Necrotising fasciitis အသားပုပ်ဆွေးခြင်း
တွယ်ဆက်တစ်ရှူးတွေမှာ Tendon (အကြော)၊ Ligament (အရွတ်) နဲ့ Fascia (ရွတ်ကြော)ဆိုပြီး သုံးမျိုးရှိတယ်။ Tendon ဆိုတာ ကြွက်သားနဲ့ အရိုးတွယ်ဆက်ထားတဲ့ အကြောဖြစ်ပါတယ်။ ligament က အရိုးတစ်ခုနဲ့တစ်ခု တွယ်ဆက်ပေးတဲ့ အရွတ်ဖြစ်တယ်။ Fascia ဆိုတာ ကြွက်သားအပေါ်က ဖုံးအုပ်ထားတဲ့ကြီးမားကျယ်ပြန့်တဲ့ တွယ်ဆက်တစ်ရှူးအလွှာဖြစ်လို့ ရွတ်ကြောလို့ ခေါ်ပါတယ်။ ဆေးပညာမှာ Fasciitis ဆိုတာ ရွတ်ကြောရောင်ခြင်းဖြစ်တယ်။
Necrotising Fasciitis (NF) ဆိုတာ ပြင်းထန်ဘက်တီးရီးယားဝင်ရောက်မှု (severe bacterial infection) ကြောင့် ရွတ်ကြောလွှာ (Fascia) အပြင် အောက်ခံတစ်ရှူးလွှာ ဆိုးဆိုးရွားရွား ပုပ်ပွပျက်စီးတဲ့အခြေအနေမျိုးဖြစ်တယ်။ အသားပုပ်ဆွေးခြင်းလို့ ခေါ်တယ်။ ရုတ်တရက် ဖြစ်ပွားတတ်ပြီး ပျံ့နှံ့မှုအလွန်မြန်ဆန်တယ်။ ဒီရောဂါဖြစ်ရင် အသက်အန္တရာယ်ရှိတာကြောင့် ချက်ချင်း ကုသမှုခံယူဖို့လိုအပ်ပါတယ်။
Necrotising Fasciitis (အသားပုပ်ဆွေးခြင်း)ဟာ Group A Streptococcus, Staphylococcus aureus, E. coli, Klebsiella စတဲ့ ဘက်တီးရီးယားပိုးဝင်မှုကြောင့်ဖြစ်တတ်တယ်။ အရေပြားပေါက်ပြဲဒဏ်ရာ (ထိခိုက်ဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ပိုးမွှားကိုက်ခြင်း)တွေက တဆင့် ရောဂါပိုးဝင်ရောက်ပျံ့နှံ့နိုင်တယ်။ တခါတရံ မယ်မယ်ရရ ဒဏ်ရာမရှိဘဲလည်း ဖြစ်ပွားတတ်ပါတယ်။
ဆီးချိုသွေးချိုရောဂါ (Diabetes Mellitus)၊ ခုခံအားကျဆင်းရောဂါ (HIV/AIDS)၊ ကင်ဆာရောဂါ၊ ကိုယ်အင်္ဂါအစားထိုးကုသထားသူတွေဟာ ရောဂါပိုးဝင်ရောက်နိုင်ခြေ ပိုမိုမြင့်မားကြတယ်။ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါအခံရှိသူနဲ့ နာတာရှည်ကျန်းမာရေးပြဿနာရှိသူတွေလည်း အထူးဂရုစိုက်သင့်တယ်။အ၀လွန်သူ၊ အရက်အလွန်အကျွံသောက်သုံးသူ၊ မူးယစ်ဆေးထိုးသွင်းသူတွေဟာ ရောဂါဖြစ်နိုင်ချေများတဲ့ အုပ်စုဝင်တွေဖြစ်တယ်။
ရောဂါလက္ခဏာများ
Necrotising Fasciitis (ရွတ်ကြောရောင်၍ ပုပ်ဆွေးခြင်း)ရဲ့ ရောဂါလက္ခဏာတွေဟာ နာရီပိုင်းမှ ရက်ပိုင်းအတွင်း အလွန်မြန်ဆန်စွာ ဆိုးရွားလာတတ်ပါတယ်။ အရေးကြီးဆုံး ကနဦးလက္ခဏာရပ်ဟာ ဒဏ်ရာနဲ့မလိုက်အောင်ပြင်းထန်စွာ နာကျင်မှုခံစားရမှုဖြစ်တယ်။ ဒဏ်ရာက နီရဲပြီး ရောင်ရမ်းလာတယ်။ အဖျားကြီးတာ၊ ချမ်းတုန်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဆက်ဖြစ်နိုင်တယ်။
နောက်ပိုင်းအရေပြားပေါ်မှာ အရည်ကြည်ဖုတွေ (blisters) ပေါ်လာတယ်။ အရည်ကြည်ဖုကတဆင့် အညိုရောင်ခပ်ပုပ်ပုပ် အရည်တွေအောင်းလာတယ်။ ကြာရင် တစ်ရှူးတွေ ပုပ်ဆွေးသေဆုံး(necrosis)ပြီးနောက် အနက်ရောင် အက်စ်ခါအနာ (Eschar)တွေ ဖြစ်ပေါ်လာတယ်။အာရုံကြောပျက်စီးသွားရင် နာကျင်မှုဝေဒနာ ရုတ်တရက် ပျောက်သွားတတ်ပါတယ်။ ရုတ်တရက် သွေးခုန်နှုန်းမြန်ခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်းတို့ဟာ သွေးဆိပ်တက်ခြင်း (Sepsis) ၏ လက္ခဏာများ ဖြစ်သည်။ဒီအခြေအနေဟာ အလွန်စိုးရိမ်ရသော ရောဂါလက္ခဏာ ဖြစ်ပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်း
ရောဂါအတည်ပြုဖို့ အကောင်းဆုံးနည်းလမ်းက ခွဲစိတ်စစ်ဆေးခြင်း (Surgical Exploration) နည်း ဖြစ်တယ်။ ဆရာဝန်က ဒဏ်ရာကို ခွဲစိတ်ပြီး ပုပ်ပွနေတဲ့ တစ်ရှူးများ ပျက်စီးနေမှုကို မျက်စိနဲ့ တိုက်ရိုက်ကြည့်ရှုစစ်ဆေးနိုင်တယ်။ ဒါမှမဟုတ် ခွဲစိတ်စဉ် တစ်ရှူးနမူနာယူ(Biopsy)ပြီး ဓာတ်ခွဲခန်းတွင် စစ်ဆေးနိုင်တယ်။ CT scan သို့မဟုတ် MRI ရိုက်ပြီး တစ်ရှူးအတွင်း ဓာတ်ငွေ့ (gas) ရှိ/မရှိ ကြည့်ရှုစစ်ဆေးလို့လည်းရတယ်။အသားပုပ်ဆွေးခြင်းဟာ အရေးပေါ်ဆေးကုသမှု လိုအပ်တာကြောင့် ရောဂါရှာဖွေတဲ့အခါ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့ လိုအပ်ပါတယ်။
အရေးပေါ်ကုသနည်း
Necrotising Fasciitis (ရွတ်ကြောရောင်ရမ်း ပုပ်ဆွေးခြင်း) ဟာ အသက်အန္တရာယ်ရှိတဲ့အရေးပေါ်ရောဂါဖြစ်လို့ ကုသမှုကို တတ်နိုင်သမျှ ချက်ချင်းစတင်ရပါမယ်။ ကုသမှု နောက်ကျရင် သေဆုံးနိုင်ခြေ အလွန်မြင့်မားတယ်။
၁။ ခွဲစိတ်ကုသမှု (Surgical Debridement)
ကုသမှုအခြေခံအကျဆုံး နည်းလမ်းဖြစ်ပြီး ခွဲစိတ်ဆရာဝန်က ပုပ်ပွပျက်စီးနေတဲ့ တစ်ရှူးအားလုံးကို ခွဲစိတ်ဖယ်ရှားပစ်ရပါမယ်။ တစ်ကြိမ်တည်းဖြင့် မပြီးပြတ်ဘဲ ရောဂါပျံ့နှံ့မှု ရပ်တန့်သွားတဲ့အထိ မကြာခဏ ခွဲစိတ်မှု ထပ်လုပ်ရန် လိုအပ်တတ်တယ်။ အလွန်ဆိုးရွားပြင်းထန်တဲ့ပုပ်ဆွေးမှုမှာ ခြေလက် ဖြတ်ပစ်ရန် (Amputation) ထိ လိုအပ်နိုင်ပါတယ်။
၂။ ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics)
ခွဲစိတ်ကုသမှုနဲ့အတူ သွေးကြောထဲပဋိဇီဝဆေးသွင်းခြင်း (IV antibiotics)ကို ချက်ချင်းပြုလုပ်ရမယ်။ အသုံးပြုတဲ့ ဆေးဝါးတွေဟာ ဘက်တီးရီးယားပိုးအမျိုးအစားပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားနိုင်တယ်။ ဥပမာ – Penicillin, Clindamycin, Vancomycin, Carbapenems စသည်ဖြင့် ရောဂါပေါ်မူတည်ပြီး သုံးစွဲသင့်တယ်။
၃။ အထူးကြပ်မတ်ကုသခြင်း (Intensive Care Unit – ICU)
သွေးဆိပ်တက်ခြင်း (Sepsis) နဲ့ အခြားအင်္ဂါအစိတ်အပိုင်း ပျက်စီးခြင်းမှ ကာကွယ်ဖို့ ICU မှာအထူးကြပ်မတ် ကုသဖို့လိုပါတယ်။
၄။ နောက်ဆက်တွဲကုသခြင်း
ခွဲစိတ်ပြီးနောက် ကျန်ရစ်တဲ့ ကြီးမားကျယ်ပြန့်တဲ့အမာရွတ်တွေအတွက် အရေပြားအစားထိုးကုသမှု (Skin grafting) ခံယူရနိုင်တယ်။ ခွဲစိတ်ပြီးနောက်ပိုင်း လှုပ်ရှားသွားလာနိုင်ဖို့ ပြန်လည်သန်စွမ်းရေး ကုထုံး (Rehabilitation)တွေ လိုအပ်တတ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
NF ဟာ အလွန်ပြင်းထန်တဲ့ရောဂါဖြစ်လို့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
· သွေးဆိပ်တက်ခြင်း
· အဆုတ်များ၊ နှလုံး၊ ကျောက်ကပ်ပျက်စီးခြင်း
· ခြေ/လက် ဖြတ်ပစ်ရခြင်း
· နာတာရှည် အနာနဲ့ အမာရွတ်များ ကျန်ရစ်ခြင်း
· သေဆုံးခြင်း
ကာကွယ်ခြင်း
အသားပုပ်ဆွေးခြင်းကို အပြည့်အဝကာကွယ်နိုင်တဲ့ နည်းလမ်းမရှိပေမယ့် အောက်ပါနည်းလမ်းတွေနဲ့ ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ မည်သည့်ဒဏ်ရာများကိုမဆို သေချာစွာ ကုသပါ။ အရေပြားပေါက်ပြဲမှုရှိရင် ဆပ်ပြာနှင့်ရေသုံး၍ သေချာစွာ ဆေးကြောကာ ပိုးသတ်ထားသော ပလာစတာ (bandage)နဲ့ ကာကွယ်ထားပါ။ ဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်ထားပါ။ ဆေးသောက်ပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းထားခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
Necrotising Fasciitis (NF) ဟာ အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါဖြစ်တယ်။ ဒဏ်ရာတစ်ခုဟာ မူလဒဏ်ရာထက် ပိုမိုပြင်းထန်စွာ နာကျင်လာရင် (သို့) အရေပြားပေါ်တွင် ပြည်ဖု၊ အနက်ရောင်အနာတွေ ပေါ်လာရင် ဆေးရုံအမြန်ဆုံးသွားရောက်ပြသရန် အထူးအရေးကြီးပါတယ်။ အချိန်မီကုသမှုခံယူခြင်းဟာ အသက်ကိုကယ်ဆယ်နိုင်ပြီး ခန္ဓာကိုယ်ပျက်စီးမှုကို လျှော့ချနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews