Open 9:00-12:00 AM
+95 92051590

Lupus pernio

9 Nov, 2021 | No Comments

Lupus pernio

Lupus pernio ခရမ်းရောင်ကျိတ်ဖုလေးများ

Sarcoidosis ရောဂါဟာ အသက်ရှူလမ်းကြောင်း၊ အဆုတ်နဲ့ ပြန်ရည်ကျိတ်တွေအပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ အလုံးအကျိတ်ငယ်လေးတွေ (Granulomas) ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus Pernio ဟာ နာတာရှည် ရောဂါဖြစ်တဲ့ Sarcoidosis ရဲ့ အရေပြားလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသက် ၂၀-၄၀ကြား အမျိုးသမီးတွေမှာ တွေ့ရတတ်တယ်။ 

· “Lupus” ဆိုတာ ဝံပုလွေကုတ်နာနဲ့ ဆင်တူတဲ့ အရေပြားရောဂါတွေကို ဆိုလိုတယ်။ “Pernio” ကတော့ ချမ်းအေးလွန်းတဲ့အခါ အရေပြားအရောင်ပြောင်းလဲတဲ့ “ချမ်းကိုက်ဒဏ်ရာ” (chilblains) ရဲ့ ပုံစံနဲ့ ဆင်တူလို့ဖြစ်ပါတယ်။ granuloma တွေဟာ နာတာရှည်ရောင်ရမ်းခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ macrophages (သန့်ရှင်းရေးဆဲလ်) နဲ့ lymphocytes သွေးဖြူဆဲလ်တွေ စုပေါင်းထားတဲ့ အစိုင်အခဲကျိတ်တွေဖြစ်ပါတယ်။

Lupus Pernio ဖြစ်တဲ့အခါ အရေပြားမှာ ခရမ်းရောင် (သို့) နီညိုရောင်ရှိတဲ့ ခပ်မာမာ အဖုအခဲ အကွက်တွေ ဖြစ်ပေါ်လာတယ်။ Lupus Pernio မှာ granulomas အလုံးအကျိတ်တွေဟာ နှာခေါင်း၊ ပါး၊ နားရွက်၊ နှုတ်ခမ်းနဲ့ လက်ချောင်းထိပ်တွေမှာ စုပြုံဖြစ်ပေါ်လာတတ်တယ်။ အကျိတ်ရှိတဲ့အရေပြားဟာ ချောမွတ်တောက်ပြောင်ပြီး ရောင်ရမ်းနေတယ် ထင်ရတယ်။အကျိတ်တွေ၊ အကွက်တွေဟာ အများအားဖြင့် နာကျင်ခြင်း မရှိတတ်ပါဘူး။ တစ်ခါတစ်ရံ ယားယံတာ သို့မဟုတ် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ကြာရင် အရိုးနဲ့ နှာခေါင်းကြွက်သားတွေ ပျက်စီးလာနိုင်ပါတယ်။

Lupus Pernio ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက Sarcoidosis ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် Lupus Pernio ဟာ Sarcoidosis ရှိသူတိုင်းမှာ မဖြစ်တတ်ဘူး။ Sarcoidosis ရောဂါရှိသူ ၄% ကနေ ၁၁% ခန့်မှာသာ တွေ့ရတတ်ပါတယ်။ Sarcoidosis ဖြစ်ရတဲ့ အကြောင်းရင်းကို လက်ရှိချိန်ထိ အတိအကျ မသိရသေးဘူး။ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုး၊ ဓာတုပစ္စည်း စတာတွေကို  ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ဘဲ တုံ့ပြန်မှုကြောင့် ဖြစ်ရတယ်ဟု ယူဆကြပါတယ်။

Lupus Pernio ဟာ ဖြစ်တဲ့သွင်ပြင်ကြည့်ရုံနဲ့ သိရှိနိုင်တယ်။ လိုအပ်ရင် အသားစယူ (Skin Biopsy) စစ်ဆေးနိုင်တယ်။ Lupus Pernio ဖြစ်တဲ့အခါ non-caseating granulomas လို့ခေါ်တဲ့ အလုံးအကျိတ်ငယ်လေးတွေ တွေ့ရမှာဖြစ်တယ်။ ရင်ဘတ်ဓာတ်မှန် (Chest X-ray) သို့မဟုတ် CT Scan ရိုက်ကြည့်ပြီး အဆုတ်နဲ့ ရင်ဘတ် ပြန်ရည်ကျိတ်တွေမှာ Sarcoidosis ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ သတိပြုရမှာက Lupus Pernio ရှိသူ ၇၅% ခန့်ဟာ အဆုတ်ကို ထိခိုက်ထားပြီးဖြစ်နိုင်တယ်။ တခါတရံ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုရှိမရှိ ပြသတဲ့ ACE (Angiotensin Converting Enzyme) အင်ဇိုင်းပမာဏကို စစ်ဆေးနိုင်ပါတယ်။

ကုသမနည်း

Lupus Pernio ဟာ ကုသရခက်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ကုသတဲ့အခါ ရောဂါလက္ခဏာတွေ သက်သာစေဖို့၊ အရေပြားပျက်စီးမှုလျှော့ချဖို့နဲ့  နှာခေါင်းတစ်ရှူး ထိခိုက်ပျက်စီးမှုကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။

ကုသတဲ့အခါ အရောင်ကျအောင် Prednisolone လို စတီးရွိုက်သောက်ဆေးတွေ အဓိကပေးလေ့ရှိတယ်။ အရေပြားနဲ့ အဆစ်အမြစ် Sarcoidosis အတွက် Hydroxychloroquine ဆေးတွေက ထိရောက်မှုရှိပါတယ်။ လိုအပ်ရင် Methotrexate (ကိုယ်ခံအားစနစ် ထိန်းညှိဆေး)တွေလည်း ပေးလေ့ရှိတယ်။ ပြင်းထန်ပြီး ဆေးမတိုးတဲ့ ရောဂါအတွက် Infliximab (TNF-alpha inhibitors) ဆေးတွေ အသုံးပြုပါတယ်။ အရေပြားလိမ်းဆေးတွေထဲမှာ အားပြင်းတဲ့ စတီးရွိုက်လိမ်းဆေးတွေကို အသုံးပြုတတ်တယ်။  အရေပြားပျက်စီးတဲ့အခါ ပြန်လည်ပြုပြင်ဖို့ လေဆာကုထုံးကို အသုံးပြုနိုင်ပါတယ်။

အကြံပြုချက်

Lupus Pernio ဟာ မကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ နာတာရှည် ရောဂါတစ်ခုဖြစ်ပြီး လုံးဝပျောက်ကင်းအောင် ကုသဖို့ ခက်ခဲတယ်။ အရေပြားပေါ်မှာ ခရမ်းရောင် (သို့) နီညိုရောင် အဖုအခဲတွေ ပေါ်လာရင် အရေပြားအထူးကုဆရာဝန်နှင့် ပြသင့်တယ်။ Sarcoidosis ရောဂါကြောင့် အဆုတ်၊ နှလုံး၊ မျက်စိ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်နိုင်တဲ့အတွက် စနစ်တကျ စစ်ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews