Open 9:00-12:00 AM
+95 92051590

Dermatosis papulosa nigra

26 Nov, 2021 | No Comments

Dermatosis papulosa nigra

လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။

လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, 5 & 6) စတဲ့သူတွေမှာ အဓိကတွေ့ရတယ်။ အမေရိကန်လူမည်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အသက်ကြီးလာတဲ့အခါ လူကြီးမှဲ့ခြောက် ထွက်လာကြပါတယ်။ အထင်ရှားဆုံးအနေနဲ့ ဝါရင့် လူမည်းသရုပ်ဆောင် မော်ဂန် ဖရီးမန်း (Morgan Freeman)မျက်နှာမှာ လူကြီးမှဲ့ခြောက်တွေ ထင်ထင်ရှားရှား မြင်တွေ့နိုင်တယ်။ 

ပုံမှန်အားဖြင့် အသက် (၃၀)ကျော် (၄၀)စွန်းစွန်းအရွယ်တွေမှာ လူကြီးမှဲ့ခြောက် စဖြစ်လာတယ်။မှဲ့ခြောက်အရေအတွက်ဟာ အသက်ကြီးလာတာနဲ့အမျှ ပိုများပြီး ပိုပွားလာပါတယ်။ အရွယ်အစားလဲ ကြီးလာတယ်။ ကျောပြင် ဖယောင်းချပ်မှဲ့ခြောက် (seborrheic keratosis)တွေနဲ့ တွဲဖြစ်တတ်တယ်။ ကြွက်နို့ဆန်ဆန် အသားပိုတွေ ကုတ်၊လည်ပင်း၊ကျော စသည်ဖြင့် ခန္ဓာကိုယ်အနှံ့ မြင်တွေ့နိုင်ပါတယ်။ ယေဘုယျအားဖြင့် အဆိုပါလူကြီးမှဲ့ခြောက်တွေဟာ ပျောက်ကင်းမသွားဘဲ တဖြည်းဖြည်းပိုပွားလာလေ့ရှိပါတယ်။ 

ကုသနည်း

လူကြီးမှဲ့ခြောက်ထွက်တဲ့အခါ အသားပိုတွေကို နည်းမျိုးစုံနဲ့ ဖျက်ဆီးပစ်ရတယ်။ သိပ်မဆိုးတဲ့ ဖြစ်ခါစအချိန်မှာ imiquimod, 5-fluoruracil (5FU), ingenol mebutate လို လိမ်းဆေးတွေသုံးနိုင်ပေမယ့် လိမ်းဆေးတွေက ရေရှည်မှာတော့ သိပ်မကောင်းဘူး။ လိမ်းဆေးမသုံးရင် မှဲ့ခြောက်ကို curettage နည်းနဲ့ ခြစ်ထုတ်ပစ်လို့ရတယ်။ shave excision အပေါ်ယံအရေပြားကို ဖြတ်ထုတ်ပစ်နိုင်တယ်။ ဆဲလ်ပျက်စီးအောင် chemical peel အက်ဆစ်ဆေးရည် တို့ပေးတဲ့နည်းမျိုး သုံးနိုင်တယ်။ သို့သော် မှဲ့ခြောက် အရေအတွက်များတာ၊ အရွယ်အစားကြီးတဲ့အခါ အဆိုပါနည်းတွေနဲ့ အဆင်မပြေကြဘူး။ အေးခဲနည်း (cryotherapy)၊ လျှပ်စစ်တို့နည်း (electrodissection)တွေလည်း အသုံးဝင်ပါတယ်။ အမာရွတ်ကျန်နိုင်တယ်။ မသက်သာရင် နောက်ဆုံး လေဆာပစ်လို့ရတယ်။ လေဆာထဲမှာ CO2 laser, Nd:YAG laser, KTP laser, plasma laser တွေ သုံးပြီး လူကြီးမှဲ့ခြောက်တွေ ဖျက်ဆီးပစ်နိုင်ပါတယ်။ 

သတိပြုစရာအချက်

လူကြီးမှဲ့ခြောက်ဟာ FGFR3 မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တာကြောင့် ကုပြီး တခြားတနေရာက ပြန်ထွက်နိုင်သေးတယ်။ ကုပြီးရင် ဆက်လုပ်ရမှာက ကာကွယ်ခြင်းဖြစ်တယ်။ ခရမ်းလွန်ရောင်ခြည်အေက လူကြီးမှဲ့ခြောက် ထွက်လာနိုင်တယ်။ ဒါ့ကြောင့် နေလောင်ခြင်းကို ကာကွာယ်ဖို့ Titanium dioxide, zinc oxide ပါတဲ့ နေလောင်ကာလိမ်းဆေးတွေလိမ်းသင့်တယ်။ သတိပြုရမှာက လူကြီးမှဲ့ခြောက်တွေ ဖျက်စီးလိုက်ရင်တောင် အခြားနေရာမှာ မှဲ့ခြောက်တွေ ဆက်လက်ထွက်ပေါ်လာနိုင်ပါသေးတယ်။

ဒေါက်တာအေးမင်းထူး

(အရေပြားအထူးကုဆရာဝန်)

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

Please Post Your Comments & Reviews

Your email address will not be published. Required fields are marked *

No Comments & Reviews