Fungal mycetoma မှိုလုံးအကျိတ်
Mycetoma ဆိုတာက အရေပြား၊အောက်ခံတစ်ရှူးများနဲ့ အရိုးကို ထိခိုက်စေတဲ့ နာတာရှည် မှိုရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဒီမှိုကြောင့် အရေပြားမှာ အလုံးအကျိတ် အနာတွေ အစုလိုက်ဖြစ်ပေါ်လာတယ်။ Mycetoma ရောဂါထဲမှာ မှိုကြောင့်ဖြစ်တဲ့ Eumycetoma နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Actinomycetoma ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီဆောင်းပါးမှာ မှိုကြောင့်ဖြစ်သော Mycetoma ရောဂါ အလုံးအကျိတ်တွေ အကြောင်းကို ရှင်းပြသွားမှာဖြစ်တယ်။
ဒီမှိုလုံးကျိတ်(Eumycetoma)တွေဟာ Madurella mycetomatis, Scedosporium apiospermum မှိုမျိုးစိတ်တွေကြောင့် အဓိကဖြစ်ပွားတယ်။ ဆူးစူးခြင်း၊ ထိခိုက်ရှနာခြင်းစတဲ့ အသေးစားဒဏ်ရာလေးတွေကနေ မှိုပိုးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး မှိုလုံးကျိတ်အနာပုံစံ ပြောင်းလဲသွားတယ်။ လယ်သမား၊ယာသမား၊ ဥယျာဉ်မှူး၊ သိုးကျောင်းဆိတ်ကျောင်း စတဲ့သူတွေဟာခြေထောက်ဗလာနဲ့ လုပ်ကိုင်ရသူတွေမို့ ရောဂါကူးစက်နိုင်ချေများတယ်။ ဒီမှိုပိုးဟာ ကျေးလက်နေ ပြည်သူတွေ မှာ အဖြစ်များပါတယ်။
ရောဂါဟာ ခြေထောက်တွေမှာ အဖြစ်များတယ်။ လက်၊ ကျောပြင်နဲ့ တင်ပဆုံရိုးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရောဂါရဲ့ အထူးခြားဆုံးလက္ခဏာကတော့ အနာကနေ အဖတ်တွေ၊အရည်ပျစ်ပျစ်တွေ ထွက်လာခြင်း ပဲဖြစ်တယ်။ မှိုပိုးကြောင့် အဖတ်တွေထဲမှာ ငှက်ပျောစေ့ဆန်ဆန် အမှုန်စက်လေးတွေ (grains) ပါဝင်နေတယ်။
လက္ခဏာရပ်များ
ရောဂါဖြစ်စမှာ နာကျင်မှုမရှိတဲ့ အဖုသေးသေးလေးတွေ စတင်ဖြစ်လာတယ်။ အဖုက တဖြည်းဖြည်းကြီးထွားလာတဲ့အခါ အလုံးအကျိတ်ဖြစ်လာတယ်။ အရေပြားမှာ ဖုဖောင်းတဲ့ အနာတွေ ပေါ်ပေါက်လာတယ်။ အနာက အနယ်အနှစ် အဖတ်လေးတွေ (အဖြူ၊ အဝါ၊ အနက်) စတင်ထွက်ပေါ်လာတယ်။ ဒီအနှစ်အဖတ်လေးတွေထဲမှာ မှိုရဲ့ ဆန်စေ့သဏ္ဌာန် အစက်လေးတွေ (grains) ပါဝင်ပါတယ်။အနာက ပြည်နှင့်သွေးတွေယိုစိမ့်ထွက်လာတယ်။ အနာအကျိတ်တဝိုက် ပြန်ရည်ကြောပိတ်ဆို့မှုကြောင့် ခြေထောက်ရောင်ရမ်းလာနိုင်တယ်။ ဆင်ခြေထောက် (Elephantiasis)ဆန်ဆန် ခြေထောက်က ကြီးထွားလာတယ်။ အနာကြောင့် လမ်းလျှောက်ရခက်လာတယ်။ ဒီအနာအကျိတ်ဖုတွေကို မကုဘဲထားရင် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ပိုပိုဆိုးလာတတ်ပါတယ်။
အကယ်၍ ရောဂါပိုးဟာ အတွင်းဘက်ကို လှိုက်စားသွားတဲ့အခါ ကြွက်သားနဲ့အရိုးကိုပါ ထိခိုက်ပျက်စီးစေတယ်။ အရိုးတွေ ပုပ်ပွအက်ကွဲပြီး ခြေထောက်ပုံပျက်တာနဲ့ မသန်မစွမ်းဖြစ်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
ရောဂါစစ်ဆေးခြင်း
အနာကထွက်တဲ့ အနှစ်အဖတ်တွေ(Grains) ကို မှန်ဘီလူးနဲ့ ကြည့်ရှုစစ်ဆေးပြီး မှိုအမျိုးအစားကို အကြမ်းဖျင်းသိရှိနိုင်ပါတယ်။ မှိုအမျိုးအစားကို အတည်ပြုဖို့ မှိုပိုးမွေးမြူ(Fungal Culture) လို့ ရတယ်။ အရိုးပျက်စီးမှုကို သိရှိဖို့ X-ray ဓာတ်မှန်၊ CT Scan သို့မဟုတ် MRI ရိုက်ကြည့်နိုင်ပါတယ်။ အသားစယူစစ်ဆေးခြင်း (Biopsy)က အတိကျဆုံး အဖြေကို ပေးနိုင်တယ်။
ကုသနည်း
Fungal Mycetoma ရောဂါဟာ ကုရခက်ခဲပြီး ကြာရှည်တတ်ပါတယ်။Itraconazole (သို့မဟုတ်) Ketoconazole (သို့) Terbinafine လို သောက်ဆေးတွေကို လပေါင်းများစွာကြာအောင်ဆက်တိုက်သောက်သုံးရတယ်။ အနည်းဆုံး ၆ လမှ ၁နှစ်ထိ ပေးရတတ်တယ်။
အနာက ဆိုးရွားပြင်းထန်ရင် သေနေသော တစ်ရှူးအပိုင်းအစတွေကို ခြစ်ထုတ်နည်း(Debridement)နဲ့ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။ ရောဂါ အလွန်ပြင်းထန်ပြီး ခြေထောက်တွေ လုံးဝပျက်စီးသွားတဲ့အခါ နောက်ဆုံးနည်းလမ်းအနေနဲ့ ခြေထောက်ဖြတ်ပစ်ခြင်း (Amputation)ထိ လုပ်ရတတ်ပါတယ်။ ဒီမှိုရောဂါကုသဖို့ အကောင်းဆုံးနည်းလမ်းက ဆေးဝါးကုသမှုနဲ့ ခွဲစိတ်ခြစ်ထုတ်မှုကို တွဲဖက်အသုံးပြုခြင်း ဖြစ်ပါတယ်။
ကာကွယ်နည်း
ကျေးလက်ဒေသတွေမှာ အလုပ်လုပ်တဲ့အခါ ဖိနပ်စီးပြီး သွားလာပါ။ အပင်ဆူးစူးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း ဖြစ်တဲ့အခါ ဆပ်ပြာ၊ ရေသန့်သန့်နဲ့ သေချာဆေးကြောပြီး ပိုးသတ်ထားတဲ့ ပလာစတာ ကပ်ထားပါ။ အရေပြားအကျိတ်တွေပေါ်ပေါက်လာတဲ့အခါ အချိန်မဆိုင်းဘဲ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews