Open 9:00-12:00 AM
+95 92051590

Callus

31 Oct, 2021 | No Comments

Callus

Callus ဆိုတာ အသားမာတက်တာကို ခေါ်ပါတယ်။ ခြေထောက်တွေမှာ အဖြစ်များတယ်။ ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်းကြောင့် အရေပြားက ထူထဲပြီး မာကျောလာပါတယ်။ အချိန်ကြာလာတဲ့အခါ အသားမာအဖြစ် ပြောင်းလဲလာပါတယ်။အရေပြားပေါ် ဖိအားသက်ရောက်တဲ့နေရာမှန်သမျှ ဖြစ်နိုင်တယ်။ အထူးသဖြင့် အရိုးနဲ့ပွတ်တိုက်မိတဲ့ ခြေဖဝါးအပိုင်းနေရာတွေက ဒဏ်ဖြစ်ပြီး အသားမာတက်လာနိုင်ပါတယ်။

 

ခြေဖဝါးအသားမာတက်ရင် plantar callus ခေါ်ပါတယ်။ ခုံးတဲ့ ခြေဖဝါးရှေ့ပိုင်းက အဖြစ်များဆုံးနေရာဖြစ်ပါတယ်။ လက်ဖဝါးတွေမှာ တွေ့ရတဲ့ အသားမာကို palmar callus ခေါ်ပါတယ်။ တယောသမားရဲ့ မေးစေ့မှာလည်း အသားမာ(callus) တည်နိုင်တယ်။ violinist’s chin ခေါ်ပါတယ်။ ဂစ်တာတီးသူတွေလည်း လက်အသားမာ ဖြစ်လေ့ရှိပါတယ်။

အသားမာ(callus)ရဲ့ လက္ခဏာရပ်တွေက ဆဲလ်သေ အထပ်ထပ်ပိတ်ဆို့ထားလို့ အရေပြားထူပြီးမာနေမယ်။ ဧရိယာကျယ်တယ်။ ဖိရင် နာကျင်မှု မရှိဘူး။ ထိတွေ့မှုအာရုံ နည်းနေတတ်တယ်။ အရောင်ရင့်တာ၊ ဝါတာဖြစ်နိုင်တယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လေးဆလောက် ပိုဖြစ်နိုင်တယ်။ ဒေါက်မြင့်ဖိနပ်စီးသူတွေဟာ ခြေချောင်းတွေပေါ် မလိုအပ်ဘဲ ဖိအားသက်ရောက်စေလို့ အသားမာ ထတတ်တယ်။ ကြိုးသိုင်းဖိနပ်၊ ညှပ်ဖိနပ်တွေကြောင့် အသားမာတက်နိုင်တယ်။

ကုသနည်း

အသားမာ ပျော့ပြောင်းလာအောင် အရင်ဆုံး ပြုလုပ်ရပါတယ်။ ဆေးမလိမ်းခင် ခြေထောက်ကိုဆားရေနွေး (သို့) ရှာလကာရည်ထဲ ဆယ်မိနစ်ခန့်စိမ်ပါ။ အရေပြားပျော့လာရင် ရေမြှုပ်ကျောက် (သို့) အဝတ်ကြမ်းနဲ့ပွတ်တိုက်ပါ။ ခြေထောက်ကို အလှဆီ၊ အုန်းဆီ တစ်မျိုးမျိုး လိမ်းနိုင်တယ်။ petroleum jelly တွေက ပိုကောင်းတယ်။ အထူးသဖြင့် aquaphor ointment မှာ petrolleum jelly, lanolin, glycerin ပါလို့ အစိုဓာတ်ထိန်းပေးနိုင်တယ်။ salicylic acid နဲ့ urea 20% cream တွေ သုံးနိုင်တယ်။ အက်ဆစ်ဓာတ်များတဲ့ ရှောက်သီး၊ သဘော်သီး၊ နာနတ်သီးတွေ သုံးလို့ရတယ်။ ရှာလကာရည်၊ မုန့်ဖုတ်ဆော်ဒါအဝတ်စို ကပ်တာတွေက ခြေဖဝါး၊ဖနောင့်အသားမာမှာ အသုံးဝင်တယ်။ လက်ချောင်းတွေဖြစ်ရင် ဆေးဝတ်စီးပြီး ကုသရပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews