Chilblain ဆောင်းကိုက်နာ
Chilblain (Pernio) ဆိုတာ အအေးဒဏ်ကြောင့် သွေးကြောငယ်လေးတွေ ရောင်ရမ်းပြီး ခြေချောင်း၊ လက်ချောင်းထိပ်တွေ နီရဲယားယံတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ ဆောင်းတွင်း အအေးဓာတ်လွန်ကဲတဲ့ကာလတွေမှာ အဖြစ်များလေ့ရှိပါတယ်။ သွေးကြောတွေ ရုတ်တရက်ကြုံ့သွားရာက ဖြစ်တဲ့အရေပြားလက္ခဏာတစ်ခုဖြစ်တယ်။
ဆောင်းကိုက်နာဟာ ဆောင်းတွင်းအအေးဓာတ်ကြောင့် သွေးလှည့်ပတ်မှု အားမကောင်းတဲ့အခါ အဖြစ်များတယ်။ ပြင်းထန်တဲ့ အအေးဒဏ်သက်ရောက်ခြင်းကြောင့် လက်၊ခြေချောင်းမှာရှိတဲ့ သွေးကြောငယ်တွေ ရုတ်တရက်ကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု နည်းသွားတဲ့အခါ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်တောက်ပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို တပြိုင်နက်ဖြစ်ပေါ်လာစေတယ်။
ဒီလက္ခဏာတွေဟာ သွေးလှည့်ပတ်မှု အားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ဆောင်းရာသီမှာ အဖြစ်များတယ်။ ကိုယ်ခံအားစနစ် ပြဿနာတွေကြောင့်လည်းဖြစ်နိုင်တယ်။
ဆောင်းကိုက်နာဟာ ခြေချောင်း၊ လက်ချောင်း၊ နားရွက်၊ နှာခေါင်း၊ ခြေဖနောင့်စတဲ့နေရာတွေမှာ အဖြစ်များတယ်။အဆိုပါနေရာတွေမှာ အရေပြားဟာ ခရမ်းရောင်၊ပန်းရောင်သမ်းပြီး ရောင်ရမ်းနေတတ်တယ်။ ဒါ့ပြင် ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်းတွေ ခံစားရတယ်။ တခါတရံ အရေပြားက ပူစပ်ပူလောင်ဖြစ်တာ၊ အရည်ကြည်ဖုထွက်တာ၊ အရေပြားကွဲအက်တာတွေ ဆက်ဖြစ်နိုင်တယ်။
ကုသနည်း
ဆောင်းကိုက်နာဖြစ်တဲ့အခါခြေချောင်း၊ လက်ချောင်းတွေကို ဖြည်းဖြည်းချင်း ပြန်နွေးအောင် ပြုလုပ်သင့်တယ်။ ရောင်ရမ်းနေတဲ့ ခြေချောင်းလက်ချောင်း အရေပြားကို ပွတ်သပ်ကိုင်တွယ်တာမလုပ်ပါနဲ့။ လက္ခဏာတွေခံစားရတဲ့အခါHydrocortisone 1% စတီးရွိိုက်လိမ်းဆေးတွေကို တစ်နေ့ ၂-၃ ကြိမ်ပေးနိုင်တယ်။ ပြင်းထန်တဲ့ ရောင်ရမ်းနာကျင်မှုအတွက် Prednisolone သောက်ဆေးတွေ ပေးရတတ်တယ်။ သွေးကြောကျယ်စေတဲ့ Nifedipine 20mg ၂-၃ကြိမ် သောက်နိုင်တယ်။ တခါတရံ pentoxifylline 400 mg တရက်သုံးကြိမ်ပေးလို့ရတယ်။ရောဂါကာကွယ်ဖို့ 10% nifedipine လိမ်းဆေးတွေ ကြိုလိမ်းထားလို့ရတယ်။ အယားသက်သာအောင် Antihistamines ဆေးဝါးတွေ ပေးနိုင်တယ်။ တခါတရံ Calamine lotion လိမ်းဆေးတွေကယားယံမှုသက်သာစေတယ်။
ရှောင်ကြဉ်ရမည့် အချက်များ
· ရေခဲတိုက်ရိုက်ကပ်ခြင်း
· ရေနွေးပူ တိုက်ရိုက်ကပ်ခြင်း
· အရေပြားကို ကုတ်ခြစ်ခြင်း
ကာကွယ်နည်း
· အေးတဲ့ရာသီမှာ လက်အိတ်၊ ခြေအိတ်ဝတ်ဆင်ပါ။
· ခြေထောက်နဲ့ လက်တွေကို ခြောက်သွေ့အောင်ထားပါ။
· အပူချိန် ရုတ်တရက်ပြောင်းလဲမှုကို ရှောင်ကြဉ်ပါ။
· ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews