Open 9:00-12:00 AM
+95 92051590

Herpes zoster (Shingles)

28 Oct, 2021 | No Comments

Herpes zoster (Shingles)

Herpes Zoster အပြင်းစား ရေယုန်နာရောဂါ

Herpes Zoster (ရေယုန်နာ) ဆိုတာ Varicella-Zoster Virus (VZV) ဗိုင်းရပ်စ်ပိုးကြောင့်  ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရေကျောက်ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့တူတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ရေကျောက်(chicken pox) ဖြစ်ဖူးသူရဲ့ အာရုံကြောထဲမှာ ပုန်းခိုနေတတ်ပြီး၊ နှစ်ပေါင်းများစွာ အကြာ ပြန်လည်အသက်ဝင်ကာ ရေယုန်နာကို ဖြစ်စေပါတယ်။ ရောဂါရဲ့ အထင်ရှားဆုံးလက္ခဏာက ရေယုန်နာဟာ ကိုယ်ခန္ဓာတစ်ခြမ်းတည်းမှာ အရည်ကြည်ဖုထွက်လာခြင်းပဲဖြစ်တယ်။

ရောဂါဖြစ်ပွားပုံ အဆင့်ဆင့်

ဒီပိုးကူးစက်ခံရသူဟာ ခန္ဓာကိုယ်မှာ ရေကျောက်ရောဂါအနေနဲ့ စတင်ဖြစ်ပေါ်လာတယ်။ရေကျောက်ရောဂါ ပျောက်သွားတဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ အာရုံကြောဆဲလ်တွေထဲမှာ ပုန်းခိုနေပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီဗိုင်းရပ်စ်ပိုးဟာ ပြန်လည်အသက်ဝင်ပြီး အာရုံကြောလမ်းကြောင်းတစ်လျှောက် ရေယုန်နာအဖြစ် ပြန်လည်ပေါ်ထွက်လာပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ကိုယ်ခံအားကျဆင်းလာတဲ့အခါမျိုးမှာ ဗိုင်းရပ်ပိုးဟာ ပြန်လည်ထကြွလာပါတယ်။

လက္ခဏာများ

ရေယုန်နာမဖြစ်ခင် အရေပြားဟာ ပုံမှန်မဟုတ်ဘဲ ပူစပ်ပူလောင်ဖြစ်တာ၊ယားယံတာစတဲ့ ပြောင်းလဲမှုမျိုး ခံစားရတယ်။ အထူးသဖြင့် ရေယုန်နာ အရည်ကြည်ဖုတွေ မဖြစ်ခင် ၂-၃ ရက် အလိုမှာ စတင်ဖြစ်ပွားလေ့ရှိတယ်။ ပြီးရင် အနီစက်တွေ၊ အနီဖုတွေ စတင်ဖြစ်ပေါ်လာတယ်။ဖျားနာကိုက်ခဲတာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးရှိနိုင်တယ်။

ရောဂါတကယ်ကြွလာချိန်မှာတော့ အနီစက်တွေပေါ်မှာ အရည်ကြည်တွေ စတင်ပေါ်ပေါက်လာပါတယ်။ အရည်ကြည်ဖုဟာ ကိုယ်ခန္ဓာတစ်ခြမ်းတည်း (ဥပမာ – ခါးတစ်ခြမ်းတည်း၊ ရင်ဘတ်တစ်ခြမ်းတည်း)မှာဘဲ ဖြစ်ပေါ်လေ့ရှိတယ်။ တနည်းအားဖြင့် အာရုံကြောတစ်လျှောက် ပေါ်ပေါက်လာတယ်။ တစ်ပတ်၊ ဆယ်ရက်အတွင်း အရည်ကြည်ဖုတွေ ပေါက်ထွက်သွားပြီး ခြောက်သွေ့တဲ့ အနာဖေးတွေအဖြစ် ပြောင်းလဲသွားတယ်။ ဒီအဆင့်မှာ အနာဟာ အာရုံကြောကို ထိခိုက်စေလို့ မီးစနဲ့ထိုးသလို ပူစပ်ပူလောင်ဖြစ်လာတယ်။ အနာက မခံမရပ်နိုင် နာကျင်လာတတ်ပါတယ်။ ညအိပ်မရတာမျိုးဖြစ်နိုင်တယ်။ ရေယုန်နာတွေဟာ ရင်ဘတ်၊ခါးစတဲ့နေရာမှာ အများဆုံးဖြစ်တယ်။ မျက်နှာ၊လည်ပင်း၊နားရွက် စတဲ့နေရာတွေမှာဖြစ်တတ်တယ်။ မျက်လုံးမှာဖြစ်ရင် မျက်စိကန်းတတ်တဲ့ အန္တရာယ်ရှိတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

ရေယုန်နာဖြစ်ပြီး အနာကျက်သွားတဲ့အခါ ပူစပ်ပူလောင်ခံစားချက်ဟာ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာအောင် ဆက်ဖြစ်နေတတ်တယ်။ ဒါကို Postherpetic Neuralgia (PHN) လို့ ခေါ်ပါတယ်။ အသက် ၅၀ကျော်အရွယ်တွေမှာ အတွေ့များတယ်။ ရေယုန်နာဟာ မျက်စိမှာဖြစ်ရင် မျက်ကြည်လွှာကို ထိခိုက်ပြီး မျက်စိကန်းတဲ့အထိ ဖြစ်စေနိုင်တယ်။ ရေယုန်ဗိုင်းရပ်စ်က နားတဝိုက်မှာရှိတဲ့ facial nerve ကိုထိခိုက်တဲ့အခါ မျက်နှာတခြမ်းအကြောသေတာ (Ramsay Hunt Syndrome)ဆိုတာ ဖြစ်စေနိုင်တယ်။ ကံဆိုးရင် ဦးနှောက်အမြှေးရောင်တာမျိုးထိရှိတယ်။

ကုသနည်း

ပြန်လည်ထကြွလာတဲ့ ရောဂါလက္ခဏာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေသက်သာဖို့ဗိုင်းရပ်စ်သောက်ဆေး (Antiviral Drugs)တွေ ပေးရတယ်။ Acyclovir, Valacyclovir, Famciclovir စတဲ့ဆေးတွေကို အရည်ကြည်ဖုများ စပေါ်ပြီး ၇၂ နာရီအတွင်း ပေးနိုင်ရင် အာနိသင်အကောင်းဆုံးဖြစ်တယ်။ နာကျင်မှုသက်သာအောင် အကိုက်အခဲပျောက်ဆေး (Ibuprofen)ပေးလို့ရတယ်။အာရုံကြောခံစနစ် လျှော့နည်းအောင် ထုံဆေးပလာစတာ (Lidocaine Patches)တွေ ကပ်ပေးနိုင်တယ်။ အာရုံကြော ရောင်ရမ်းနာကျင်မှုအတွက် Gabapentin၊ Pregabalin စတဲ့ဆေးတွေပေးလို့ရတယ်။ ပြင်းထန်သော ရေယုန်နာရောဂါတွေမှာ Prednisone လို စတီးရွိုက်ဆေးတွေ ဆရာဝန်ညွန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။ ရေယုန်နာမှာ ဆေးကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရောဂါလက္ခဏာဖြစ်ပွားမှု လျှော့ချဖို့နဲ့ PHN လိုနောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ပေါ်အောင် တားဆီးဖို့ဖြစ်ပါတယ်။

ကာကွယ်နည်း

ရေယုန်နာအတွက် အကောင်းဆုံးကာကွယ်နည်းက ကာကွယ်ဆေးထိုးခြင်း ဖြစ်တယ်။Zostavax ကာကွယ်ဆေးက ရောဂါဖြစ်ပွားမှုကို လျှော့နည်းစေတယ်။Shingrix ဆေးကို အသက် ၅၀ နှင့် အထက် လူကြီးများအတွက် ထိုးနှံသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ခံအားကျဆင်းနေသူတွေဟာ ရေယုန်နာပေါက်သူနှင့် ထိတွေ့မိရင် ရေကျောက်ရောဂါ ကူးစက်နိုင်လို့ အထူးသတိပြုသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Related Tags

Write Reviews

Leave a Comment

No Comments & Reviews