2 Nov, 2021 | No Comments
Erythema infectiosum
Erythema infectiosum ကလေးဗိုင်းရပ်စ် အနီကွက်
Erythema infectiosum ဆိုတာ parvovirus B19 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အနီစက်ကွက်တွေဖြစ်ပါတယ်။ အဖြစ်များဆုံး ကလေးဗိုင်းရပ်စ် အနီကွက် ရောဂါ(၆) မျိုးထဲမှာ ၅ခုမြောက် ရော ဂါဖြစ်ပါတယ်။ ဒါ့ကြောင့် fifth disease (ငါးခုမြောက် ကလေးအနီစက်ရောဂါ)လည်းခေါ်ပါတယ်။ ကျောင်းနေအရွယ် အသက် ၅-၁၅နှစ်အတွင်း ကလေးတွေမှာ အများဆုံးတွေ့ရပါတယ်။ တခါဖြစ်ပြီး ထပ်ဖြစ်တာမျိုး ရှားပါတယ်။ ခုခံအားစနစ်က ဒီဗိုင်းရပ်စ်ပိုးကို အနာဂတ်မှာ ခုခံသွားနိုင်လို့ ဖြစ်ပါတယ်။
parvovirus B19 ဗိုင်းရပ်စ်ဟာ လေထဲက ပျံ့နှံ့ပါတယ်။ ချောင်းဆိုးတာ၊နှာချေတာနဲ့ အသက်ရှုလမ်းကြောင်းကထွက်တဲ့ အကျိအချွဲတွေကနေ ကူးစက်တတ်တယ်။ ရောဂါဖြစ်စမှာ တယောက်နဲ့ တယောက် ကူးစက်လွယ်တယ်။ ဗိုင်းရပ်စ်ဝင်တာဖြစ်လို့ ဖျားတာ၊ နုံးချိတာ၊ နှာရည်ယို၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ပျို့ချင်အန်ချင်၊ ဝမ်းလျှောတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက အနီကွက်မဖြစ်ခင် ရက်ပိုင်းအလိုမှာဖြစ်တတ်ပြီး ရောဂါပိုးပျံ့ပွားလွယ်တယ်။ ကလေးတွေမှာ ဖြစ်ရင် ပါးပြင်ရဲတက်နေတတ်တယ်။ slapped cheek (ပါးပြင်အရိုက်ခံထားရတာ)နဲ့ ဆင်တူတယ်။ ပြီးရင် erythema infectiosum ခေါ်တဲ့ အနီကွက်တွေ ထလာပါတယ်။ အနီကွက်တွေက လက်စွပ်ပုံကွင်းတွေဖြစ်ပြီး အလယ်က အရောင်ဖျော့နေတတ်တယ်။ ပေါင်၊တင်ပါး၊လက်၊ဗိုက် စတဲ့နေရာမှာ အဖြစ်များတယ်။ အနီစက်၊အနီကွက်တွေဖြစ်ပြီးတဲ့အခါ ရောဂါကူးစက်နိုင်ချေနည်းသွားပါတယ်။ အနီကွက်ဖြစ်ပြီး ၅-၁၀ရက်အတွင်း သူ့ဘာသာပျောက်ကင်းနိုင်တယ်။ လူကြီးတွေမှာဖြစ်ရင် အဆစ်အမြစ်ရောင်တတ်တယ်။
ဘယ်လိုသိနိုင်လဲ
သွေးစစ်ပြီး သိနိုင်ပါတယ်။ PCR နည်းနဲ့ ဗိုင်းရပ်စ် ဒီအင်အေ (virus DNA)ကို စစ်လို့ရတယ်။ IgM တက်နေရင် တစ်ပတ်အတွင်းရောဂါဝင်ရောက်ထားပြီး IgG ရှိရင် အရင်က ရောဂါကူးစက်ခံဖူးတယ်ဆိုတာ သိနိုင်တယ်။ IgM ကော IgG ကော ရှိနေရင် ရောဂါကူးစက်ခံထားရပြီး (၃)လအတွင်းဆိုတာ သိနိုင်တယ်။
ကုသခြင်း
ရောဂါအများစုက တစ်ပတ်အတွင်း သူ့ဘာသာပျောက်ကင်းနိုင်ပါတယ်။ အဖျားတက်ရင် အဖျားကျဆေးပေးဖို့လိုပါတယ်။ ရေများများသောက်တာ၊ အရည်ဖြည့်တင်းပေးတာမျိုးလုပ်နိုင်တယ်။ သွေးဥမွှားနည်းတာ၊ သွေးအားနည်းတာမျိုး ရှိရင် သွေးသွင်းရနိုင်ပါတယ်။ ခုခံအားအလွန်အကျွံကျဆင်းလာရင် immunoglobulin ထိုးဆေးတွေ လိုအပ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ရှေ့ပိုင်းလတွေမှာဖြစ်ရင် ကလေးပျက်ကျတာဖြစ်နိုင်တယ်။ တခါတရံ မွေးလာတဲ့ကလေးမှာ သွေးအားနည်းတတ်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အထူးဂရုစိုက်သင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews