Open 9:00-12:00 AM
+95 92051590

Candidiasis

2 Nov, 2021 | No Comments

Candidiasis

Candidiasis တဆေးမှိုဝင်ခြင်း

Candidiasis ဆိုတာက Candida တဆေးမှိုမျိုးစိတ်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ Candida albicans မှိုပိုးကြောင့် အဓိကဖြစ်စေတယ်။ ဒီမှိုပိုးဟာ ပုံမှန်အားဖြင့် ပါးစပ်၊ အူလမ်းကြောင်းနဲ့ အရေပြားပေါ်မှာ သဘာဝအတိုင်း ရှိနေတတ်ပါတယ်။ ဒီမှိုပိုးတွေ ပုံမှန်ထက် လွန်ကဲစွာ ပွားများလာတဲ့အခါ ရောဂါလက္ခဏာတွေ စတင်ပေါ်လာပါတယ်။

ဘာကြောင့် ပွားများလာသလဲ

  · ပဋိဇီဝဆေးဝါးတွေ (Antibiotics) ကြာရှည်သောက်သုံးခြင်း

  · ကိုယ်ခံအားကျဆင်းခြင်း (HIV/AIDS, ကင်ဆာ, ဆီးချိုရောဂါ)

  · ဟော်မုန်းပြောင်းလဲခြင်း (ကိုယ်ဝန်ဆောင်ခြင်း, သန္ဓေတားဆေးသုံးစွဲခြင်း)

  · စိုထိုင်းသော ပတ်ဝန်းကျင် (ချိုင်း၊ပေါင်ခြံ)

Candidiasis အမျိုးအစားများ

—————————-

၁။ Oral Candidiasis (မှတ်ခရု)

Oral Candidiasis ကို မှတ်ခရုလို့လည်း ခေါ်တယ်။ Candida ပိုးဟာ လျှာ၊ ပါးစောင်၊ အာခေါင် စတဲ့နေရာတွေမှာ ကူးစက်တဲ့အခါ အဖြူရောင် အနာတွေ ပေါ်လာပါတယ်။ အနာကို ခြစ်လိုက်ရင် အောက်အရေပြားဟာ နီရဲပြီး ရောင်ရမ်းနေတတ်တယ်။ မှတ်ခရုဖြစ်တဲ့အခါ အစာမျိုရခက်ခြင်း၊ နာကျင်ခြင်းမျိုး ရှိတတ်တယ်။

၂။ Vaginal Candidiasis (မွေးလမ်းကြောင်းမှိုဝင်ခြင်း)

မွေးလမ်းကြောင်းမှာ အဖြူရောင် ဒိန်ချဉ်ဖတ်တွေကပ်နေရင် Vaginal Candidiasis (မွေးလမ်းကြောင်းမှိုဝင်ခြင်း)ခေါ်ပါတယ်။ Candida အမျိုးအစားကြောင့် ဖြစ်တယ်။ အနံ့မရှိတဲ့ ဖြူဖြူအရည်တွေ ဆင်းနေတတ်တယ်။ ယားယံတာမျိုး ရှိနိုင်တယ်။ မွေးလမ်းကြောင်း နီရဲပြီး ရောင်ရမ်းနေတတ်တယ်။ ဆီးသွားတဲ့အခါ ဆီးပူ၊ဆီးအောင့် ရှိနိုင်တယ်။ 

၃။ Cutaneous Candidiasis

အရေပြားမှိုပိုးဝင်တဲ့အခါ အရေပြားက အနီကွက်ထပြီး ယားယံနေတတ်တယ်။ အရေပြားခွံလန်တာမျိုး တွေ့ရတယ်။ ချိုင်း၊ ပေါင်ခြံ၊ ရင်သားအောက် စတဲ့ အရေပြားတွဲကျနေတဲ့ နေရာတွေမှာ အဖြစ်များတယ်။

၄။ Invasive Candidiasis

ခန္ဓာကိုယ်အတွင်းပိုင်း တဆေးမှိုပိုးဝင်ခြင်းဟာ အပြင်းထန်ဆုံး အမျိုးအစားဖြစ်ပြီး အသက်အန္တရာယ်ရှိပါတယ်။လက္ခဏာတွေက ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊သွေးပေါင်ချိန်ကျဆင်းခြင်းစတဲ့ လက္ခဏာရပ်တွေ ရှိတတ်တယ်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ

· ဆီးချိုရောဂါ ရှိသူ

· ပဋိဇီဝဆေးများ ကြာရှည်သောက်သုံးနေရသူ

· ကိုယ်ခံအားကျဆင်းနေသူ (HIV/AIDS, ကင်ဆာ)

· ဟော်မုန်းအပြောင်းအလဲများသူ (ကိုယ်ဝန်ဆောင်မိခင်)

· စတီးရွိုက်ဆေး သောက်သုံးနေရသူများ

ကုသနည်း

ရောဂါအမျိုးအစားပေါ် မူတည်ပြီး ကုသနည်းအမျိုးမျိုး ရှိပါတယ်။ လိမ်းဆေးတွေထဲမှာ Clotrimazole Cream, Miconazole Cream, Nystatin Cream or Powder တွေ အသုံးပြုနိုင်တယ်။ မှိုပိုးရှိတဲ့နေရာကို တစ်နေ့ ၂-၃ ကြိမ်ထိ လိမ်းပေးရတယ်။ သောက်ဆေးတွေထဲမှာ Fluconazole, Itraconazole တွေ အသုံးများတယ်။ Nystatin Suspension က မှတ်ခရု (ပါးစပ်နဲ့လည်ချောင်း မှိုပိုး)အတွက် အသုံးဝင်တယ်။ မွေးလမ်းကြောင်းမှိုပိုးဝင်တာအတွက်

မွေးလမ်းကြောင်းထည့်ဆေး (Vaginal Suppositories)တွေ ပေးနိုင်တယ်။ Clotrimazole သို့မဟုတ် Miconazole ပါဝင်တဲ့ဆေးတွေ မွေးလမ်းကြောင်းထဲ ထည့်ပေးနိုင်တယ်။ မှိုပိုးကူးစက်မှုက ပြင်းထန်ပြီး ကိုယ်တွင်းအင်္ဂါထိ ဝင်ရောက်တဲ့အခါ Fluconazole၊ Amphotericin B စတဲ့ ထိုးဆေး(Intravenous Antifungals)တွေ အသုံးပြုရပါတယ်။

အကြံပြုချက်

ချိုင်း၊ ပေါင်ခြံ စတဲ့နေရာတွေကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ချောင်ချိသော ချည်သားအဝတ်အစားများ ကို ဝတ်ဆင်ပါ။ ဆီးချိုရောဂါ ရှိရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပါ။ ပရိုဘိုင်အိုတစ် (Probiotic) ပါဝင်သော အစားအစာ (ဥပမာ ဒိန်ချဉ်) စားသုံးပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews