17 Nov, 2021 | No Comments
Dandruff
ဗောက်ထခြင်း
လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြားပေါ်က ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာဖြစ်တယ်။ အဂ်လိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာ ဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဗောက်ထနေကြပါတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်ပွားလေ့ရှိတာတွေ့ရတယ်။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။
ဘာ့ကြောင့် ဗောက်ထလဲ
ယေဘုယျအားဖြင့် ဗောက်ဟာဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုပေါက်အရွယ်မှာစတင်ဖြစ်ပွားပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားနှုန်းက သိသိသာသာလျှော့ကျလာမယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်မှာဖြစ်ပွားစေတဲ့အကြောင်းတရပ်ပါ။ အပူအစပ်၊ အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။ အရက်၊ဘီယာစတာတွေကလည်း အချိုဓာတ်လွန်ကဲမှုကြောင့် ဗောက်ထရတဲ့ အကြောင်းရင်းထဲပါတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထလွယ်တာရှိတယ်။
ဗောက်ပေါက်သူအများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်။ လေထုစိုထိုင်းစနည်းပါးမှုက ဆံသားနဲ့ ဦးရေပြားကို ပိုမိုခြောက်သွေ့စေတယ်။ ရလာဒ်ကတော့ ဆဲလ်ဟောင်းကွာကျတာနဲ့ ဗောက်ပိုထလာတာဖြစ်တယ်။ ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာများတယ်။ အိပ်ရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်သေးတယ်။ psoriasis ကြေးခွံနာအရေပြားရောဂါသည်၊ နှင်းခူနာရှိသူတွေဟာ သူများထက် ဗောက်ထနိုင်ခြေပိုများသူတွေ ဖြစ်ကြတယ်။ နောက်ထိုးရမယ့် လက်ညှိုးက အလေ့အကျင့်ပါ။ နေ့တိုင်းခေါင်းလျှော်တာလည်းကောင်းတဲ့အလေ့ကျင့်မျိုးတော့ မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာနိုင်တယ်။ ဒီကလူနာတွေဟာ အလွန်အကျွံခေါင်းလျှော်ရာက ဖြစ်လာကြတယ်။ အာဟာရချိူ့တဲ့မှုက နောက်ထပ်အကြောင်းရာတရပ်အနေနဲ့ ပါဝင်နေတယ်။သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေဟာ သူများထက် ဗောက်ထနိုင်ချေ ပိုများပါတယ်။
ဗောက်ထသူအများစုဟာ ပုံမှန်ထက် ဆဲလ်ကွဲပွားမှု ပိုများလို့ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဦးရေပြားခြောက်သွေ့မှု၊ seborrheic dermatitis အဆီရောင် အရေပြားနာ၊ မှိုပိုးဝင်တာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ seborrheic dermatitis ဆိုတာ အဆီထုတ်လုပ်မှုများရာကနေ ဦးရေပြားရောင်ရမ်းလာတဲ့ရောဂါတမျိုးပါ။ ဒီအရေပြားရောဂါဟာ Malassezia တစေးမှိုပိုးတမျိုးနဲ့ ဆက်စပ်နေတာ နောက်ပိုင်းသိလာကြတယ်။ အဆိုပါ တဆေးမှိုပိုးဟာ အရေပြား အဆီကို စားသုံးရးင် ပိုမိုပေါက်ဖွားလာတယ်။ ပိုးတန်ခိုးနဲ့ ဦးရေပြားက စတင်ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုရာက ဆဲလ်လွှာတွေ တဖြည်းဖြည်းပျက်ဆီးလာပြီး ဆဲလ်သေတွေပိုများလာတယ်။ ဦးရေပြားအဆီနဲ့အပေါ်ယံဆဲလ်သေ ရောစပ်လာတဲ့အခါ အဖြူရောင် ဗောက်ဖတ်လေးတွေ ဖြစ်ပေါ်လာတယ်။ seborrheic dermatitis ကြောင့် ဦးရေပြားက ရောင်နေမယ်။ ရဲနေမယ်။ ယားယံနေမယ်။ အဖြူသို့မဟုတ် အဝါဖတ်လေးတွေ ကပ်ညှိနေတာာရှိတတ်တယ်။ ဝါတာက sebum အဆီထုတ်လုပ်မှု များလို့ဖြစ်တယ်။
အရေပြားခြောက်သွေ့သူတွေဟာလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ပျက်ဆီးကွာကျရာကဖြစ်တယ်။ အရေပြားခြောက်သွေ့ရာက ဖြစ်တဲ့ ဗောက်ဖတ်က အဖြူရောင်သာ ရှိနေမယ်။ ခပ်သေးသေးဖတ်ကလေးတွေ ဦးရေပြား၊ ပခုံးစတဲ့ နေရာတွေမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှုရှိနိုင်ပေမယ့် seborrheic dermatitis လောက် မဆိုးရွားသေးပါ။ နောက်ပြီး ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောက်ထတာရှိနိုင်တယ်။ ဓာတုဓာတ်မတဲ့မှုကြောင့် ဖြစ်တယ်။
ဘယ်လိုပျောက်အောင် ကုမလဲ
ဗောက်ပျောက်အောင် ကုတော့မယ်ဆိုရင် ဖြစ်စေတဲ့အကြောင်းရင်းကို အရင်ကြည့်ရတယ်။ ပထမတခုက အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက် ဆိုးနေသလဲ၊ နောက်ဆုံးအချက်က ဘယ်အကြောင်းရင်းကြောင့် ဖြစ်တာလဲ စတဲ့ အချက်အလက်တွေပေါ် အခြေခံကုမှ ဗောက်ပျောက်မှာ ဖြစ်တယ်။ ဗောက်မှန်သမျှ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး ကုရင်တော့ လက်တွေ့ပျောက်ဖို့ မလွယ်ဘူး။ ဘာ့ကြောင့်လဲ။ ကုသနည်းမမှန်ကန်လို့ပဲ။ တကယ်တမ်း ဖြစ်စေတဲ့အကြောင်းရင်းကို ရှာပြီး ကုမှသာ ဗောက်ပျောက်မှာ ဖြစ်တယ်။
ဗောက်အတွက် အသုံးများတဲ့ ခေါင်းလျှော်ရည် သုံးမျိုးရှိတယ်။ Ketoconazole , selenium sulphide နဲ့ zinc pyrithione ပါတဲ့ ခေါင်းလျှော်ရည်တွေဖြစ်ပါတယ်။ Ketoconazoleက မှိုပိုးနိုင်တဲ့ ဆေးတမျိုးပါ။ လိမ်းဆေး၊သောက်ဆေး၊ ခေါင်းလျှော်ရည် စသည်ဖြင့် ပုံစံအမျိုးမျိုးလာတယ်။ ခေါင်းလျှော်ရည်တမျိုးတည်းနဲ့ မရရင် လိမ်းဆေးထပ်ထည့်ရဦးမယ်။ ဒါမှ မရသေးရင် သောက်ဆေး လိုတယ်။ selenium sulphide က ဦးရေပြား အဆီထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေးဖြစ်တယ်။ ဗောက်အဝါဖတ်တွေပါရင် selenium sulphide ပါတဲ့ခေါင်းလျှော်ရည်က ပိုကောင်းတယ်။ seleniumက အဆီထုတ်လုပ်မှုကို လျှော့ချနိုင်တဲ့ အာနိသင်ရှိတယ်။ ဆာလဖာကတော့ ဗက်တီးရီးယားနဲ့ မှိုပိုးကို သတ်ပေးနိုင်တယ်။ နောက်ထပ်ဆေးတမျိုးကတော့ melassezia တစေးမှိုပိုးကို နိုင်တဲ့ zinc pyrithione ခေါင်းလျှော်ရည်တွေ ဖြစ်ပါတယ်။ သတိပြုရမှာက ဗောက်ပျောက်ခေါင်းလျှော်ရည်တွေသုံးတဲ့အခါ ဦးရေပြားပေါ် အနည်းဆုံး ငါးမိနစ်ထားရမယ်။ ဒါမှသာ ဦးခေါင်း အရေပြားက ဆေးကို ကောင်းကောင်းစုပ်ယူနိုင်မှာဖြစ်တယ်။ ပြီးရင် ခေါင်းလျှော်ပါ။ ခေါင်းလျှော်တဲ့အခါ ဆံသားကို အတင်းပွတ်ဆွဲတာမျိုး မလုပ်သင့်ဘူး။ စက်ဝိုင်းပုံ ခပ်ဖြေးဖြေးသာ ပွတ်လျှော်သင့်တယ်။
ဗောက်ပျောက် ခေါင်းလျှော်ရည်အချို့မှာ coal tar နဲ့ Salicylic acid ပါတာတွေလည်း ရှိပါသေးတယ်။ coal tar ဆိုတာ ကတ္တရာစေးပါတဲ့ ဆိုးဆေးတမျိုးဖြစ်တယ်။ သူ့သဘာဝကိုက မှိုပိုးနိုင်တယ်။ ပြသနာက ဦးခေါင်းမှာ ရေရှည်စွဲမသုံးသင့်ဘူး။ ဆံသားကို ပျက်ဆီးစေနိုင်လို့ပါ။ Salicylic acid ကတော့ အရေပြားဆဲလ်သေတွေကို ကောင်းကောင်း ဖယ်ရှားနိုင်တယ်။ ဆောင်းရာသီလိုကာလမျိုးမှာ Salicylic acid ပါတာမသုံးသင့်ဘူး။ ဗောက်ပိုဆိုးလာတာ တွေ့ရလို့ပါ။ လိမ်းဆေး လိမ်းတဲ့အခါနေ့စဉ်သုံးသင့်တယ်။ သက်သာသွားရင် သုံးတဲ့ အကြိမ်အရေအတွက် ပြန်လျှော့ဖို့ လိုပါတယ်။ ဗောက်ကုရာမှာ ဘယ်ဆေးအစွမ်းဆုံးလည်း ပြောမရပါဘူး။ လူနာပေါ်မူတည်ပြီးကုရတာမျိုးဖြစ်တယ်။
သဘာဝဗောက်ပျောက်နည်း
ဗောက်အတွက် သဘာဝဆေးနည်းနှစ်မျိုးရှိပါတယ်။ လက်ဖက်ဆီ(tea tree oil)နဲ့ လက်ဖက်စိမ်း (green tea ) ကို အသုံးပြုတာဖြစ်တယ်။ လက်ဖက်ဆီထဲမွာ Australian Tea Tree က ရတဲ့ အဆီက သိပ်ကောင်းတယ်။ သဘာဝအားဖြင့်ကို မှိုပိုးနဲ့ ဗကိတီးရီးယားပိုးတွေကို နှိမ်နင်းနိုင်တယ်။ ဝက်ခြံမှာသုံးတဲ့ အမျိုးစားနဲ့တူတယ်။ Tea Tree ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး အရေပြားခြောက်သွေ့တာ၊ ဓာတ်မတဲ့တာရှိနိုင်တယ်။ ဒီလိုဖြစ်ရင် ဆက်မသုံးပါနဲ့။ သို့သော် ရှန်ပူမှာအများစုမှာတော့ လူတိုင်းသုံးစွဲနိုင်အောင် ထုတ်ထားတာမို့ လက်ဖက်ဆီ ပြင်းအား(concentration)ကို သိသိသာသာ လျှော့ချထားပါတယ်။ နောက်ထပ်နည်းတမျိုးက ပိုလီဖီနော ကြွယ်ဝတဲ့ လက်ဖက်စိမ်းပင် အသုံးပြုတာဖြစ်တယ်။ ဂျော်ဂျီယာဆေးကောလိပ်အဆိုအရ လက်ဖက်စိမ်း(green tea)ဟာ ဗောက်အတွက်သာမက ဆိုရီအေးဆစ် ကြေးခွံနာအရေပြားရောဂါအတွက်ပါ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ဗောက်ပျောက်ဖို့က ထင်ထားသလောက် မရိုးရှင်းပါဘူး။ သို့သော် စနစ်တကျကုရင် ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးတော့ ဟုတ်တယ်။ သန့်ရှင်းမှု အားနည်းတယ် ပြေဆိုနေကြတာလည်း ရာနှုန်းပြည့်တော့ မမှန်ဘူး။ နေ့စဉ်ခေါင်းလျှော်ပြီး ဗောက်ပိုထလာတာ မကြာခဏတွေ့ဖူးတယ်။ နောက်ပြီး ဗောက်ပျောက်ခေါင်းလျှော်ရည်တွေအရမ်းကာရော သုံးနေတာလည်း မဟုတ်သေးဘူး။ တချို့ ခေါင်းလျှော်ရည်တွေမှာ စတီးရွိုက်အပြင်းစားတွေ ပါနေတတ်တယ်။ ဒီအချက်တွေကိုတော့ သတိပြုရမယ်။
အကြံပြုချက်
ဗောက်သဘောက ပျောက်သွားတတ်တယ်။ ပျောက်ပြီးရင် ပြန်ပေါ်လာတတ်တယ်။ ကုတဲ့အခါ ဆေးတမျိုးတည်း အမြဲသုံးစွဲခြင်းဟာ ရေရှည်အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ခါလိုက်ပြီး လိုသလိုပြောင်းသုံးရမယ်။ ဘယ်ဆေးသုံးမလဲဆိုတာ ရောဂါတခုချင်းအနေထားပေါ်သာမူတည်တယ်။ ကုတဲ့ဆရာဝန်ကလည်း ဒီအပိုင်းမှာ ကျွမ်းကျင်နေဖို့လိုပါတယ်။ မှိုပိုးတခုတည်းလက်ညှိုးထိုးပြီး မှိုပိုးသတ်ဆေး ထိုင်ပေးနေရုံနဲ့ သက်သာမှာ မဟုတ်ပါ။ နောက် ထည့်သွင်းစဉ်းစားရမှာက အာဟာရဓာတ်ချို့တဲ့မှုပါ။ သွပ်ဓာတ်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် အေ၊ဘီ ဓာတ်တွေလည်း လိုနိုင်သေးတယ်။ အစိုဓာတ်ခမ်းခြောက်ရင် အိုမီဂါသရီးပါတာတွေ ထပ်ထည့်ရဦးမယ်။ ဗောက်ကို သေချာ မကုဘဲထားရင် ဆံပင်ကျွတ်နိုင်တယ်။ ထိပ်ပြောင်နိုင်တယ်။ ကုတ်ပါများရင် ဦးရေပြားပိုးဝင်ပြီး ဆံပင်အကွက်လိုက်ဖြစ်တာမျိုးလည်း ရှိတယ်။ ဆရာဝန်နဲ့သေချာကုဖို့လိုပါတယ်။ နောက်ပြီး မွေးကင်းစကလေးတွေမှာဖြစ်တဲ့ cradle cap ဦးရေပြားရောင်တာကလည်း အသက်(၁)နှစ်အောက် အရွယ် အဖြစ်များတယ်။ ဒါကတော့ seborrheic dermatitis အမျိုးအစားထဲပါတယ်။ မွေးကင်းစအရွယ် ဦးရေပြားမှာ ခပ်ထူထူ ခပ်ကြီးကြီးအဝါဖတ်တွေ အကွက်လိုက်ဖြစ်တာမျိုးပါ။ ပုံမှန်အားဖြင့် ကုသဖို့မလိုဘဲ အသက်(၆)လအတွင်းသူ့ဘာသာ သက်သာနိုင်တယ်။ စိုးရိမ်နေတဲ့မိဘများအနေနဲ့ baby mild shampoos သို့မဟုတ် baby oil ,olive oil ,coconut oil စသည်ဖြင့် ဆီတစ်မျိုးမျိုးကို နေ့စဉ် အသုံးပြုရုံနဲ့လုံလောက်ပါတယ်။
ဗောက်အတွက် အထူးအကြံပြုချက် (၅)ချက်
ဗောက်အတွက် အရေးကြီးတဲ့ အချက်(၅)ချက်ကို သတိပြုလိုက်နာရမယ်။
(၁) တပတ်ကို ၂-၃ကြိမ်ခန့်သာ ခေါင်းလျှော်ပါ။ နေ့စဉ်မလျှော်ပါနဲ့။ ခေါင်းလျှော်နေစဉ် ဦးရေပြားကို အတင်းကုပ်ခြစ်တာမျိုး မလုပ်ရဘူး။ (၂) ခေါင်းလျှော်ပြီးတဲ့အခါ hair gel ေတွ၊ spray ေတွမသုံးပါနဲ့။ အဆီဂလင်းနဲ့ပေါင်းပြီး ဗောက်ကို ပိုဆိုးစေနိုင်တယ်။ အလားတူ ဆိုးဆေးနဲ့ ဆံပင်သန်ဆေးသုံးတဲ့အခါ သတိပြုရမယ်။ (၃) နေ့စဉ်ခေါင်းဖီးသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဦးရေပြားက ထွက်လာတဲ့ ဆဲလ်သေတွေ ဖယ်ရှားပစ်ဖို့ ဖြစ်တယ်။ (၄) စိတ်ဖိစီးမှုကလည်း ဗောက်ပိုထစေတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု လျှော့ကျအောင် လုပ်သင့်တယ်။ နေ့စဥ အိပ်ရေးဝအောင်အိပ်ပါ။ (၅) ဗောက်ထသူတွေအနေနဲ့ နေရောင်ခြည်နဲ့ မသိမသာထိတွေ့ ပေးသင့်တယ်။ ခရမ်းလွန်ရောင်ခြည်မှာပါတဲ့ UVA အမျိုးအစားက ဗောက်ကိုသက်သာစေတယ်။ အပြင်ထွက်တ်ုင်း ဦးထုပ်အမြဲဆောင်းတာ ပုံမှန်အားဖြင့် မကောင်းဘူး။ ထွက်တဲ့ချွေးအစိုဓာတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးလို့ဖြစ်တယ်။
ဒေါက်တာ အေးမင်းထူး
(အရေပြားအထူးကု ဆရာဝန်)
Note: If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews