Cutaneous myiasis အသားစားလောက်ကောင် အနာ
Cutaneous Myiasis (လောက်ကောင် အနာ)ဆိုတာ ဖြုတ်ယင်ကောင်က တဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူ့အရေပြားတွင်း ဥဥခြင်း (သို့မဟုတ်) ဥကတဆင့် ပေါက်ဖွားလာတဲ့ ပိုးလောက်ကောင်များ (larvae/maggots) အရေပြားတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာစေတယ်။ ဒီလောက်ကောင်လေးတွေဟာ အရေပြားအောက် နေထိုင်ကျက်စားပြီး လူ့တစ်ရှူးတွေကို စားသောက်ရင်း ကြီးထွားလာကြတယ်။
ရောဂါဖြစ်ပွားပုံ
ယင်ကြီးမျိုးနွယ်ဝင် ယင်ကောင် (Botfly, Warble fly, Tumbu fly) နဲ့ အသေကောင်စား ယင်ကောင် (Flesh flies)တွေကနေ ကူးစက်တယ်။ ယင်ကောင်ကြီးက အရေပြားအနာ၊အပေါက်တွေထဲ တိုက်ရိုက်လာဥဥခြင်း (direct contact)ကြောင့် ကူးစက်နိုင်တယ်။ ယင်ကောင်ဥတွယ်ကပ်နေတဲ့ ခြင်၊ မှတ် ပိုးမွှားတွေ ကိုက်ခံရခြင်းကြောင့် ဥကအရေပြားတွင်းဝင်ရောက်ပြီး သွယ်ဝိုက်ကူးစက်နိုင်တယ်။ တခါတရံ ယင်ကောင်ဟာ အနာပေါ်မှာရှိတဲ့ သွေးခြောက်၊ ပြည်တွေပေါ် ဥပါတယ်။ ဥကနေပေါက်လာတဲ့ ပိုးလောက်ကောင်လေးတွေက အနာထဲကို ဝင်သွားပါတယ်။
စစချင်း အကောင်ကိုက်ခံရသလို နီရဲတဲအဖုလေးတွေ စတင်ဖြစ်ပေါ်လာတယ်။ ရောဂါကူးစက်ခံရတဲ့နေရာမှာ ယားယံတဲ့ အင်ပြင်ကွက် (သို့) အနီစက်ထတာမျိုး ဖြစ်ပေါ်လာတယ်။ တခါတရံပူစပ်ပူလောင်ခံစားရတယ်။ ပြီးရင် ပြည်တည်နာ အနာစိမ်း(boil) အဖြစ် ပြောင်းလဲလာပြီး နာကျင်ကိုက်ခဲလာတယ်။ အရေပြားအောက်မှာ ပိုးကောင်တက်ကြွလှုပ်ရှားနေသလို ခံစားရတတ်တယ်။အနာရဲ့အလယ်ဗဟိုမှာ အသက်ရှူပေါက်လေး (punctum) ရှိနေတတ်ပါတယ်။ ဒီအပေါက်ကတဆင့် သွေး နဲ့ တစ်ရှူးအရည်တွေ ယိုစိမ့်ထွက်နေတတ်ပါတယ်။ အနာပေါက်ထွက်တဲ့အခါ လောက်ကောင်လေးတွေ လှုပ်ရှားပြီး အပေါက်က ထွက်ပေါ်လာတာ မြင်ရတတ်ပါတယ်။
Myiasis အနာ အမျိုးအစားများ
· Furuncular Myiasis ဟာ အရေပြားအတွင်းပိုင်း ပြည်တည်နာအဖုအကျိတ်လို ဖြစ်နေတတ်ပါတယ်။
· Migratory Myiasis – လောက်ကောင်က အရေပြားအောက်မှာ တစ်နေ့ကို စင်တီမီတာ ၁-၃၀ အထိ ရွေ့လျားနေတတ်ပြီး၊ အနီရောင်အစင်းကြောင်းဆန်ဆန် မြင်ရတတ်ပါတယ်။
· Wound Myiasis – နဂိုအနာထဲက လောက်ကောင်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကုသမှုနည်း
ပိုးလောက်ကောင်တွေဟာ အသက်ရှူဖို့ အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါကြောင့် အနာပေါက်ကို Petroleum jelly၊ အဆီ၊ ဖက်ရွက်၊ ပလာစတာကပ်ခွာ စတာတွေနဲ့ ပိတ်ထားပေးရင် အောက်ဆီဂျင်မရ(Suffocation)ဘဲ ပိုးလောက်ကောင်တွေ သေပြီး မျောကျလာတတ်ပါတယ်။ လိုအပ်ရင် ဆရာဝန်က အနာပေါက်ကို ချဲ့ပြီး အတတ်နိုင်ဆုံး ပိုးလောက်ကောင်အားလုံးကို ထုတ်ပစ်ရတတ်ပါတယ်။ ပိုးလောက်ကောင်ကို အပြည့်အစုံ မထုတ်မိရင် ရောင်ရမ်းမှုကဆက်လက်ဖြစ်ပေါ်နိုင်တယ်။ ပိုးလောက်ကောင်အားလုံး ထုတ်ပြီးတဲ့နောက် အနာကို သန့်စင်ဆေးကြောပြီး ပိုးသတ်ဆေး (Antibiotic ointment) လိမ်းပေးရပါတယ်။ ဘက်တီးရီးယားပိုးထပ်မံဝင်ရောက်လာရင် ပဋိဇီဝသောက်ဆေး (Antibiotics) ပေးလေ့ရှိပါတယ်။ Ivermectin သောက်ဆေးဟာ လောက်ကောင်တွေကို သေစေနိုင်လို့ ပြင်းထန်သော ရောဂါတွေမှာ အသုံးပြုရတယ်။
ကာကွယ်နည်း
အနာတစ်ခုခုရှိရင် အနာကို သန့်ရှင်းခြောက်သွေ့အောင်ထားပြီး ပိုးသတ်ထားတဲ့ ပလာစတာနဲ့ လုံအောင်ကပ်ထားပါ။ အောက်ခံအဝတ်အစားတွေကို လေကောင်းလေသန့်ရှိတဲ့ နေပူပူမှာ အခြောက်ခံလှန်းပါ။ခြင်ထောင်နဲ့ အိပ်ပါ။ အသားခြောက်၊ ငါးခြောက်များကို ယင်ကောင်မလာနိုင်တဲ့ နေရာမှာသိမ်းဆည်းပါ။ ရောဂါအနာဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ စနစ်တကျပြသပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews