ထရိုဂျင်အရည်သုံးပြီး ဖျက်စီးလို့လည်း ရပါတယ်။ အေးခဲနည်း (frozen therapy)ဖြစ်လို့ မျက်ခမ်းအောက်တွေ လုပ်တဲ့အခါ အထူးဂရုပြုရတယ်။ derma abrasion နည်းနဲ့ excisionနည်းတွေ ရှိပေမယ့် လေဆာနည်းက ဘေးထွက်အနည်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ပါတယ်။
အိမ်သုံးနည်း
သကြားနဲ့ သံလွင်ဆီရောပြီးလိမ်းခိုင်းတာရှိတယ်။ ဒါပေမယ့် ဒီscrub နည်းက ထူးခြားမှု မရှိတာ များတယ်။ ပန်းသီးရှာလကာရည် (aceteic acid)လိမ်းနည်းလည်း မဆိုးပါဘူး။ သံလွင်ဆီ scrub ထက် ထိရောက်နိုင်တယ်။ သောက်ဆေးတွေထဲမှာ vitamin A, vitamin E သောက်ပေးသင့်တယ်။
အကြံပြုချက်
ချွေးအိတ်ဖု (syringoma)ထပ်မဖြစ်အောင် ချွေးဂလင်းကို ဂရုစိုက်သင့်တယ်။ chemical exfoliation မကြာခဏလုပ်ပေးသင့်တယ်။ ဒီနည်းမှာ 10% ထက် ပြင်းအားနည်းတဲ့ glycolic acid, pyruvic acid, lactic acid, salicylic acid, mandelic acid တွေ အသုံးပြုသင့်ပါတယ်။တခါတရံ retinol 0.5-1% serum တွေ နေ့စဉ်သုံးနိုင်ပါတယ်။ skin care ပစ္စည်းတွေထဲမှာ toluene, parabens, sulfates, methylisothiazolinone (MIT)ပါဝင်တာတွေ ရှောင်ရှားသင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews