Nd:Yag laser အနီအောက်ရောင်ခြည် လေဆာ
Nd:YAG Laser ဆိုတာ Neodymium သတ္တုဒြပ်စင်က ထွက်ပေါ်လာတဲ့ အနီအောက်ရောင်ခြည် လေဆာ တစ်မျိုးဖြစ်ပါတယ်။ ဒီလေဆာရဲ့ လှိုင်းအလျားဟာ 1064 nm ရှိပြီး မယ်လနင် အမည်းရောင်ခြယ်ဓာတ်နှင့် ဆံခြည်မျှင်သွေးကြောတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။အနီအောက်ရောင်ခြည်ဟာ အပေါ်ယံအရေပြားမထိခိုက်ဘဲ အရေပြားအတွင်းလွှာကို ထိုးဖောက်နိုင်တယ်။ carbon laser ဆိုတာ ကာဗွန်ဓာတ်ပါတဲ့ ကျောက်မီးသွေးကို လိမ်းပြီး Nd:YAG Laser နဲ့ ချွေးပေါက်ကျဉ်းအောင်ပြုလုပ်တဲ့ နည်းပညာဖြစ်တယ်။
Nd:YAG Laser အမျိုးအစားတွေထဲမှာ Q-switched Nd:YAG Laser, Long-pulsed Nd:YAG Laser နဲ့ Fractional Nd:YAG Laser ဆိုပြီးရှိတယ်။ Q-switched Nd:YAG Laser ဆိုတာ အလွန်တိုတောင်းတဲ့ အချိန်ကာလအတွင်း စွမ်းအားမြင့်လှိုင်းတွေ ထွက်ပေါ်လာပြီး တင်းတိပ်နဲ့ တက်တူးဖျက်တဲ့ အခါ အသုံးပြုကြတယ်။ Long-pulsed Nd:YAG Laser ကတော့ စွမ်းအားမြင့်လှိုင်းတွေကို ကြာရှည်စွာပေးပြီးဆံခြည်မျှင်သွေးကြောကုသတဲ့အခါ အသုံးပြုကြတယ်။ ဆံပင်ဖြူများအတွက်လည်း အသုံးပြုနိုင်တယ်။ Fractional Nd:YAG Laser ကတော့ သေးငယ်တဲ့ လေဆာကွက်တွေနဲ့ အရေပြားကို အပိုင်းလိုက်ကုသရတယ်။ ဝက်ခြံအမာရွတ်နဲ့ အရေပြားပြုပြင်ပြောင်းလဲရာမှာ အသုံးပြုတယ်။
Nd:YAG Laser ရဲ့ အဓိကအားသာချက်က အရေပြားအတွင်းလွှာထိ ထိုးဖောက်နိုင်ပြီး အမည်းရောင်ခြယ် (မယ်လနင်ဓာတ်)ကို ရွေးချယ်ဖျက်ဆီးပစ်နိုင်တာဖြစ်တယ်။ အသက်အရွယ်၊အသားအရောင်မရွေး အသုံးပြုနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးလည်း နည်းပါတယ်။ Nd:YAG Laser ကို တက်တူးနဲ့ တင်းတိပ်အမည်းစက် ဖျက်တဲ့အခါ အဓိကအသုံးပြုတယ်။ အမာရွတ်ကုသတာ၊ ဆံပင်ဖြူများ ဖယ်ရှားတာနဲ့ သွေးကြောမျှင်များ ကုသတဲ့အခါလည်း သုံးကြတယ်။ ဒါတင်မက မျက်စိအတွင်းတိမ် ကုသရာမှာလည်းအသုံးဝင်တယ်။ဒီလေဆာကိုကိုယ်ဝန်ဆောင်မိခင်၊ နေလောင်ထားသူ၊ အရေပြားရောင်ရမ်းပျက်စီးနေသူနဲ့အတက်ရောဂါရှိသူတွေမှာ ရှောင်ကြဉ်သင့်တယ်။
အနီအောက်ရောင်ခြည်လေဆာမပစ်ခင် ထုံဆေး (Topical Anesthetic Cream) အရင် ပေးဖို့လိုတယ်။ ဧရိယာကျယ်ရင် ထုံဆေးထိုးပေးလို့ရတယ်။ လေဆာပစ်တဲ့အခါအနီအောက်ရောင်ခြည် အနီရောင်အပျောက်နဲ့ အမဲစက်တွေကို ချိန်ပြီး ပစ်ရတယ်။ လေဆာပစ်တဲ့အခါ ခပ်စူးစူး၊ခပ်ပူပူ ခံစားချက်မျိုး ယာယီရတတ်တယ်။ လေဆာပစ်ပြီး အေးမြတဲ့ ဂျယ်လ်တစ်ခုခု လိမ်းပါ။ လိုအပ်ရင် အရောင်ကျဆေးတွေလည်း ပေးနိုင်တယ်။
ကုသမှုခံယူပြီး ၂၄ နာရီအတွင်း ရေခဲဝတ်ကပ်ပါ။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးလိမ်းပါ။ လေဆာပစ်ပြီး တစ်ပတ်အတွင်း SPF 30+ ပါနေလောင်ကာခရင်မ် လိမ်းပါ။ ရေပူနဲ့ မျက်နှာမသစ်ပါနဲ့။ ချွေးထွက်များတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး ရှောင်ကြဉ်ပါ။ Aspirin သွေးကျဲဆေးသောက်ရင်ချက်ချင်းရပ်ပါ။ တစ်လအတွင်း ပုံမှန် နေလောင်ကာခရင်မ် လိမ်းပါ။ဆရာဝန် ချိန်းဆိုချက်အတိုင်း မှန်မှန်ပြပါ။
ဘေးထွက်ဆိုးကျိုးများ
———————-
· နာကျင်ခြင်း
· ရောင်ရမ်းခြင်း
· ယားယံခြင်း
· အရေပြားနီမြန်းခြင်း
· အရောင်ပြောင်းခြင်း
· အရည်ကြည်ဖုများ ထွက်ခြင်း
ဒီလေဆာရဲ့ အားသာချက်က အပေါ်ယံအရေပြားမထိခိုက်ဘဲ အရေပြားအတွင်းလွှာထိ ထိုးဖောက်ဝင်ရောက်ပြီး ကုသနိုင်ခြင်းဖြစ်တယ်။ ဒီလေဆာဟာ အသားအရည်မရွေး အသုံးပြုနိုင်တယ်။အဓိက အားနည်းချက်က စရိတ်ကြီးမြင့်တာဖြစ်တယ်။ တစ်ကြိမ်နဲ့ မပျောက်ဘဲခဏခဏ ကုသမှုခံယူရတယ်။ Nd:Yag laser ဟာ တင်းတိပ်တွေကို ၆၀-၈၀% ထိ သက်သာစေတယ်။ အမာရွတ်တွေကို ၅၀-၇၀% ထိ သက်သာစေတယ်။ ဆံပင်ဖြူများကို ၇၀-၉၀% သက်သာစေတယ်။ သွေးကြောမျှင်တွေကို ၈၀-၉၅% သက်သာစေတယ်။ Nd:Yag laser ပစ်တဲ့အခါ တစ်ကြိမ်ကို ၂၀၀,၀၀၀ ကျပ်မှ ၁,၀၀၀,၀၀၀ ကျပ်အထိရှိနိုင်တယ်။ရောဂါနဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဈေးတွေ ကွဲပြားနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
