Pinta တောင်အမေရိက နူနာရောဂါ
Pinta (ပင်တာအနာ)ဟာ Treponema carateum ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နာတာရှည်အနာရောဂါတစ်မျိုးဖြစ်ပါတယ်။ treponematoses ရောဂါစုထဲမှာ ပါဝင်ပြီး အရေပြားချင်း တိုက်ရိုက်ထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ ခြင်၊ ယင်ကောင် စသည့် အင်းဆက်ပိုးကောင်တွေကတဆင့် သွယ်ဝိုက်ပြီး ကူးစက်နိုင်တယ်လို့ ယူဆကြတာလည်း ရှိတယ်။ ဒီအနာရောဂါဟာ အရေပြားကိုသာထိခိုက်စေပြီး တခြားကိုယ်တွင်းအင်္ဂါထိ မပျံ့နှံ့ပါဘူး။ အခုခေတ်မှာ ဒီရောဂါဟာ အလွန်ရှားပါးသွားပြီ ဖြစ်ပေမယ့် အမေရိကတိုက်ရှိ ကျေးလက်ဒေသတွေမှာ တွေ့ရတတ်ပါတယ်။ အသက် ၁၅ နှစ်မှ ၃၀ အတွင်း လူငယ်တွေမှာ အဖြစ်များပြီး သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကတွေ့ရတယ်။
ရောဂါလက္ခဏာရပ်များ
၁။ ပထမအဆင့် (Primary Stage)
ဒီအဆင့်ဟာ ရောဂါပိုး ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး ၂-၃ ပတ်အကြာမှာ စတင်ပေါ်ပေါက်လာတယ်။ “pintid” လို့ခေါ်တဲ့ ရောင်ရမ်းနေတဲ့ အဖုကလေးတွေ ပေါ်လာတယ်။ ဒီအဖုဟာ အရေပြားမှာ နှေးကွေးစွာ ပြန့်ကားလာတယ်။ ပြန်ရည်ကျိတ်တွေရောင်ရမ်းတတ်တယ်။ ဒီအဆင့်မှာနာကျင်မှုမရှိတာများတယ်။
၂။ ဒုတိယအဆင့် (Secondary Stage)
ပထမအဆင့် စတင်ပြီး ၅-၁၂ လ အကြာမှာ ဖြစ်ပေါ်လာတယ်။ ဒီအဆင့်မှာတော့ ကိုယ်ခန္ဓာအခြားနေရာများထိ ရောဂါပျံ့နှံ့သွားတတ်ပြီး “pintids” ခေါ်တဲ့ အဖုတွေဟာ နေရာအနှံ့အပြား ပေါ်ပေါက်လာတယ်။ အဖုဟာ အနီ၊ ပန်းရောင်၊ ခရမ်းရောင်၊ မီးခိုးရောင်စသည်ဖြင့် အရောင်စုံဖြစ်ပေါက်လာတယ်။ ဒီအဆင့်မှာ အဖုတွေဟာ စတင်ယားယံလာတတ်တယ်။
၃။ တတိယအဆင့် (Tertiary Stage)
တတိယအဆင့်ဟာ ရောဂါစတင်ပြီး ၂-၅ နှစ် အကြာမှာ ဖြစ်ပေါ်လာတယ်။ အရေပြားပျက်စီးမှုကြောင့် အဖြူကွက် (hypopigmentation) သို့မဟုတ် အမည်းကွက် (hyperpigmentation)တွေ ဖြစ်ပေါ်လာတယ်။ သိသိသာသာ ချွေးထွက်နည်းသွားတတ်တယ်။ အရေပြားဟာ ထူပျစ်ပြီး အမာရွတ်ပမာ ပြောင်းလဲလာတတ်တယ်။ ရာသက်ပန် အရေပြားအရောင်ပြောင်းလဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ စိတ်ကျဝေဒနာတွေ ခံစားရတတ်တယ်။
ဒီရောဂါဖြစ်တဲ့အခါ VDRL, RPR နည်းတွေနဲ့ စစ်ဆေးနိုင်တယ်။ Treponemal နဲ့ Nontreponemal အတွက် တန်ပြန်ခုခံတဲ့ဓာတ် (antibodies) ရှိမရှိ စစ်ဆေးကြည့်တယ်။ Darkfield Microscopy အဏုကြည့်မှန်ပြောင်းနည်းပညာဟာ အနာကထွက်တဲ့ အရည်မှာ Treponema carateum ဘက်တီးရီးယားပိုး ရှိမရှိ တိုက်ရိုက်ရှာဖွေစစ်ဆေးနိုင်တယ်။
ကုသနည်း
Penicillin G ဟာ ပင်တာအနာအတွက် ထိရောက်မှုအရှိဆုံး ဆေးဝါးဖြစ်တယ်။ Penicillin ဓာတ်မတည့်သူများအတွက် Doxycycline (သို့မဟုတ်) Tetracycline ဆေးကို အစားထိုးအသုံးပြုနိုင်တယ်။ ဆေးကို ရက်သတ္တပတ်အနည်းငယ် သောက်သုံးဖို့ လိုအပ်တယ်။ ဆေးကုသမှု စတင်ပြီးနောက် ၆-၁၂လ အတွင်း အရေပြားလက္ခဏာတွေ သိသိသာသာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
ကာကွယ်နည်း
ပင်တာအနာရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့မှု ရှောင်ကြဉ်ပါ။ သန့်ရှင်းတဲ့ ရေနှင့် ဆပ်ပြာကို အသုံးပြုပြီး မကြာခဏ လက်ကိုဆေးကြောပါ။ ရောဂါလက္ခဏာတွေ စတင်ပေါ်လာရင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။
ပင်တာအနာရောဂါဟာ အခုအခါ အလွန်ရှားပါးတဲ့ အနာရောဂါတစ်ခုဖြစ်ပေမယ့် နူတဲ့ရောဂါဆန်ဆန် အရေပြားလက္ခဏာကြောင့် လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ်ထိခိုက်စေနိုင်တယ်။ ဒီရောဂါဟာ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ အပြည့်အဝပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်လို့ အရေပြားမှာ ပုံမှန်မဟုတ်တဲ့ အဖုအပိန့်တွေ၊ အရောင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နှင့် ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews