Open 9:00-12:00 AM
+95 92051590

Acrodermatitis chronica atrophicans

9 Nov, 2021 | No Comments

Acrodermatitis chronica atrophicans

Acrodermatitis Chronica Atrophicans (ACA) ဟာ Lyme Borreliosis ရောဂါရဲ့ နောက်ဆုံးအဆင့် အရေပြားလက္ခဏာဖြစ်ပါတယ်။ ဒီ Lyme disease ဟာ Borrelia burgdorferi  ဘက်တီးရီးယားကြောင့် အဓိကဖြစ်ပွားပြီး Borrelia afzelii (ဥရောပတွင် အဖြစ်များ)ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မွှားကောင် (Ixodes ticks) ကိုက်ခြင်းကြောင့် ကူးစက်တတ်တယ်။ ဘက်တီးရီးယားပိုး ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် အရေပြားမှာ ဒီရောဂါလက္ခဏာတွေ စတင်ပေါ်လာတယ်။

ACA ရဲ့လက္ခဏာတွေဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်ပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။

၁။ ရောင်ရမ်းအဆင့် (Inflammatory Stage)

အရေပြားမှာ အနီရောင်၊ ပန်းရောင် (bluish-red) သို့မဟုတ် ခရမ်းရောင် သန်းနေသော အကွက်များ စတင်ပေါ်လာတယ်။ အရေပြားဟာ ရောင်ရမ်းနီမြန်းပြီး ပြွတ်သိပ်ထူထဲနေတတ်သည်။ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း ရှိနိုင်တယ်။ များသောအားဖြင့် နာကျင်မှုမရှိပါ။ခြေထောက်၊ ခြေဖဝါး၊ လက်ဖျံ၊ လက်ဖဝါး စသည့် ခန္ဓာကိုယ်၏ အစွန်းပိုင်းနေရာ (Acral parts)တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။

၂။ ကျုံ့သွားသောအဆင့် (Atrophic Stage)

ရောင်ရမ်းပြီး လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာတဲ့အခါ အရေပြားဟာ ပါးလွှာလာပြီး စီးကရက်စက္ကူစ (cigarette paper-like)ပမာ ကျုံ့သွားတယ်။ ဒီအဆင့်မှာ သွေးကြော၊ အရွတ်နဲ့ အရိုးတွေ မြင်သာထင်ရှားစွာ ပေါ်လွင်နေတတ်တယ်။ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာ အသားမာလုံးကလေးတွေ (Fibroid Nodules) ဖြစ်ပေါ်လာတတ်တယ်။

ရောဂါရှိမရှိ ELISA၊ Western Blot စတဲ့ နည်းတွေနဲ့ စစ်ဆေးလို့ရတယ်။ ဘက်တီးရီးယားကို ခုခံတဲ့ IgG antibodies ရှိမရှိ စစ်ဆေးနိုင်သည်။ အသားစနမူနာယူခြင်း (Skin Biopsy) လို့ရတယ်။အရေပြားနမူနာမှာ ဘက်တီးရီးယားရဲ့ ဗီဇပစ္စည်း (DNA) ရှိမရှိ PCR နည်းနဲ့ သိရှိနိုင်တယ်။

နောက်ဆက်တွဲဆိုးကျိုးများ

· အရေပြား ကျုံ့သွားခြင်း 

· အာရုံကြောဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခြင်း

· အရိုးအဆစ်များ ထိခိုက်ခြင်း 

ကုသနည်း

ACA ဖြစ်တဲ့အခါ ပဋိဇီဝပိုးသတ်ဆေး (Antibiotics)တွေ ပေးရတယ်။ သောက်ဆေးထဲမှာ Doxycycline ကို ရွေးချယ်သင့်တယ်။ ဆေးမတဲ့ရင် Amoxicillin, Ceftriaxone, Penicillin G စတဲ့ဆေးတွေ အသုံးပြုနိုင်တယ်။ ဆေးတွေကို ၂ ပတ်မှ ၄ ပတ်အထိ အနည်းဆုံးပေးဖို့ လိုအပ်တယ်။ ဆေးကုသမှု စတင်ပြီးနောက် ရောင်ရမ်းနီမြန်းမှုသည် သက်သာသွားနိုင်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews