Cutaneous Larva Migrans အရေပြားအောက် သန်ချိတ်ကောင်ရွေ့လျားခြင်း
Cutaneous Larva Migrans ဆိုတာ အရေပြားအောက် သန်ချိတ်ကောင်သွားလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားယားနာ တစ်မျိုးဖြစ်ပါတယ်။ Cutaneous အရေပြားအောက်မှာ Larva သန်ချိတ်ကောင်ပေါက်စတွေဟာ Migrans ရွေ့လျားသွားလာနေတယ်လို့ အဓိပ္ပါယ်ရတယ်။ သန်ချိတ်ကောင်ကြောင့် အရေပြားမှာ တွန့်လိမ်နေတဲ့ အနီရောင်အစင်းကြောင်းတွေ ဖြစ်ပေါ်လာပြီး ယားယံလာတယ်။ သန်ကောင်က အမြဲရွေ့လျားနေလို့ ယားယံမှုဟာ အစဉ်ပြောင်းလဲနေပါတယ်။ခြေဖဝါး၊ ခြေထောက်၊ တင်ပဆုံ၊ ပေါင် စတဲ့ မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့တတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဖြစ်များပါတယ်။
ခွေး၊ ကြောင်တို့ရဲ့ အူထဲမှာ သန်ချိတ်ကောင် (hookworm)တွေရှိနေတတ်တယ်။
ဒီသန်ချိတ်ကောင်ရဲ့ဥတွေဟာ တိရိစ္ဆာန်မစင်မှာ ပါဝင်လေ့ရှိပြီး စိုထိုင်းစများတဲ့ မြေကြီးပေါ်ရောက်တဲ့အခါ အကောင်ပေါက် (larvae)လေးတွေအဖြစ် ပြောင်းလဲသွားတယ်။ တိရိစ္ဆာန်မစင်နဲ့ ထိတွေ့မိတဲ့အခါ ဒီသန်ကောင်ပေါက်လေးတွေဟာ လူ့ခန္ဓာကိုယ်အရေပြားထဲ လမ်းမှားဝင်ရောက်လာပြီး လပေါင်းများစွာ ရွေ့လျားနေတတ်ပါတယ်။
သန်ချိတ်ကောင်တွေဟာ ကပ်ပါးပိုးဖြစ်လို့ လူ့အရေပြားမှာ ကြာရှည်မနေနိုင်ဘူး။ အဖြစ်များတဲ့ သန်ချိတ်ကောင်တွေက Ancylostoma braziliense နဲ့ Ancylostoma caninum မျိုးစိတ်တွေ ဖြစ်ပါတယ်။ ခြေဗလာသွားလာတတ်တဲ့ ကလေးငယ်တွေနဲ့ လယ်သမားတွေမှာ အဖြစ်များတယ်။ ဒီသန်ချိတ်ကောင်ပေါက်စတွေ ရှိတဲ့ မြေကြီးပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်မိတဲ့အခါ သန်ကောင်လေးတွေဟာ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။ ကမ်းခြေ၊ သဲသောင်ပြင်၊ ကလေးကစားကွင်း၊ လယ်တော၊ ယာတောစတဲ့ တိရိစ္ဆာန်မစင်ရှိတဲ့ မြေကြီးတွေမှာ အဖြစ်များတယ်။
သန်ချိတ်ကောင် စတင်ဝင်ရောက်တဲ့အခါ အရေပြားမှာ အနီစက်၊ အင်ပြင်လိုအဖုတွေ စတင်ပေါ်ပေါက်တတ်တယ်။ သန်ကောင်ဝင်ရောက်တဲ့နေရာမှာ ပူစပ်ပူလောင် ခံစားရတယ်။ ဒီလက္ခဏာဟာ သန်ကောင်ဝင်ရောက်ပြီး ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ ယေဘုယျအားဖြင့် သန်ကောင်ဟာ တစ်ရက်ကို ၂ မှ ၅ မီလီမီတာ ကြား ရွေ့လျားတတ်ပါတယ်။သန်ချိတ်ကောင်သွားတဲ့နေရာမှာ မြွေလိမ်တွန့်ပုံစံ အနီရောင်အစင်းကြောင်း (သို့) အကွက်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီအကွက်ဟာ သန်ကောင် ရွေ့လျားတဲ့လမ်းကြောင်း ဖြစ်ပြီး အစင်းကြောင်းရဲ့ ထိပ်ဖျားမှာ သန်ကောင် ရှိနေပါတယ်။ သန်ကောင်ရွေ့လျားစဉ် ပြင်းထန်တဲ့ ယားယံခြင်းကို ခံစားရတယ်။ ညဘက်မှာ ပိုဆိုးတတ်တယ်။ တခါတရံ အဖျားတက်တာလည်း ရှိတယ်။
ကုသနည်း
သန်ချိတ်ကောင်ကုတဲ့အခါ Albendazole 400mg သန်ချဆေးကို တရက် (၂)ကြိမ် ၃-၇ ရက်ခန့် သောက်သုံးရတယ်။ Ivermectin 12mg ကပ်ပါးပိုးသတ်ဆေးကို တစ်ကြိမ်တည်း (သို့မဟုတ်) လိုအပ်ရင် နှစ်ကြိမ်ထိ ပေးနိုင်တယ်။ Thiabendazole 5% ointment လိမ်းဆေးကို သန်ကောင်ရှိတဲ့အရေပြားမှာ တစ်နေ့ ၂-၃ ကြိမ် လိမ်းပေးနိုင်တယ်။ ဒီရောဂါမှာ လိမ်းဆေးဟာ သောက်ဆေးလောက် မထိရောက်တာတွေ့ရတယ်။ တခါတရံ ကုသဖို့မလိုအပ်ဘဲ ၄-၈ပတ်အတွင်း သူ့ဘာသာပျောက်ကင်းသွားတာမျိုးလည်းရှိပါတယ်။
အကြံပြုချက်
ကမ်းခြေ၊ သဲသောင်ပြင်နဲ့ မြေကြီးပေါ်သွားတဲ့အခါ ဖိနပ်စီးပါ။ မြေကြီးပေါ် ထိုင်တဲ့အခါ ဖျာ (သို့) တဘက် ခင်းထိုင်ပါ။ တိရိစ္ဆာန် မစင်ရှိတဲ့နေရာတွေမှာခြေဗလာနဲ့ လမ်းမလျှောက်ပါနဲ့။ အိမ်မွေး တိရိစ္ဆာန် (ခွေး၊ ကြောင်)တွေကို သန်ချဆေး မှန်မှန်တိုက်ပါ။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews