Open 9:00-12:00 AM
+95 92051590

Erythema nodosum

2 Nov, 2021 | No Comments

Erythema nodosum

Erythema nodosum အဆီလွှာရောင်ရမ်းကျိတ်

Erythema nodosum ဆိုတာ အရေပြားအောက်ဖက် အဆီလွှာရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေကို ညို့သကျီးမှာ အများဆုံးတွေ့ရတယ်။အကျိတ်ရှိတဲ့ အပေါ်ယံအရေပြား ရောင်ရမ်းပြီး ရဲနေတတ်တယ်။ သေချာစမ်းကြည့်မှ ခပ်မာမာအကျိတ်ကို တွေ့ရတယ်။ ဖိကြည့်ကိုင်ကြည့်ရင် နာတတ်တယ်။ ဒီအကျိတ်တွေဟာ အမျိုးသမီးတွေမှာ အဓိကဖြစ်တာ တွေ့ရတယ်။ အမျိုးသားတွေထက် ၆ဆလောက် ပိုဖြစ်တာ တွေ့ရတယ်။ 

နောက်ခံအကြောင်းရင်း

အဆီလွှာရောင်ရမ်းကျိတ် (Erythema nodosum)ဖြစ်စေတဲ့အကြောင်းရင်းတွေများစွာရှိတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး၊ ကပ်ပါးပိုး၊ ခုခံအားမူမမှန်တဲ့ရောဂါ၊ ဆေးဝါး၊ ကင်ဆာ စသည်ဖြင့် မျိုးစုံဖြစ်နိုင်တယ်။ သုံးပုံတစ်ပုံက ဘာ့ကြောင့်ဖြစ်မှန်း ပြောရခက်တယ်။ ကိုယ်ဝန်ဆောင်လည်း ဖြစ်တတ်တယ်။ ပင်နယ်စလင်ဆေးမတဲ့ရင်လည်း ဖြစ်နိုင်တယ်။ တားဆေးတွေလည်း ဖြစ်တတ်တယ်။ ကြောင်ကုတ်ပြီး ဖြစ်တဲ့လူနာမျိုးလည်း ကြုံခဲ့ဖူးတယ်။Bartonella ပိုးဝင်ပြီး အကျိတ်ဖြစ်လာတာ။ တီဘီ၊ ဘီပိုး၊စီပိုး၊ လူကီးမီးယားသွေးကင်ဆာ စသည်ဖြင့် နောက်ခံရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ sarcoidosis ရောဂါကလည်း အဓိကဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်။

ဘာ့ကြောင့်ဖြစ်လဲ

ရောဂါကထွက်လာတဲ့ အန်တီဂျင်(antigen)ကို ခုခံအားစနစ်တုံ့ပြန်မှု လွန်ကဲရာက အရေပြားအောက်အဆီလွှာတွေရောင်ရမ်းပြီး အဆီလွှာရောင်ရမ်းကျိတ် (Erythema nodosum)တွေ ဖြစ်လာစေတယ်။ ဒီတုံ့ပြန်မှုက type 4 hypersensitivity reaction ထဲမှာပါတယ်။ 

ဖြစ်လာရင် ဘာဆက်လုပ်သင့်လဲ

ဒီအကျိတ်တွေဟာ ပုံမှန်အားဖြင့် လပိုင်းအတွင်း ပျောက်နိုင်ပါတယ်။ အခန့်မသင့်ရင် ပြန်ဖြစ်တာမျိုး ရှိနိုင်တယ်။ ကံကောင်းတာက ပြည်တည်တာ၊ အမာရွတ်ကျန်တာမျိုး မဖြစ်နိုင်ဘူး။ အကျိတ်တွေက ကိုက်ခဲလာရင် ခြေထောက်အနားပေးပါ။ အရောင်ကျဆေး၊အကိုက်ခံပျောက်ဆေးလိုရင် ပေးလို့ရပါတယ်။ ဗက်တီးရီးယား၊မှိုပိုးတွေကြောင့်ဖြစ်ရင် ပိုးသတ်ဆေးပေးနိုင်တယ်။ ဂေါက်ဆေး colchicine တွေ သုံးနိုင်တယ်။ အခြား နာတာရှည်ရောဂါရှိရင် ဆရာဝန်နဲ့ စနစ်တကျကုသမှု ခံယူသင့်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews