Open 9:00-12:00 AM
+95 92051590

Staphylococcus Scalded Skin Syndrome (SSSS)

29 Oct, 2021 | No Comments

Staphylococcus Scalded Skin Syndrome (SSSS)

Staphylococcal Scaled Skin Syndrome အပေါ်ယံအရေပြားကွာကျခြင်း

Staphylococcal Scaled Skin Syndrome (SSSS) ဆိုတာ ဘက်တီးရီးယားအဆိပ်တစ်မျိုး(Exfoliative Toxin)ကြောင့် အရေပြားမျက်နှာပြင်ဟာ အပူလောင်သလို ပျက်စီးပြီး ရုတ်တရက် ကွာကျတဲ့ရောဂါလက္ခဏာ ဖြစ်ပါတယ်။ Exfoliative Toxin ကို Staphylococcus aureus ဘက်တီးရီးယားပိုးက အဓိကထုတ်လုပ်ပေးတယ်။ အဆိုပါ အဆိပ်အတောက် ဟာ သွေးကြောထဲဝင်ရောက်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားရင် အရေပြားဆဲလ်ချိပ်ဆက်မှု ယိုယွင်းပျက်ယွင်းစေပါတယ်။ ဒါကြောင့် အရေပြားအပေါ်လွှာဟာ ပျက်စီးပြီးကွာကျသွားရခြင်း ဖြစ်ပါတယ်။

ဒီအရေဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ နို့စို့ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းသူ (ဥပမာ- ကျောက်ကပ်ရောဂါရှိသူတွေ) မှာ ပိုတွေ့ရတယ်။ 

ရောဂါလက္ခဏာတွေဟာ ၂၄-၄၈ နာရီအတွင်း ပေါ်လာပြီး ရုတ်တရက် အဆင့်ဆင့် ပြောင်းလဲလာပါတယ်။ ကနဦးမှာ အရေပြားတစ်ခုလုံး နေလောင်သလို နီရဲပြီး ယားယံတာမျိုး တွေ့ရတယ်။ အဆိပ်ကြောင့် အရေပြားမှာအရည်ကြည်ဖုတွေ ထွက်ပေါ်ပေါက်လာတယ်။ အရေပြားကို အသာပွတ်ဖိရုံနဲ့ အပေါ်ယံလွှာ ချက်ချင်း ကွာကျသွား (Nikolsky’s Sign)တာမျိုး ရှိတတ်တယ်။ အရေပြားကွာကျတဲ့အခါ အပူလောင်သလို နီရဲစိုထိုင်းနေတဲ့ အနာဖတ်တွေ ပေါ်လာပါတယ်။ အရေပြားပျက်စီးမှုဟာ မျက်နှာ၊ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေက စတင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။

အဖျားကြီးတာ၊ သွေးပေါင်ကျတာ ရှိတတ်တယ်။ ကလေးငယ်တွေမှာဖြစ်ရင် နုံးတာ၊ ဂျီကျတာတွေ ဖြစ်နိုင်တယ်။

နောက်ဆက်တွဲဆိုးကျိုးများ

အချိန်မီ မကုသရင် အောက်ပါဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

· သွေးဆိပ်တက်ခြင်း (Sepsis)

· ရေဓာတ်ဆုံးရှုံးခြင်း (Severe Dehydration)

· နောက်ဆက်တွဲပိုးဝင်ခြင်း (Secondary infection) 

· နှလုံး? အဆုတ်၊ ကျောက်ကပ်တို့ကို ထိခိုက်ခြင်း (Damage to internal organ)

SSSS ကို ဘယ်လိုကုသမလဲ?

SSSS ဟာ အရေးပေါ်အခြေအနေဖြစ်လို့ ဆေးရုံတက်ပြီး အမြန်ဆုံး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ဆေးရုံရောက်တဲ့အခါ လိုအပ်တဲ့ သွေးကြောဆေးရည် (IV drip)တွေ နိုင်အောင်ထည့်ပေးရတယ်။ အရေပြားပျက်စီးကွာကျတဲ့အတွက် ခန္ဓာကိုယ်ထဲက အရည်ဓာတ်တွေ အလွန်အမင်းဆုံးရှုံးသွားလို့ ဖြစ်တယ်။ အဓိကအားဖြင့် ဘက်တီးရီးယားပိုးကြောင့်ဖြစ်လို့ ပိုးသတ်ဆေးကို (IV Antibiotics) ကို သွေးကြောထဲကထိုးပေးရတယ်။  တဆက်တည်းမှာ ပိုးကူးစက်ခံရတဲ့နေရာက နမူနာယူစစ်ဆေးပြီး အထိရောက်ဆုံးဆေးကို ရှာဖွေရတယ်။

အရေပြားကွာကျမှုဟာ နာကျင်နိုင်တဲ့အတွက် အကိုက်ခဲပျောက်ဆေး (ဥပမာ- Paracetamol, Ibuprofen)တွေ လိုတတ်တယ်။ နာကျင်မှုပြင်းထန်ရင် မူးယစ်ဆေးဝါးအုပ်စုဝင် အားကောင်းတဲ့အကိုက်ခဲပျောက်ဆေးတွေ ပေးရတတ်ပါတယ်။

ရောဂါလက္ခဏာသက်သာသွားတဲ့အခါ ကွာကျနေတဲ့ အရေပြားနေရာကို ပိုးမဝင်အောင် ဂရုစိုက်ရပါတယ်။ Vaseline petrolatum jelly လိုမျိုး ခရင်မ်တွေ လိမ်းပေးနိုင်တယ်။ ပြီးရင် ကပ်စီးမှုမရှိတဲ့ပတ်တီးစ (non-adhesive dressing) တွေနဲ့ ကပ်ပေးထားပါ။

SSSS ဟာ ကူးစက်နိုင်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့မိရင် လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့ အရေးကြီးပါတယ်။ ကလေးငယ်မှာ အဖျားကြီးပြီး အရေပြားတစ်ခုလုံး နီရဲကာ ကွာကျနေတယ်ဆိုရင် ချက်ချင်း ဆေးရုံ၊ ဆေးခန်းသွားပါ။  နောက်မကျပါစေနဲ့။မှန်ကန်တဲ့ ကုသမှုခံယူနိုင်ရင် အရေပြားဟာ ၅-၇ ရက်အတွင်း ပြန်ကောင်းလာပြီး အမာရွတ်လည်း မကျန်ခဲ့တတ်ပါဘူး။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews