Open 9:00-12:00 AM
+95 92051590

Acne treatment

18 Nov, 2021 | No Comments

Acne treatment

ဝက်ခြံပျောက်အောင် ကုနည်း

ဝက်ခြံဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။  ဝက်ခြံကို acne လို့ ခေါ်ကြတယ်။ လေ့လာမှုတွေအရ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းက လူပျိုအရွယ်တွေ ဖြစ်ပါတယ်။ ယောကျာ်း၊ မိန်းမ မတူကြဘူး။ ယောကျာ်းတွေ အသက်ကြီးလာတာနဲ့ ပျောက်ဖို့ရာခိုင်နှုန်း ပိုများလာတယ်။ သို့သော် မိန်းကလေးတွေကတော့ ပြောင်းပြန်ပါ။ အပျိူဝင်စမပေါက်တတ်ရင် လူလတ်ပိုင်းဝင်လာတဲ့အခါ (အထူးသဖြင့် အသက် ၃၀ ကျော်) ပြန်တွေ့လာရတယ်။ ဒီကိစ္စက အချက်နှစ်ချက်လို့ ကောက်ချက်ချလို့ရတယ်။ ပထမအချက်က ဟော်မုန်းပြောင်းလဲမှု မမှန်တာ။ ဒုတိယတချက်က အလှအပပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ၊ ဒီလိုအချက်တွေကြောင့်ဖြစ်တယ်။

ဝက်ခြံဘာလို့ဖြစ်လဲ

ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းက အဆီအိတ်ဂလင်း(sebaceous gland)တွေမှာ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်။ လူ့ခန္ဓာကိုယ်ရဲ့ မွှေးညင်းပေါက်မှာ အဆီအိတ်တွေရှိတယ်။ အဆီအိတ်ကနေ အဆီ(sebum)တွေ ထုတ်ပေးနေတယ်။ အဆီအိတ်များသူတွေမှာ မျကိနှာအဆီပြန်တာရှိတယ်။ အဆီထွက်တဲ့အပေါက်မှာ ပိတ်ဆို့မှုဖြစ်ရင် ဝက်ခြံပေါက်လာတယ်။ ဖုန်၊ပိုးမွှား၊ဆဲလ်သေတွေက အဆီဂလင်းကို ပိတ်ဆို့တာနဲ့ ဝက်ခြံစထွက်လာတယ်။ ဒီထဲမှာ မျက်နှာကအဆီဂလင်းပိုများလို့  မျက်နှာမှာ ဖြစ်ကြတယ်။ ပိုဆိုးတာက မျက်နှာဆိုတာ လူ့ရဲ့ပြယုဒ်ဖြစ်လို့ အများစုကဂရုစိုက်ကြတယ်။ အဖုအပိန်ထွက်လာတာနဲ့ သတိတရ ကိုင်ချင်၊ကလိချင်တယ်။ ကိုင်တာရဲ့နောက်မှာ အမာရွတ်ကျန်တာ ပါလာလိမ့်မယ်။ ဝက်ခြံအမာရွတ်ပေါက်ခြင်းရဲ့ အဓိကအကြောင်းရင်းက အဲလိုကိုင်တွယ် ပွတ်သတ်နေလို့ဆိုတာ တွေ့ရပါတယ်။ အမာရွတ်ပျောက်ဖို့ ဒီလိုအမူအကျင့်မျိုးကို တတိနိုင်သမျှရှောင်ပါ။ ကျော(၆၀%)နဲရင်ဘတ်(၁၅%)မှာ ပေါက်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လူနည်းစုပါ။ 


အမျိုးသားတွေဟာ လူပျိုဝင်တာနဲ့ တက်စတိုစတီရုန်း(testosterone) ယောကျာ်းဟော်မုန်းတန်ခိုးနဲ့ ဝက်ခြံပိုထွက်လာတယ်။ အိပ်ရေးပျက်တာ၊ အစားအသောက်မမှန်တာ၊ စိတ်ဖိစီးမှုကဲတာ၊ ဟော်မုန်းပြောင်းလဲတာတွေကနေ ဝက်ခြံပေါက်စေတယ်။တချို့က အဆီအဆိမ့် အစားများလို့ ဖြစ်တယ်။ မျက်နှာသန့်ရှင်းရေးမကောင်းလို့ ဆိုတာ ယေဘုယျမှန်ပေမယ့် သန့်ရှင်းရေးအလုပ်များသူတွေမှာလည်း ပိုတွေ့တယ်။ ဒါ့ကြောင့် မျက်နှာကို တရက်ကို နှစ်ကြိမ်ထက် ပိုမသစ်ပါနဲ့။ 

ဝက်ခြံအမျိုးအစား


ဝက်ခြံအမျိုးအစားပေါ်မူတည်ပြီး (၆)မျိုးခွဲထားတယ်။

(၁) ဆားဝက်ခြံ (blackhead)

(၂) အဆီဖုဝက်ခြံ (whitehead)

(၃) ရိုးရိုးဝက်ခြံဖု (Papular acne)

(၄) ပြည်ဖုဝက်ခြံ (pustular acne)

(၅) ပြည်အိတ်ဝက်ခြံ (cystic acne)

(၆) ဝက်ခြံကျိတ်(nodular acne)

ဆားဝက်ခြံ (blackhead) နဲ့ အဆီဖုဝက်ခြံ (whitehead) ဆိုရင် သိပ်မဆိုးဘူး။ ရိုးရိုးဝက်ခြံဖု(Papular acne) နဲ့ ပြည်ဖုဝက်ခြံ (pustular acne)က နည်းနည်းဆိုးတယ်။ ဝက်ခြံကျိတ်(nodular acne) နဲ့ ပြည်အိတ်ဝက်ခြံ (cystic acne)ကတော့ အဆိုးဆုံးပဲ။ ပျောက်ဖို့ခက်သလို အမာရွတ်ထင်ကျန်နိုင်တယ်။ ဝက်ခြံ ကုသနည်းတွေက ရောဂါအမျိုးအစားပေါ်လိုက်ပြီး မတူညီကြပါ။ တချို့ သောက်ဆေး၊တချို့ လိမ်းဆေးနဲ့လည်း ရတယ်။ ယေဘုယျအားဖြင့် ဆားဝက်ခြံ၊ အဆီဖုဝက်ခြံတွေက မျက်နှာသစ်ဆေး လိမ်းဆေးတွေနဲ့ သက်သာနိုင်တယ်။ ပြည်ဖု၊ ပြည်အိတ်၊ ဝက်ခြံကျိတ်နဲ့ အဖုအပိန့်ဝက်ခြံတွေကို ဆရာဝန်နဲ့ သေချာပြပြီး ကုမှပျောက်တယ်။ ဝက်ခြံပျောက်ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ကိုယ်စီရှိပါတယ်။ ဒါ့ကြောင့် ဝက်ခြံကုတဲ့အခါ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ စနစ်တကျကုသသငိ့တယ်။

ဘာတွေသုံးမလဲ


၁။ Benzoyl peroxide မြန်မာနိုင်ငံမှာ အသုံးများတယ်။ အာနိသင်က အရေပြားပေါ်မှာရှိတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပြီး ဆဲလ်သေတွေပိတ်ဆို့မှုကို ကာကွယ်ပေးတယ်။ ဆေးမလိမ်းခင် ကြက်သီးနွေး ရေနွေးနဲ့ မျက်နှာအရင်သစ်ပါ။ သစ်ပြီး မိနစ်(၂၀)ကြာတဲ့အခါ ဆေးကို ခပ်ပါးပါးလိမ်းပါ။ ဆေးကို ၁-၂ကြိမ် လိမ်းနိုင်တယ်။ အနည်းဆုံး ၁လခွဲကနေ ၂လကြာအောင်လိမ်းပါ။ ဆေးလိမ်းပြီး နေပူထဲထွက်တာ တတိနိုင်သမျှရှောင်ရမယ်။ ဆံသားနဲ့ အဝတ်ကို ဆေးမစွန်းပါစေနဲ့။ ဆေးကြောင့် အရေပြား ပူတာ၊ ယားတာ၊ ရဲတာ၊ တင်းတာ၊ အနေရခက်တာရှိနိုင်တယ်။ 


၂။ Topical retinoid (tretinoin) ဆေးအာနိသင်က အဆီအိတ်(sebaceous gland)က အဆီ(sebm)ထုတ်လုပ်မှုကို လျှော့ကျစေတယ်။ ဆဲလ်သေတွေ ပိတ်ဆို့မှုကိုကာကွယ်ပေးတယ်။ မျက်နှာအဆီပြန်တဲ့အခါ ဒီဆေးကို သုံးကြတယ်။ သုံးတဲ့နည်းက ညမအိပ်ခင် မျက်နှာသစ်ပြီး (၁၅)မိနစ်လောက် အကြာမှာ ဆေးလိမ်းပါ။ လိုအပ်တာက ဆေးလိမ်းပြီး မျက်နှာကို သန့်ရှင်းခြောက်သွေ့အောင် ထားရမယ်။ နေရောင်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေသုံးရင် သတိထားရမယ်။ ဒီအမျိုးအစားထဲမှာ adapaleneနဲ့ tazarotene ဆေးတွေလည်း ရှိပါတယ်။
၃။ Azelaic acid ရှေ့ကဆေးတွေနဲ့ မတဲ့သူ၊အဆင်မပြေသူတွေမှာ ဒီဆေး ပေးလေ့ရှိတယ်။ အာနိသင်ကလည်း သိပ်မကွာပါ။ ဆဲလ်သေတွေဖယ်ရှားတာနဲ့ ပိုးသတ်တာဖြစ်တယ်။ မျက်နှာသစ်ပြီး တနေ့ (၂)ကြိမ် တလလောက်လိမ်းပါ။ အားသာချက်က နေရောင်ခြည် ရှောင်ဖို့ မလိုအပ်ဘူး။ အရေပြားခြောက်သွေ့တာတော့ ရှိနိုင်တယ်။


၄။ Topical antibiotic (ပဋီဇီဝလိမ်းဆေး)ထဲမှာ clindamycinနဲ့ erythromycin ဆေးတွေက အသုံးများဆုံးဖြစ်တယ်။ အာနိသင်က အရေပြားပေါ်မှာရှိတဲ့ ဗက်တီးရီယားပိုးတွေ သေစေတယ်။ gel ,lotion, cream ဆေးပုံစံ အမျိုးမျိုးလာတယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အဆင်ပြေသလိုပေးကြတယ်။ ဆေးယဉ်ပါးတာဖြစ်နိုင်လို့ ၆-၈ပတ်ထက် ပိုသုံးရင် သတိထားရတယ်။ ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။


၅။ Oral antibiotic ဝက်ခြံက နည်းနည်းဆိုးလာရင် ပိုးသတ်ဆေး စွဲသောက်ဖို့ လိုပါတယ်။ tetracycline, clindamycin, doxycillin, erythromycin နဲ flucloxacillin တွေက အသုံးများတယ်။ အရင်ခေတ်တွေတုန်းက tetracycline ကို ရေရှည်စွဲသောက်ခိုင်းခဲ့ကြတယ်။ တနေ့လေးကြိမ်သောက်ရတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ၈နှစ်အောက် ကလေးတွေမှာ tetracycline အမျိုးအစားမသုံးစွဲရဘူး။ သွားတွေကို အရောင်ညစ်စေတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်အတွက် erythromycin လို တခြားဆေး ပြောင်းသောက်သင့်တယ်။ နောက်ပိုင်းမှာ clindamycin နဲ့ doxycycline ဆေးကို ရေရှည်စွဲသောက်လို့ရတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ အနည်းဆုံး ၃-၆လထိ သောက်နိုင်တယ်။


၆။ Co-cypridiol ဆိုတာ ဟော်မုန်းနှစ်မျိုးပါတဲ့ တားဆေးပါပဲ။ ဝက်ခြံအတွက်သာမက မျက်နှာအမွေးများရင်လည်း သုံးလို့ရပါတယ်။ အမျိုးသမီးဝက်ခြံတွေမှာ အဓိကသုံးတယ်။ တားဆေးသောက်ဖို့လိုတဲ့ အမျိုးသမီးတွေမှာ ဒီဆေးပြောင်းသုံးနိုင်တယ်။ ဟော်မုန်းကြောင့်ဖြစ်ရင် သုံးလအတွင်း သိသိသာသာ ထူးခြားလာတယ်။ အာနိသင်ကောင်းဖို့ ဆေး(၆)လ ဆက်သောက်ရတယ်။ ဆိုးကျိုးအနေနဲ့ ဝိတ်တက်တာ၊ ရင်သားတင်းတာ၊ ဗိုက်နာ၊ လေထ၊ အစာမကြေတာ ရှိတတ်တယ်။ ဟော်မုန်းဆေးမပေးခင် အိမ်ထောင်ရေးအခြေအနေ မေးပြီးမှ ပေးသင့်တယ်။


၇။ Isotretinoin (high dose vitamin A)  ဝက်ခြံပျောက်ဆေးထဲမှာ ပြင်းထန်အဆင့်၊ ဆင်ဝက်ခြံအဆင့်အတွက် သုံးတဲ့ဆေးဖြစ်တယ်။ အဆီထုတ်လုပ်မှုကို လျှော့နည်းစေတယ်။ တကယ်က retinoid ဗီတာမင်အေပဲ။ ဒါပေမယ့် အရေပြားအာနိသင်ရအောင် အလွန်အကျွံထည့်ထားရလို့ သတိထားသုံးရတယ်။ အရေပြားအထူးကုကသာ သုံးသင့်တယ်။ ဆေးသောက်နေစဉ် ကိုယ်ဝန်ဆောင်လို့ မရပါဘူး။ ကလေးကို ထိခိုက်စေမယ်။ ကိုယ်ဝန်မရအောင် အမြဲသတိထားနေရမယ်။ တားနည်းတမျိုးမျိုးသုံးရတယ်။ အပျိုတွေပေးရင် (၆)လအတွင်း ကလေးယူလို့မရသေးကြောင်း ထည့်ပြောသင့်တယ်။ ဆေးသောက်စ (၁၀)ရက်အတွင်း ဝက်ခြံပိုဆိုးတာရှိတယ်။ ဆေးဖြတ်ပြီးတော့ ပြန်ဖြစ်လာတာလည်း ရှိတော့ရှိနိုင်ပါတယ်။ ဆေးထွက်ဆိုးကျိုးအနေနဲ့ စိတ်ဓာတ်ကျတာ၊ စိတ်အာရုံပြောင်းတာ ဖြစ်နိုင်တယ်။ သို့သော် လက်တွေ့လူနာတွေထဲမှာတော့ အသားခြောက်၊နှုတ်ခမ်းခြောက်တာလွဲရင် တခြားဘေးထွက်သိပ်မတွေ့ရပါဘူး။

ဝက်ခြံအမာရွတ်ကုနည်း

အပေါ်ယံအရေပြားကို ကွာစေတဲ့နည်း (dermabrasion or chemical peeling) ၊ သွေးရည်ကြည်ကုထုံး (PRP) ၊ လေဆာပစ်နည်း(laser) ၊ အလင်းကုထုံး (light therapy)နဲ့ အမာရွတ်အမြစ်ကို ခွဲစိတ်ပြုပြင်နည်း(surgery)နည်း စတာတွေ ရှိတယ်။ ဒီနေ့ခေတ်မှာ လေဆာနဲ့ အသေအချာပျောက်စေမယ်ကြေငြာသူတွေ အများအပြားတွေ့ရတယ်။ လက်တွေ့မှာ ပြဿနာတွေက အဲလောက်ကြီး မလွယ်ကူပါ။ အမှန်က ဝက်ခြံအမျိုးအစား အမာရွတ်ပေါ် မူတည်ပြီး ကုသပေးရတယ်။ အမာရွတ်ကြီးလေ ပျောက်ဖို့ခက်လေ။ မသေချာပဲလုပ်တာ လူနာကို ကောင်းကျိုးထက် ဒုက္ခသာပိုများလာစေတယ်။

အကြံပြုချက်


ဝက်ခြံသဘောကပျောက်ပြီး ပြန်ဖြစ်တတ်တယ်။ နာတာရှည်သဘောဖြစ်လို့ (၆)လတခါ ဆရာဝန်နဲ့ပြသင့်တယ်။ အစားအသောက်၊အနေအထိုင်ဂရုစိုက်ပါ။ အစားအသောက်တွေထဲမှာ ဆီကြော်စာ၊အသင့်စားတွေ၊အဆီအဆိမ့် တွေရှောင်ပါ။ ချောကလက်၊ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်၊ဂတ်စ်ပါတာ၊ပင်လယ်စာ၊နို့ထွက်ပစ္စည်း၊ပြုပြင်ထားတဲ့အစားအစာတွေ ရှောင်သင့်တယ်။  နို့ရည်၊မိတ်ကပ်၊အလှပစ္စည်းတတ်နိုင်သမျှမသုံးပါနဲ့။ စိတ်ဖိစီးမှုက ဟော်မုန်းထွက်စေတယ်။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှု နည်းပါစေ။ ဟင်းသီးဟင်းရွက်နဲ့ ရေများများသောက်ပါ။ကိုယ်လက်လှုပ်ရှား များများလုပ်ပါ။ ပြည်ဖုဝက်ခြံမှာ ရေနွေးငွေ့ပေးရင် အဆိပ်အတောက်ဖယ်ရှားပေးပြီး အသားအရေကြည်လင်သန့်စင်စေတယ်။ ရေချိုးတဲ့အခါ ကြက်သီးနွေးရည်နဲ့ မျက်နှာသစ်နိုင်တယ်။ ဝက်ခြံပျောက်ဆေး၊ မျက်နှာသစ်ဆေးတွေက အသားခြောက်တတ်လို့ မလိုအပ်ပဲ ရေနွေးသုံးတာ ရှောင်ရမယ်။

ဝက်ခြံတွင်ရှောင်ရမည့် အစားအစာများ

  • အပူ၊ အစပ်၊ အငန်
  • ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပင်လယ်စာ
  • ဆီကြော်စာ၊ အာလူးချောင်းကြော်
  • အချိုများတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဂတ်စ်ပါအချိုရည်
  • နွားနို့၊ ဒိန်ခဲ၊ နို့ထွက်ပစ္စည်းများ
  • မာလာဟင်း၊ ဟော့ပေါ့၊ အကင်၊ အာပူလျှာပူ
  • အရက်၊ ဘီယာ၊ ဝိုင်
  • ခေါက်ဆွဲခြောက်ထုပ်

ဒေါက်တာအေးမင်းထူး

(အရေပြားအထူးကုဆရာဝန်)

Note: If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews