18 Nov, 2024 | No Comments
Koilonychia
Koilonychia (ဇွန်းပုံစံ လက်သည်း)
ပုံမှန်လက်သည်းတွေဟာ ခပ်ဖောင်းဖောင်းရှိပေမယ့် Koilonychia ဆိုတာ ဇွန်းပုံစံ ချိုင့်ဝင်နေတဲ့ လက်သည်း၊ခြေသည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းတွေဟာ ပုံမှန်အားဖြင့် ထူထပ်နေပေမယ့် Koilonychia မှာတော့ လက်သည်းလွှာ ပါးပြီး လက်သည်းတွေဟာ အတွင်းဖက်မျက်နှာပြင်မှာ ချိုင့်ဝင်နေတတ်ပါတယ်။ ဂရိဘာသာစကားက ဆင်းသက်လာပြီး koilos ဆိုတာ ချိုင့်ဝင်တာ၊ချောင်ကျတာကို ဆိုလိုပြီး onikh(အိုးနစ်)ဆိုတာ လက်သည်း၊ခြေသည်းကို ကိုယ်စားပြုပါတယ်။
Koilonychiaဟာ များသောအားဖြင့် အာဟာရဓာတ်၊ သတ္တုဓာတ်ချို့တဲ့တာနဲ့ သက်ဆိုင်တတ်ပါတယ်။ သံဓာတ်၊ ဗီတာမင် ဘီအုပ်စုဝင်တွေအပြင် ပရိုတင်း စတဲ့ဓာတ်တွေ ချို့တဲ့မှုကြောင့် ဖြစ်နိုင်တယ်။ လက်သည်းဆိုးဆေးနဲ့ထိတွေ့မှုများသူတွေမှာ ဖြစ်တတ်တယ်။ တခါတရံ ခန္ဓာကိုယ်တွင်းရောဂါတွေကြောင့်လည်း ဒီလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။ သန်ကောင်၊ haemochromatosis၊ lupus (ခုခံအားရောဂါ)၊ သွေးလျှောက်အားနည်းတာနဲ့ သွေးပျစ်ရောဂါ အခံရှိသူတွေမှာ ဖြစ်နိုင်ပါတယ်။ hemochromatosis ဆိုတာ မျိုးဗီဇအသည်းရောဂါတစ်မျိုးဖြစ်ပြီး သံဓာတ်တွေပုံမှန်ထက်စုပ်ယူရာက ပျက်စီးတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းချို့တဲ့တဲ့အခါလည်း တွေ့ရတတ်တယ်။ ကလေးငယ်တွေမှာ တွေ့ရှိရတတ်ပေမယ့် အရွယ်နည်းနည်းရလာတဲ့အခါ ပျောက်သွားတတ်ပါတယ်။
ပုံမှန်အားဖြင့် ဇွန်းပုံစံ လက်သည်း (Koilonychia)ဖြစ်တဲ့အခါ နောက်ခံအကြောင်းရင်းကို ရှာဖွေကုသရပါတယ်။ ဥပမာ သိုင်းရွိုက်ချို့တဲ့ရင် သိုင်းရွိုက်ဟော်မုန်း ဖြည့်တင်းရပြီး သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်ရင် သံဓာတ်ဖြည့်တင်းရတယ်။ ယောကျာ်းတွေမှာ နေ့စဉ် 8mg၊ အမျိုးသမီးတွေမှာ 18mg လိုအပ်ပါတယ်။ အာဟာရချို့တဲ့မှုကို ကုသတဲ့အခါ ပုံမှန်ထက်ဆေးပမာဏပိုပေးရပါတယ်။ သံဓာတ်သီးသန့် (elemental iron)ကို 150-200 mg ထိ ၁-၃လထိ နေ့စဉ်ပေးဖို့လိုအပ်ပါတယ်။ နောက်တစ်ပိုင်းက အစားအသောက်ရွေးချယ်မှု ဖြစ်ပါတယ်။ အသီးအရွက်တွေက သံဓာတ်ရရှိနိုင်ပေမယ့် အသည်း၊အမြစ်၊ကလီစာတွေစားသုံးတာလောက်တော့ စုပ်ယူမှုအားမကောင်းပါဘူး။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေဟာ ပုံမှန်ထက် ၂ဆလောက် စားသုံးပေးဖို့ လိုပါတယ်။ နားလည်ရမှာက ဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ပြဿနာတွေဟာ အချ်ိန်ယူပြီးမှ သက်သာနိုင်ပါတယ်။ ဥပမာ လက်သည်းလိုနေရာမျိုးမှ ဖြစ်ရင် ပြန်ကောင်းဖို့ အချိန် ၆လလောက် လိုအပ်ပြီး ခြေသည်းတွေမှာ ၁နှစ်လောက်နေမှ သက်သာလာတာတွေ့ရပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.