Open 9:00-12:00 AM
+95 92051590

Pyogenic granuloma

29 Oct, 2021 | No Comments

Pyogenic granuloma

Pyogenic granuloma သွေးစုကျိတ်နာ

သွေးစုကျိတ်နာ (Pyogenic granuloma) ဆိုတာ ဆံခြည်မျှင်သွေးကြောတွေ စုစည်းရာက ဖြစ်လာတဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ pyogenic ဆိုပေမယ့် ရောဂါပိုးမွှားကြောင့် မဟုတ်ဘဲ အရေပြားကဖြစ်လာတဲ့ စက်လုံးပုံစံ သွေးစုကျိတ် (capillary haemangioma)အနာတစ်မျိုးသာ ဖြစ်ပါတယ်။ သွေးစုကျိတ်တစ်မျိုးဖြစ်လို့ ချယ်ရီရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဘာ့ကြောင့်ဖြစ်လဲ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ချေသီအိုရီတွေတော့ ရှိပါတယ်။ သာမန်အရေပြားထိခိုက်မိတာ၊ မကြာခဏပွတ်တိုက်မိရာကနေ သွေးစုကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ ဖြစ်ရင်ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်။ ပိုးမွှားတွေထဲမှာ Staphylococcus aureus ပိုးမွှားတွေကြောင့် ဖြစ်နိုင်တယ်။ တခါတရံ သောက်ဆေးတွေနဲ့ သက်ဆိုင်တတ်တယ်။ HIV ဆေး၊ ကင်ဆာဆေး၊ retinoid သောက်ဆေး၊ ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကနေ ဖြစ်တတ်တယ်။ 

သွေးစုကျိတ်နာဖြစ်စမှာ နာကျင်ကိုက်ခဲမှုမရှိတဲ့ ကြက်သွေးရောင် အလုံးအကျိတ်က အရေပြားက ဖောက်ထွက်လာပါတယ်။ ဘေးသားတွေက နည်းနည်းဖြူနေတတ်တယ်။ အရွယ်အစား ၅-၁၀မီလီမီတာလောက် ရှိတယ်။ သွေးစုကျိတ်နာ အများစုဟာ တစ်လုံးထဲသီးခြားတွေ့ရပါတယ်။ ဖြစ်စမှာ ခပ်လုံးလုံးအကျိတ်ဖုပုံစံကနေ ကြာလာတဲ့အခါ အနာရင်းတာ၊ ကွဲအက်လာတာအပြင် အသားစတွေပါ ထွက်လာတတ်ပါတယ်။ အရေပြားနဲ့ အမှေးပါးရှိတဲ့နေရာတိုင်း ဖြစ်န်ိုင်တယ်။ သွေးကြောတွေစုစည်းထားတဲ့နေရာဖြစ်လု့် သာမန်ထိခိုက်မိရုံနဲ့ သွေးယိုတတ်ပါတယ်။ မျက်နှာ၊ ပါးစပ်၊ လက်ချောင်း၊ လက်မောင်းစတဲ့ နေရာတွေအဖြစ်များပြီး မျက်နှာနဲ့ လက်ချောင်းတွေမှာ အဓိကတွေ့ရပါတယ်။

သွေးစုကျိတ်နာတွေဟာ အသက် (၆)နှစ်ဝန်းကျင် ကလေးငယ်တွေမှာ အများဆုံးတွေ့ရတတ်တယ်။ ဆယ်ကျော်သက်အရွယ် ယောကျာ်းလေးတွေမှာလည်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် သွေးစုကျိတ်နာဖြစ်ရင် ပါးစပ်၊နှုတ်ခမ်းစတဲ့နေရာတွေမှာ အဖြစ်များတယ်။ တားဆေး(OC pills)တွေကြောင့်လည်း ဖြစ်န်ိုင်ပါသေးတယ်။ 

သွေးစုကျိတ်နာ (pyogenic granuloma) တွေဟာ မကြာခဏဖြစ်တတ်လို့ ထပ်မဖြစ်အောင် ကုသဖို့ လိုပါတယ်။ လိမ်းဆေးတွေ သုံးကြတာရှိပါတယ်။ imiquimod 5% cream, Timolol 0.5% gel စတဲ့ လိမ်းဆေးတွေအပြင် ဆားအုံတဲ့နည်းလည်း သုံးကြတယ်။ အကျိတ်ကို စတီးရွိုက်ထိုးဆေးတွေ ထိုးပေးနိုင်တယ်။ ခွဲစိတ်တာ၊ ခြစ်ထုတ်ပစ်တာ၊ မီးရှို့တာ၊ အေးခဲစေတဲ့နည်းတွေအပြင် လေဆာနဲ့ဖြတ်ထုတ်တာ (ablative laser)စတဲ့နည်းတွေလည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်ကြောင့် ဖြစ်တာကလွဲရင် သွေးစုကျိတ်နာအများစုဟာ သူ့ဘာသာပျောက်ကင်းတာ ရှားပါတယ်။ သွားဖုံး၊ ပါးစောင်တွေမှာ ဖြစ်ရင် ပြန်ဖြစ်တတ်လို့ ရောဂါအမြစ်ပြတ်အောင် စနစ်တကျကုသသင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews