Open 9:00-12:00 AM
+95 92051590

Lentigo

31 Oct, 2021 | No Comments

Lentigo

Lentigo နေလောင်အမည်းကွက်

Lentigo ဆိုတာ နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အညိုရောင် အမည်းကွက်တွေ ဖြစ်ပါတယ်။ ပဲနီစေ့(lentil)ပုံစံ အရွယ်အစားရှိလို့ lentigo လို့ ခေါ်ပါတယ်။Lentigo အမျိုးအစားတွေထဲမှာ Solar Lentigo (နေလောင်အမည်းကွက်)၊ Simple Lentigo (သာမန်အမည်းကွက်) နဲ့ Ink Spot Lentigo (မှင်စက်အမည်းကွက်) ဆိုပြီးရှိတယ်။

Solar Lentigo ဟာ နေရောင်ကြောင့် အဓိကဖြစ်ပြီး အသက်ကြီးသူတွေမှာ အဓိကတွေ့ရတတ်တယ်။ Simple Lentigo (သာမန်အမည်းကွက်)ကတော့ နေရောင်ကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေး ပေါ်နိုင်တယ်။ ကလေးဘဝကတည်းက စပေါ်လာတတ်တယ်။Ink Spot Lentigo (မှင်စက်အမည်းကွက်)ဟာ အသားဖြူသူတွေမှာ ပိုတွေ့ရပြီး မှင်စက်ပြောက်တွေလို အမည်းရောင်အကွက်တွေဖြစ်တယ်။

Solar lentigo (နေလောင်မှဲ့ကွက်)တွေကို အသက် ၅၀ ကျော် အမျိုးသမီးတွေမှာ အဓိကတွေ့ရတတ်ပါတယ်။ တစ်ခါတရံ မျိုးရိုးလိုက်တတ်တယ်။မျက်နှာ၊ လက်၊ လည်ပင်း၊ ပခုံးတွေမှာ အဓိက ပေါ်ပေါက်လာတတ်တယ်။နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်အရေပြားအတွင်းပိုင်းရှိ အမည်းရောင် မယ်လနင်ဆဲလ် (melanocytes)တွေ ပုံမှန်ထက် ပိုမိုပွားများလာပါတယ်။ ဒါ့ကြောင့် Solar Lentigo ကို နေလောင်မှဲ့ကွက် လို့လည်းခေါ်ကြတယ်။ ဒီအမည်းကွက်ဟာ မှဲ့ခြောက်(freckles) အစက်ပျောက်တွေထက် အရောင်ပိုရင့်ပြီး မပျောက်ဘဲ ရှိနေတတ်ပါတယ်။

Solar Lentigo အကွက်တွေဟာ အညိုရောင်၊ အမည်းရောင်ရှိပြီး အရွယ်အစားအားဖြင့် ၂ မီလီမီတာမှ ၂ စင်တီမီတာအထိ ရှိနိုင်တယ်။ အမည်းကွက် အနားသတ်ဟာ ကြည်လင်ပြတ်သားတယ်။အမည်းကွက်က ယားယံတာ၊ နာကျင်တာမျိုးမရှိတတ်ဘူး။ပါးပြင်၊ နှာခေါင်း၊ နဖူးစတဲ့နေရာတွေအဖြစ်များပြီး လက်ဖမိုး၊ လက်ကောက်ဝတ်တွေမှာ တွေ့ရတတ်တယ်။ လက်မောင်း၊ ပခုံးနဲ့ ကျောပြင်မှာလည်းဖြစ်တတ်တယ်။ Lentigoဟာ တစ်နှစ်ပတ်လုံး အရောင်မဖျော့ဘဲ ရှိနေတတ်တယ်။

Solar Lentigo (နေလောင်မှဲ့ကွက်) နဲ့ Freckles (မှဲ့ခြောက်)ဟာ မှားယွင်းတတ်ပေမယ့် အမည်းကွက်ပုံစံနဲ့ အသက်အရွယ်ကြည့်ပြီး ခွဲခြားနိုင်တယ်။Lentigo ဟာ အညိုရင့်ရောင်ရှိပြီး အမည်းကွက်ရဲ့ အနားသတ်တွေဟာ ထင်ရှားတယ်။ နေလောင်ကွက်တွေဟာ အသက်အရွယ်ကြီးရင့်သူမှာ အဖြစ်များတယ်။ Freckles မှဲ့ခြောက်ကတော့ အညိုနုရောင်ရှိပြီး အမည်းစက်အနားသတ်တွေဟာ မသိသာဘဲ ရောထွေးနေတတ်တယ်။ မှဲ့ခြောက်တွေဟာ ကလေး၊ ဆယ်ကျော်သက် ကလေးတွေမှာ အဖြစ်များတယ်။ မယ်လနင်ဆဲလ် ပွားများမှုဟာ lentigo (နေလောင်ကွက်)မှာ သိသာပြီး Freckles (မှဲ့ခြောက်) မှာ  ပုံမှန်အတိုင်းသာ ရှိတယ်။မှဲ့ခြောက်တွေက ဆောငိးတွင်းမှာ အရောင်ဖျော့တတ်ပြီး နေလောင်အမည်းကွက်တွေက အရောင်မှိန်တာဖျော့တာမရှိဘူး။ 

ကုသနည်း

Lentigo အမည်းကွက်ဟာ ပုံမှန်အားဖြင့် ကုသစရာမလိုပါဘူး။ ဒါပေမယ့် အမည်းကွက်ကမျက်နှာအလှအပပျက်စီးစေတာကြောင့် ကုသလို့ရတယ်။ လိမ်းဆေးတွေထဲမှာ Hydroquinone ၊ Vitamin C၊ Tretinoin ၊ Azelaic acid စတာတွေ အသုံးပြုနိုင်တယ်။ မသက်သာရင် လေဆာပစ်လို့ရတယ်။ အသုံးများတဲ့ လေဆာတွေက Q-switched Nd:YAG laser နဲ့ CO2 laser တွေဖြစ်တယ်။ Cryotherapy (အအေးကုထုံး)လည်း အသုံးပြုနိုင်တယ်။ဓာတုအရေပြားချွတ်နည်း (Chemical Peels)တွေ ပြုလုပ်နိုင်တယ်။

ကာကွယ်ခြင်း

နေလောင်ခြင်းကို ကာကွယ်ဖို့ SPF 30+ (သို့) SPF 50+ ပါတဲ့ နေလောင်ကာခရင်မ် (Sunscreen) နေ့စဉ်အသုံးပြုသင့်တယ်။ UVA ကာကွယ်တဲ့ PA+++ အဆင့်ရှိ နေလောင်ကာမျိုး ရွေးချယ်သင့်တယ်။ နေပူထဲ ကြာရှည်စွာ မနေပါနဲ့။မွန်းတည့်ချိန် (နေ့ ၁၀ နာရီမှ ၄ နာရီ) နေရောင်ပြင်းတဲ့အချိန် ရှောင်ပါ။ နေပူထဲထွက်ရင်လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။ နေရောင်ကာ ထီး၊ ဦးထုပ်၊ ပဝါ စတာတွေ သုံးပါ။ 

Lentigo ဟာ အန္တရာယ်မရှိပေမယ့် PEUTZ-JEGHERS SYNDROME လို ရှားပါးရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ အမည်းစက်တွေ ကြီးထွားလာတာ၊ အမည်းစက်အသစ်ထွက်တာ၊ အရောင်ပြောင်းတာရှိရင် အရေပြားဆရာဝန်နှင့် ပြသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews