Open 9:00-12:00 AM
+95 92051590

Superficial pustular folliculitis (SPF)

29 Oct, 2021 | No Comments

Superficial pustular folliculitis (SPF)

Superficial pustular folliculitis အရေပြားအပေါ်ယံ ပြည်စလေးများ

Superficial (အပေါ်ယံမျက်နှာပြင်)မှာ Folliculitis (မွေးညှင်းပေါက်ရောင်ရမ်းခြင်း)ကြောင့် Pustular ပြည်တည်နာဖြစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ ဒါဟာ မွေးညှင်းပေါက်ရောင်ရမ်းခြင်းရဲ့ အနုစား လက္ခဏာတရပ်ဖြစ်ပြီး မွေးညှင်းပေါက်ရဲ့ အရေပြားအောက်အလွှာကို မထိခိုက်သေးတဲ့အတွက် ပျောက်ကင်းလွယ်ပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ

ဒီရောဂါမှာ Staphylococcus aureus (Staph) ဆိုတဲ့ ဘက်တီးရီးယားပိုးက အဓိကတရားခံဖြစ်ပါတယ်။ ဒီပိုးဟာ လူ့အရေပြားပေါ်မှာ ပုံမှန်နေထိုင်နေတတ်ပြီး၊ အရေပြားစုတ်ပြဲမှုကြောင့် မွေးညှင်းပေါက်ထဲ ရောဂါပိုးဝင်ရောက်သွားတဲ့အခါ ပြည်တည်နာလေးတွေ စတင်ဖြစ်ပေါ်စေပါတယ်။ တခါတရံ အများသုံး ရေကူးကန်၊ ရေနွေးကန်တွေကတဆင့် ကူးစက်တတ်ပါတယ်။ Hot Tub Folliculitis ခေါ်ပါတယ်။ Pseudomonas aeruginosa ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်စေတယ်။

ဖြစ်ပွားစေနိုင်သော အခြေအနေများ (Risk Factors)

ပူအိုက်တဲ့ရာသီမှာ တင်းကျပ်သောအဝတ်အစားတွေကြောင့်လည်း မွေးညှင်းပေါက်ရောင်ရမ်းတတ်တယ်။  ချွေးအလွန်ထွက်ခြင်းကြောင့် ချွေးနဲ့ ဆဲလ်သေတွေဟာ မွေးညှင်းပေါက်တွေကို ပိတ်ဆို့တဲ့အခါ ဒီပြဿနာတွေဖြစ်ပေါ်လာပါတယ်။ တခါတရံ အရေပြားကို မတော်တဆခြစ်မိ၊ ပွန်းပဲ့မိရာက ပိုးဝင်တတ်တယ်။ နာတာရှည်အရေပြားရောဂါ၊ဆီးချိုရောဂါ၊ HIV/AIDS ရှိသူများ၊ ကော်တီကိုစတီးရွိုက်ဆေး ကြာရှည်သောက်သုံးသူတွေမှာလည်း တွေ့ရတယ်။ 

လက္ခဏာများ

မွေးညှင်းပေါက်ရောင်ရမ်းတဲ့အခါ အရေပြားမှာ အဖြူရောင် (သို့) အဝါရောင် 

ပြည်တည်နာကလေး(Pustules)တွေ စတင်ဖြစ်ပေါ်လာတယ်။ ပြည်တည်နာရဲ့ အလယ်ဗဟိုမှာ မွေးညှင်းတစ်ချောင်း ရှိနေတတ်ပါတယ်။ ပြည်တည်နာကို ဝန်းရံထားတဲ့ အရေပြားဟာ နီရဲရောင်ရမ်းနေတတ်ပါတယ်။ တခါတရံ ယားယံတတ်တယ်။ တချို့လူနာတွေမှာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နာကျင်တတ်ပါတယ်။ အဖြစ်များတဲ့နေရာတွေက မျက်နှာ (မေးရိုး၊ မုတ်ဆိတ်မွေးညှင်းပေါက်များ)၊ လည်ပင်း၊ ပေါင်၊ပေါင်ခြံ၊ ချိုင်း၊ လက်မောင်း၊ တံတောင်ဆစ်စတဲ့နေရာတွေဖြစ်တယ်။

ယေဘုယျအားဖြင့် ပြည်တည်နာကို ပုံစံကြည့်ပြီး အလွယ်တကူ သိရှိနိုင်တယ်။ လိုအပ်ရင် ပြည်ကို နမူနာယူစစ်ဆေးခြင်း (Swab Test)ပြုလုပ်ပြီး ဖြစ်တဲ့ ဘက်တီးရီးယားအမျိုးအစားကို အတိအကျသိရှိနိုင်တယ်။ ရှားရှားပါးပါး ရောဂါအဖြေရှာမရသည့်အခါမျိုးမှာ အသားစယူ (Skin Biopsy)ပြုလုပ်လေ့ရှိတယ်။

ကုသနည်း

Superficial Pustular Folliculitis အပေါ်ယံပြည်တည်နာတွေဟာ ကုသရမခက်ခဲပါဘူး။ပိုးသတ် လိမ်းဆေး(Topical Antibiotics)တွေ လိမ်းပေးနိုင်တယ်။ အသုံးများတဲက လိမ်းဆေးတွေက Mupirocin Ointment၊ Fusidic Acid Cream၊ Clindamycin Lotion လိမ်းဆေးတွေဖြစ်တယ်။ ဆေးကို တစ်နေ့ ၂-၃ ကြိမ် အနာပေါ်လိမ်းပေးသင့်တယ်။ အနာက ပျံ့နှံ့နေရင် ပဋိဇီဝသောက်ဆေး (Oral Antibiotics) တွေလိုတယ်။ Dicloxacillin၊ Cephalexin၊ Doxycycline စသည့်ဆေးများ ဖြစ်ကြပါတယ်။ ဒီဆေးတွေက ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးသင့်တယ်။

အိမ်တွင်းကုထုံး

အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အရင်ဆုံး ပြည်တည်နာကို ဆပ်ပြာပျော့ပျော့နဲ့သန့်ရှင်းပေးပါ။အဝတ်စသန့်သန့်ကို ရေနွေးနွေးလေးဆွတ်၍ တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် ကပ်ပေးသင့်တယ်။ ရောင်ရမ်းမှုကို သက်သာစေပြီး ပြည်များကို ချက်ချင်းထွက်စေနိုင်ပါတယ်။

ကာကွယ်ခြင်း

၁.  အနာကို နေ့စဉ် ဆပ်ပြာပျော့ပျော့ဖြင့် ဆေးကြောပေးပါ။

၂.  ချွေးထွက်တိုင်း အဝတ်စနဲ့ သေချာသုတ်ပါ။

၃.ချောင်ချိပြီး လေဝင်လေထွက်ကောင်းသော ချည်သားအဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ။

၄.  အများသုံး ရေကူးကန်မှာ ရေကူးပြီးတိုင်း  ဆပ်ပြာနှင့် ရေနဲ့ ရေချိုးပါ

၅.  သူများသုံးထားတဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစားတွေကို မသုံးစွဲပါနဲ့။

မှတ်သားရန်အချက်များ

Superficial Pustular Folliculitis ဟာ သူများကို မကူးစက်နိုင်သော ရောဂါတမျိုး ဖြစ်ပါတယ်။ အကယ်၍ ရောဂါပိုးဟာ ပိုမိုနက်ရှိုင်းသော မွေးညှင်းပေါက်အထိ ရောက်ရှိသွားပါကပြင်းထန်သော ပြည်တည်နာကျိတ် (Furuncles or Boils)တွေ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့ကြောင့် ၃-၄ ရက်အတွင်း မသက်သာပါက ဆရာဝန်နှင့် စနစ်တကျ ပြသဖို့ အရေးကြီးပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews