Scabies ဝဲပေါက်ခြင်း
Scabies (ဝဲရောဂါ) ဟာ Sarcoptes scabiei ခေါ်တဲ့ ကပ်ပါးပိုး ကမျဉ်းကောင် (mite) တစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကပ်ပါးပိုးဆိုတာ သူတပါး ခန္ဓာကိုယ်ပေါ် ကပ်ရပ်စားသောက်မှ အသက်ရှင်နိုင်လို့ ကပ်ပါးကောင်အမျိုးအစားထဲ ပါသွားတယ်။ ဒီအကောင်လေးတွေဟာ လူ့အရေပြားထဲမှာ လှိုဏ်ခေါင်းတူးနေပြီး ဥဥကာ နေထိုင်တဲ့အတွက် ပြင်းထန်စွာ ယားယံမှု ကို ဖြစ်စေပါတယ်။ဒါ့ကြောင့် ဝဲယားနာလို့လည်းခေါ်ပါတယ်။
Scabies (ဝဲရောဂါ)ဟာ လက်တင်ဘာသာ “scabere” က ဆင်းသက်လာပြီး “ကုတ်ခြစ်ခြင်း” ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ scabies နာမည်ကို အီတလီသမားတော်ကြီး ဆဲလ်ဆက်(celsus)က စတင် ခေါ်ဝေါ်ခဲ့ပါတယ်။ ဝဲရောဂါပိုးဟာ ဘီစီ ၄၉၄ ခန့်ကတည်းက ရှိခဲ့တယ်ဆိုတာ တွေ့ရှိရတယ်။ အီတလီ ဇီဝပညာရှင် Diacinto Cestoni(1637-1718)က ဝဲရောဂါဟာ miteခေါ်တဲ့ အကောင်ငယ်လေးတွေကြောင့် ဖြစ်ကြောင်း စတင် ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဝဲရောဂါဟာ အဖြစ်အများဆုံးအရေပြားရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် လူသန်း၃၀၀ လောက် ကူးစက်ခံနေရပါတယ်။ ဖွံ့ဖြိုးမှု အနည်းဆုံးဆိုတဲ့ နိုင်ငံတွေမှာတော့ အတွေ့ရအများဆုံး ဖြစ်ပါတယ်။
ဝဲရောဂါဟာ အလွန်ကူးစက်လွယ်ပြီး အရေပြားချင်း ထိတွေ့မှုကနေ အဓိက ကူးစက်တယ်။
လက်ကိုင်ပဝါ၊ အိပ်ရာခင်း၊ အဝတ်အစားတွေ မျှဝေသုံးစွဲခြင်းကနေတစ်ဆင့် ကူးစက်နိုင်တယ်။
တကိုယ်ရည်သန့်ရှင်းရေးအားနည်းသူများလည်း အဖြစ်များတယ်။ တိရိစ္ဆာန်ကတဆင့် ကူးစက်နိုင်ပေမယ့် အနည်းငယ် ယားယံတာ၊ အဖုထွက်တာလောက်ဖြစ်ပြီး သူ့ဘာသာ ပျောက်ကင်းသွားပါတယ်။
ဝဲရောဂါပထမဆုံး ကူးစက်ခံရရင် လက္ခဏာပေါ်ဖို့ ၂ ပတ်မှ ၆ ပတ် အထိ ကြာတတ်ပါတယ်။ ဒုတိယအကြိမ် ကူးစက်ခံရရင်တော့ ၁ ရက်မှ ၄ ရက် အတွင်း လက္ခဏာ ပြန်ပေါ်တတ်ပါတယ်။
အဓိကလက္ခဏာတွေက အနီရောင် အဖုသေးသေးလေးတွေ ပေါ်ပေါက်ပြီး မခံမရပ်နိုင်အောင်ပြင်းထန်စွာ ယားယံတတ်တယ်။ ညဘက်မှာ ပိုဆိုး တတ်တယ်။
တခါတရံ ခြင်ကိုက်တာ၊ ကြမ်းပိုးကိုက်တာ တို့နဲ့ မှားတတ်ပါတယ်။ ရေချိုးခြင်း၊ အပူထိတွေ့ခြင်းက ယားယံမှု ပိုဆိုးနိုင်ပါတယ်။ ဒီအကောင်လေးတွေ အရေပြားအောက် အပေါက်ကတဆင့် တူးမြောင်း(Burrows) ဖော်ပြီး သွားတဲ့ လမ်းကြောင်းတလျှောက် အစင်းကြောင်းလေးတွေအဖြစ် မြင်ရတတ်တယ်။ ယားယံခြင်းဟာ ဝဲပိုးကောင်တွေ အရေပြားထဲမှာ မြောင်းဖောက်သွားလာခြင်းကြောင့် ဖြစ်ပါတယ်။
ဝဲယားနာဟာ လက်ချောင်းကြား၊ လက်ကောက်ဝတ်၊ ချိုင်း၊ တံတောင်ဆစ်၊ ဝမ်းဗိုက်၊ ပေါင်ခြံ နဲ့ အမျိုးသား လိင်အင်္ဂါတွေမှာ အဖြစ်များတယ်။ ကလေးငယ်တွေမှာ ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ၊ ခြေဖဝါး၊ လက်ဖဝါး စတဲ့နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။
ဝဲယားနာ အမျိုးအစားခွဲခြားခြင်း
ဝဲရောဂါမှာ ဝဲစို၊ ဝဲခြောက် နှစ်မျိုးရှိတယ်။ အဖြစ်များတာ ဝဲခြောက်ပါ။ အကုတ်များတဲ့အခါ ထပ်ဆင့်ပိုးဝင်လာပြီး အရည်တစိုစို၊ပြည်တစိုစိုနဲ့ဆိုရင်တော့ ဝဲအစိုလို့ခေါ်ကြပါတယ်။ ခုခံအားကျဆင်းသူနဲ့ အာဟာရချို့တဲ့သူတွေမှာ အလွန်ပြင်းထန်တဲ့ ချပ်ပြင်ဝဲခြောက်(rusted scabies) ဖြစ်တတ်ပါတယ်။ အရေပြား ခြောက်သွေ့ယားယံပြီး အချပ်လိုက်ကွာကျတတ်ပါတယ်။ အရင်က norwagian scabies လို့လည်း ခေါ်ခဲ့ကြပါတယ်။
မြန်မာအယူအဆမှာ ကြားသုံးကြား မဝင်ကောင်းဖူး ဆိုပေမယ့် ဝဲကောင်လေးတွေက ရှိသမျှကြားအကုန်ဝင်ပါတယ်။ဝဲတွေကိုအများအားဖြင့် လက်ချောင်း ခြေချောင်းတွေကြား၊ တံတောင်ဆစ်၊ ချိုင်း၊ပေါင်ခြံ၊ ဒူးခေါက်ကွေးကြားတွေမှာ အတွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ရင်သားအဝိုက်မှာလည်း တွေ့ရပါတယ်။ဒီလို နေရာတွေမှာ သေးငယ်တဲ့ အနီစက်အဖုငယ်လေးတွေ ပေါက်ရင် ဝဲဖြစ်နိုင်ပါတယ်။ဝဲတွေဟာ တွန့်နေတဲ့ အရေပြားကြားတွေ၊ မြင့်မားတဲ့ အပူချိန်တွေကို ကြိုက်နှစ်သက်ပါတယ်။
ကုသနည်း
Scabies ဖြစ်တဲ့အခါ ဝဲယားနာပျောက်ဆေးတွေ အဓိကလိမ်းရတယ်။ အဓိကအားဖြင့် Permethrin 5% Cream လိမ်းဆေးကို အသုံးများတယ်။ ခန္ဓာကိုယ်တစ်ခုလုံး လိမ်းပြီး ၈-၁၄ နာရီကြာထားပြီး ရေပြန်ချိုးရပါတယ်။ တစ်ပတ်ကြာရင် ဒုတိယအကြိမ် ဆေးထပ်လိမ်းဖို့ လိုအပ်တတ်တယ်။ အရင်ခေတ်က Benzyl Benzoate Lotion တွေကို အသုံးပြုခဲ့ပေမယ့် ဒီဆေးက အရေပြားကို စပ်တတ်တယ်။ 1%lindane, 10%crotamiton စတဲ့ လိမ်းဆေးတွေလည်း ရှိတယ်။ Sulfur Ointment တွေကို ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေမှာ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ သောက်ဆေးထဲမှာ Ivermectin ဆေးကို သောက်သုံးနိုင်တယ်။ ပြင်းထန်တဲ့ ဝဲယားနာ၊ လိမ်းဆေးနဲ့မသက်သာသူတွေမှာ သောက်ဆေးကို အဓိကအသုံးပြုကြပါတယ်။
အကြုံပြုချက်
ဆေးကုသတဲ့အခါ အိမ်ထောင်စုဝင်အားလုံး ကုသမှုခံယူသင့်တယ်။ လက္ခဏာမပြလည်း
ကုသမှုခံယူသင့်တယ်။ အဝတ်အစား၊ အိပ်ရာခင်း၊ လက်ကိုင်ပဝါ၊ သုံးစွဲခဲ့တဲ့ အဝတ်အစားအားလုံးကို ရေပူပူနဲ့ ဆေးကြောပြီး အခြောက်ခံပါ။ ဝဲပိုးရှိနိုင်တဲ့ အသုံးအဆောင်တွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး ၃ ရက်မှ ၁ ပတ်အထိ လေလုံအောင်ထားပါ။ ဒီလိုလုပ်ခြင်းဖြင့် အကောင်လေးတွေ အစာမရှိဘဲ သေဆုံးသွားစေပါတယ်။ ကုတင်၊ကုလားထိုင်တွေကို သေချာသန့်စင်ပါ။ ကလေးသူငယ်တွေမှာ အဖြစ်များလို့ လူကြီးမိဘများအနေဖြင့် အထူး အလေးထားဆောင်ရွက်သင့်သည်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews