2 Nov, 2021 | No Comments
Lichen planus
Lichen planus (လိုင်ကန် ချပ်ပြားနာ) ဆိုတာ အရေပြားပေါ်မှာ ပန်းရောင် အဖုချပ်ပြင်တွေ နေရာကွက်ကြားဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။ စမ်းကြည့်ရင် ခပ်မာမာအဖုလေးတွေ အကွက်လိုက် တွေ့ရတယ်။အရေပြားဆေးပညာသင်တော့ Lichen Planus ကို 6P ခြောက်လုံးတွဲအဖြစ် ကျက်မှတ်ရတယ်။ purple(ခရမ်းရောင်), Papule (အဖု), plaque (အချပ်လွှာ), planar (အပြားလိုက်), polygonal (လေးထောင့်ပုံ), Pruritis(ယားယံခြင်း)စတဲ့ ဝိသေသတွေ ရှိတယ်လို့ သင်ကြားခဲ့ရတယ်။ လက်တွေ့မှာတော့ အရေပြားပုံစံတွေ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် ဒီဘောင်အတွင်းရှိတဲ့ အရေပြားပုံစံတွေတွေ့ရင် Lichen Planus လို့ သိရှိနိုင်တယ်။
ဒီအရေပြားရောဂါဟာ လက်ကောက်ဝတ်၊တံတောင်ဆစ်နဲ့ ကျောအောက်ပိုင်းတွေ အဖြစ်များတယ်။ ခြေလက်တွေမှာဖြစ်ရင် တချို့ယားတတ်တယ်။ ပါးစပ်တွင်း သွားဖုံး၊ နှုတ်ခမ်း၊ လျှာစောင်း နဲ့ ပါးစောင် စတဲ့နေရာတွေမှာ ဇာပေါက်ပုံ အဖြူလိုင်းတွေ အကွက်လိုက်တွေ့ရတတ်တယ်။ Wickham’s striae လို့ ခေါ်ပါတယ်။ တခါတရံ ပါးစပ်မှာ ဖြစ်ရင် နာတတ်တယ်။ ခေါင်းမှာဖြစ်ရင် ဆံပင်ကျွတ်တတ်တယ်။ ခြေသည်း၊ လက်သည်းတွေမှာဖြစ်ရင် ပုံသဏ္ဌာန်ပျက်စီးပြီး ခြေသည်း၊လက်သည်းတွေ ရှုံ့တွကုန်တယ်။ လက်သည်း စင်းကြောင်းဒေပေါ်လာတယ်။ အင်္ဂါစပ်တွေမှာလည်း အလာတူပုံစံတွေ့ရတတ်တယ်။ အနာက အောက်လွှာစားတာကြာလာရင် erosive lichen planus အဖြစ်ပြောင်းသွားတတ်တယ်။ လိင်ဆံဆက်ရာမှာ နာကျင်တတ်တယ်။
lichen planus အရေပြားရောဂါဟာ သက်လတ်ပိုင်းအမျိုးသားတွေမှာ အဖြစ်များတာ တွေ့ရတယ်။ ပါးစောင်မှာတော့ အမျိုးသမီးတွေက ပိုဖြစ်တယ်။
ဖြစ်တဲ့နေရာနဲ့ ပုံစံပေါ်မူတည်ပြီး အမျိုးအစားတွေ ခွဲထားတယ်။
(1) hypertrophic lichen Planus
(2) bullous lichen Planus
(3) Atrophic lichen Planus
(4) oral lichen Planus
(5) vulva lichen Planus
Lichen planus actinicus ဆိုတာလည်းရှိတယ်။ နေရောင်ထိတဲ့နေရာတွေမှာ တွေ့ရတယ်။ နွေရာသီမှာရောဂါပေါ်လာပြီး ဆောင်းရာသီမှာ သက်သာလာတယ်။ lichen planopilaris ဆိုတာ ဦးရေပြားမှာ ဖြစ်ပြီး ဆံပင်အကွက်လိုက်ကျွတ်တတ်တယ်။
(ဒီရောဂါအကြောင်း https://drayeminhtoo.com/lichen-planopilaris-lpp/ မှာ ဖတ်ပါ)
ဘာ့ကြောင့်ဖြစ်လဲ
ဒီရောဂါ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရဘူး။ ခုခံအားချင်း ပုံမှန်မဟုတ်ဘဲ
အချင်းချင်းပြန်တိုက်ရာက အရေပြားမှာ လက္ခဏာတွေပေါ်ပေါက်လာတယ်လို့ ယူဆကြတယ်။ သီအိုရီအရ အရေပြားအတွင်းပိုင်းရှိတဲ့ basal layer နဲ့ papillary dermis လွှာထဲမှာ lymphocyte ဆဲလ်တွေ ဝင်ရောက်နေရာယူရာက အရေပြားကရောင်ရမ်းပြီး ထူထဲလာပါတယ်။ ဒီလိုကနေ Lichen Planus အကွက်တွေဖြစ်ပေါ်လာတယ်။
lichen planus ကို တခြားရောဂါတွေနဲ့ တွဲတွေ့ရတတ်တယ်။ အသည်းရောင်စီပိုးနဲ့ ဆက်စပ်တတ်တယ်။ တုပ်ကွေးကာကွယ်ဆေးထိုးပြီး ဖြစ်နိုင်တယ်။ ဆိုးဆေးဓာတ်မတဲ့တာတွေနဲ့လည်း သက်ဆိုင်တတ်တယ်။ naproxen အကိုက်ခဲပျောက်ဆေး၊ Hydrochlorothiazide ဆီးဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ulcerative colitis (အူလမ်းကြောင်းအနာ), alopecia areata (ဆံပင်အကွက်လိုက်ကျွတ်ခြင်း), vitiligo (ခရုသင်း), dermatomyositis, morphea, lichen sclerosis, နဲ့ myasthenia gravis စတဲ့ရောဂါတွေနဲ့ တွဲတွေ့ရတတ်တယ်။ နောက်ပိုင်းတွေ့ရှိချက်တွေအရ Helicobacter pylori ဗက်တီးရီးယားနဲ့ သက်ဆိုင်တယ်လို့ ဆိုကြတယ်။
ကုသနည်းများ
Steroid လိမ်းဆေး၊သောက်ဆေးကို လိုအပ်သလို ပေးရတယ်။ ဧရိယာများရင် များသလို သောက်ဆေး သုံးလ-ခြောက်လ ထိပေးနိုင်တယ်။ Prednisolone သောက်ဆေးကို ဆေးအချိန်အဆနဲ့ပေးရတယ်။ ပထမအပတ်မှာ 60mg နေ့စဉ်ပေးရပြီး ဒုတိယအပတ်မှာ 40mg နေ့စဉ်ပေးရတယ်။ တတိယအပတ်မှာ 20mg နှုန်းနဲ့ စုစုပေါင်း သုံးပတ်ပေးနိုင်တယ်။ tacrolimus (သို့) pimecrolimus လိမ်းဆေး တစ်ရက်နှစ်ကြိမ် ပေးနိုင်တယ်။ Antihistamines အယားပျောက်ဆေးတွေက ယားယံမှုကို သက်သာစေတယ်။ တချို့လူနာတွေမှာ UVB Phototherapy နဲ့ သက်သာလာတတ်တယ်။
ကိုယ်ခံအားချင်း ဓာတ်တုံ့ပြန်တဲ့ရောဂါဖြစ်တဲ့အတွက် Immune-modulating drugs တွေအသုံးပြုနိုင်တယ်။ methotrexate, Hydroxycholoroquine, acitretin, mycophenolate mofetil နဲ့ azathioprine စတဲ့ဆေးတွေလိုနိုင်တယ်။ acitretin 30mg သောက်ဆေး တစ်ရက်နှစ်ကြိမ် ပေးလို့ရတယ်။ ပါးစပ်မှာဖြစ်ရင် triamcinolone ointment လိမ်းဆေးကို တစ်ရက်နှစ်ကြိမ် ပေးရတယ်။ ပိုးသတ်ဆေး sulfasalazine, metronidazole, tetracycline, griseofulvin လိုဆေးတွေ ပေးတာလည်းရှိပါတယ်။ ပါးစပ်အနာအတွက် metronidazole 250mg သောက်ဆေး တစ်ရက် (၃)ကြိမ် (၃)လထိ ပေးရတယ်။ အရက်နဲ့တွဲမသောက်သင့်လို့ သတိပြုရမယ်။ lichen planopilaris လို ဆံပင်အကွက်လိုက်ကျွတ်တဲ့အခြေအနေမှာ pioglitazone ဆေးက အကျိုးရှိတယ်။အမျိုးသမီး အင်္ဂါစပ်တွေမှာဖြစ်ရင် စတီးရွိုက်လိမ်းဆေး၊ထိုးဆေးပေးနိုင်တယ်။ ထိုးဆေးကို တစ်လတကြိမ်သာ ထိုးဖို့လိုအပ်တယ်။
သတိပြုစရာ
lichen planus ဟာ နာတာရှည်အရေပြားရောဂါဖြစ်လို့ ပြန်ဖြစ်တတ်တယ်။ တခြားရောဂါတွေနဲ့ တွဲနေတတ်လို့ ဖြစ်စေတဲ့အကြောင်းရင်းကို ရသလောက်ရှာဖွေသင့်တယ်။ အများစုဟာ သက်သာသွားပေမယ့် နှစ်အနည်းငယ်ခြားပြီး ပြန်ဖြစ်နိုင်တာလည်း သတိချပ်သင့်တယ်။ ပါးစပ်မှာဖြစ်တဲ့ oral lichen Planus ကို မကုဘဲထားရင် ရေရှည်မှာ ပါးစပ်ကင်ဆာ (oral cancer)အဆင့်ထိ ရောက်နိုင်လို့ ဆရာဝန်နဲ့ စနစ်တကျပြသသင့်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews