Paederus dermatitis မီးပိုးကောင် အဆိပ်သင့်ခြင်း Paederus Dermatitis ဆိုတာက Paederus မျိုးနွယ်ဝင် မီးပိုးကောင် (Blister Beetle/Rove Beetle)တစ်မျိုးကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ထွက်လာတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ ဒီအနီကွက်တွေဟာ မီးပိုးကောင်ကိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ပိုးခန္ဓာကိုယ်မှာရှိတဲ့ “Pederin” လို့ခေါ်တဲ့ ပြင်းထန် ဓာတုအဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် မီးပိုးကောင်နဲ့ မတော်တဆ ထိမိ၊ ကိုင်မိ၊ ပွတ်ချေမိရာကနေ ပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့ Pederin အဆိပ်ဟာ အရေပြားပေါ် စွန်းထင်းသွားပြီး ပြင်းထန်တဲ့ အရေပြားဓာတ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါဟာ အရေပြားဆေးပညာမှာ irritant contact dermatitis အမျိုးအစားထဲပါဝင်ပါတယ်။ ယေဘုယျအားဖြင့် မီးပိုးကောင်နဲ့ထိပြီး ၁-၂ရက်အတွင်း လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ကနဦးဖြစ်စမှာ အရေပြားဟာ ပူစပ်ပူလောင်ဖြစ်ပြီး […]
Pityriasis lichenoides et varioliformis acuta (PLEVA) ဆိုတာ အနီကွက်လေးတွေရုတ်တရက်ထလာပြီး အနာခြောက်လေးတွေအဖြစ် အသွင်ပြောင်းသွားတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Pityriasis lichenoides (အသားခြောက် လိုက်ကန်ဖု) အမျိုးအစားထဲမှာ ပါဝင်ပြီးရုတ်တရက်ဖြစ်တာကို pityriasis lichenoides et varioliformis acuta (PLEVA)ခေါ်ပြီး နာတာရှည်ဖြစ်တာကို pityriasis lichenoides chronica (PLC) ခေါ်ပါတယ်။ Mucha-Habermann disease လည်းခေါ်ပါတယ်။ ဒီရောဂါက ကလေးအရွယ်နဲ့ လူငယ်တွေမှာ ပိုအဖြစ်များတယ်။ ဖြစ်စမှာ ခန္ဓာကိုယ် အနီကွက်တွေ စဖြစ်လာတယ်။ ဒီပုံစံအနီကွက်တွေဟာ ဗိုက်၊ရင်ဘတ်၊ရင်ဘတ်၊လက်မောင်း၊ပေါင် စတဲ့နေရာတွေ အဖြစ်များတယ်။ ရက်အနည်းငယ်အတွင်း အနီကွက်က အနီဖု၊အရည်ကြည်ဖု၊ ပြည်ဖု အဖြစ်ပြောင်းလဲသွားပါတယ်။ သိပ်မကြာခင် အနာက ခြောက်ပြီး အနာဖတ်က မဲမဲတွေ ကပ်ကျန်နေတတ်တယ်။ […]
နှင်းခူနာ အရေပြားရောဂါ အရေပြားရောဂါတွေထဲမှာ လူကိုအမြဲစိတ်အနှောက်အယှက် ပေးတဲ့ရောဂါတစ်မျိုးက နှင်းခူနာအရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နာတာရှည် အရေပြားရောဂါဖြစ်တာကြောင့် ပေါ်လိုက်ပျောက်လိုက် လုံးချာလည်နေတယ်။ လူကြီးလူငယ်၊ ကျားမ မရွေးဖြစ်ကြတယ်။ မျိုးရိုး၊ မျိုးဗီဇပြောင်းလဲမှု၊ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တယ်။ ၂၀၀၉ ခုနှစ်မှာ အီဒင်ဘာ့ခ် တက္ကသိုလ်က ပညာရှင်တစ်စုဟာfilaggrin gene ရဲ့ပြောင်းလဲမှုကြောင့် နှင်းခူနာဖြစ်တယ်လို့ကောက်ချက်ချခဲ့ ပါတယ်။နောက်ပိုင်းမှာ yeastတစေးမှိုနဲ့ ပတ်သက်တယ်လို့ ဆိုသူကဆိုတယ်။ အနောက်နိုင်ငံတွေမှာ အရေပြားရောဂါကြောင့် ဆေးခန်းလာတဲ့လူနာတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ နှင်းခူကြောင့် ဖြစ်ပါတယ်။ အရေပြားရောဂါတွေမှာ ရက်တိုအရေပြားရောင်ရင် dermatitis အုပ်စုထဲထည့်ပြီး မကြာခဏဖြစ်တဲ့နာတာရှည်အရေပြားရောင်ခြင်း (chronic dermatitis)တွေမှာ ဓာတ်မတဲ့တဲ့အခါ နှင်းခူနာ (eczema) အဖြစ်ခေါ်ဝေါ်သုံးစွဲကြတယ်။ နှင်းခူနာအဖြစ် ဆရာဝန်တွေ အသိများတဲ့နာမည်တမျိုးက atopic dermatitis ပါ။တကယ်တော့ atopic dermatitisဟာ နှင်းခူနာ အမျိုးအစားအနက် အဖြစ်များဆုံး အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ နှင်းခူဟာ ဓာတ်မတဲ့သူ၊ ပန်းနာရင်ကျပ်မျိုးရိုးရှိသူတွေမှာ အဖြစ်များတယ်။ နောက်ပြီး ပန်းဝတ်မှုန်၊ ဆပ်ပြာမှုန့်၊အစားအသောက်၊ အမွှေးနံ့သာ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကံသိပ်ဆိုးရင် လက်ဝတ်ရတနာမတဲ့တာမျိုးထိရှိတယ်။လူနာထဲမှာ သတ္တုဓာတ် မတဲ့လို့ လက်ဝတ်ရတနာ မဝတ်ဆင်ရတဲ့ အမျိုးသမီးတွေကို တွေ့ခဲ့ဘူးတယ်။ အဲလိုလူနာတွေက သာမန်အချိန် ဘာမှမဖြစ်ကြပေမယ့် ချွေးထွက်ပြီဆိုတာနဲ့ ယားယံလာတော့တာ။လက်ဝတ်လက်စား ချွတ်လိုက်တဲ့အခါ ၁ရက် ၂ရက်အတွင်း ချက်ချင်းသက်သာသွားတယ်။ ရောဂါလက္ခဏာများ နှင်းခူနာအရေပြားရဲ့ ရောဂါလက္ခဏာတွေကို လေ့လာကြည့်ရင် အရေပြား ယားယံမယ်၊ ရောင်ရမ်းမယ်၊ အနီပြင်အနီကွက် ထမယ်၊ အသားအရေ ခြောက်သွေ့ပြီး အရေပြားအချပ်လိုက် ကွာကျလာမယ်၊ အနီပြင်က အဖြူဖတ်ပြောင်းလဲမယ်၊ ဒီလိုနဲ့ ကုတ်ပါများရင် သွေးယိုတာ၊ ပိုးဝင်တာထိ ဆက်လက်ဖြစ်နိုင်တယ်။ နှင်းခူအဖြစ်များတဲ့နေရာတွေက ဦးရေပြား နားနောက်အစပ်နေရာတွေ၊ မျက်ခွံ၊ မျက်ခုံး၊ ပါးစပ်၊ လည်ပင်း၊ အကွေးအဆန့်များတဲ့တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ ပေါင်ခြံ ၊ ဒူးခေါင်းဆစ်၊ခြေချင်းဝတ် တွေမှာ ဖြစ်ကြတယ်။ နှင်းခူရဲ့သဘောကပေါ်လိုက်ပျောက်လိုက်သံသရာထဲ လည်နေတာမျိုးပါ။ ဖြစ်တဲ့နေရာက ယားယံ၊ ယားယံတော့ မနေနိုင်မထိုင်နိုင်ကုပ်ခြစ်၊ အရေပြားလန်ပြီး ပိုးဝင်တာတွေ ဆက်တိုက်ဖြစ်လာတတ်တယ်။ နောက်ဆက်တွဲမဖြစ်အောင် စဖြစ်ဖြစ်ချင်း သိပြီး ကုသတာပိုမိုထိရောက်တယ်။ ကုသနည်း အရှင်းပျောက်ကင်းအောင် မတတ်နိုင်တဲ့ ရောဂါတွေအတွက် ရောဂါလက္ခဏာသက်သာအောင် နည်းပေါင်းစုံနဲ့လုပ်ဆောင်ပေးရပါတယ်။ ဒီရောဂါအတွက် ရောင်တာ၊ ယားတာသက်သာစေဖို့ အဓိကထားရတယ်။ပျောက်ပြီးပြန်ပေါ်တတ်လို့ အစားအသောက် အနေအထိုင် သတိပေး မှာကြားရတယ်။ ရောဂါအတွက် လိမ်းဆေး၊ သောက်ဆေး၊ထိုးဆေး စသည်ဖြင့် အခြေအနေပေါ်လိုက်ပြီး မျိုးစုံသုံးကြတယ်။ အသုံးများဆုံးဆေးတွေကတော့ စတီရွိုက်ဆေးတွေပါ။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ကို ရောဂါအခြေနေပေါ်မူတည်ပြီး ဆရာဝန်တွေက သုံးစွဲကြတယ်။စတီရွိုက်လိမ်းဆေးထဲမှာကို အပျော့၊ အပြင်း ခွဲခြားပြီး သုံးစွဲကြရတယ်။ steroid ကိုယ်နှိုက်က ခုခံအားကို ကျဆင်းစေလို့ ပဋိဇီဝဆေးတွေ၊မှိုပိုးသတ်ဆေးတွေကို တပါတည်းထည့်သွင်းအသုံးပြုကြရတယ်။ ပြင်းထန်ပြီး ပိုးဝင်တဲ့ အနာတွေရှိတဲ့အခါ combined cream ရောစပ်ထားပြီးဖြစ်တဲ့ စျေးကွက်ဝင် လိမ်းဆေးတွေက ပိုမိုထိရောက်ပါတယ်။ ပိုဆိုးတဲ့ရောဂါတွေအတွက် သောက်ဆေး၊ ထိုးဆေးအသုံးပြုကြရတယ်။ စတီးရွိုက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများလို့ ဆရာဝန်ကိုယ်တိုင် သတိထားသုံးစွဲရတယ်။ ယားယံတာအတွက် anti-histamine အုပ်စုဝင် diphenhydramine , promethazine,hydroxyzine အစရှိသဖြင့်သုံးစွဲနိုင်တယ်။ ညပိုင်းမအိပ်နိုင်အောင်ယားယံသူတွေအတွက် အိပ်စေနိုင်တဲ့ antihistamine အုပ်စုဝင်တွေကို ပေးကြတယ်။ Tacrolimus နဲ့ pimecrolimus စတဲ့လိမ်းဆေးတွေကို FDA က အသိအမှတ်ပြုထားပြီးဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးကြောင့် လိုအပ်မှ သုံးစွဲဖို့ အကြံပြုထားတယ်။ ကင်ဆာနဲ့ ခုခံအားရောဂါတွေမှာသုံးတဲ့methotrexate, cyclosporine, azathioprine တွေကိုလဲ လိုအပ်ရင် ပေးတတ်ကြပါတယ်။ ဒီဖက်ခေတ်မှာ အပူစွမ်းအင်၊ အအေးစွမ်းအင်က လူနာကုသရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် ပါဝင်လာကြတယ်။ radiation ဓာတ်ကင်တာ၊ phototherapy အလင်းပေးကုထုံးစသဖြင့် သုံးစွဲလာကြတာတွေ့ရမှာဖြစ်တယ်။တချို့က နှင်းခူတွေက UVA, UVB အလင်းကုထုံးနဲ့ အလုပ်ဖြစ်တယ်။ အလင်းတန်းမှာပါတဲ့ ခရမ်းလွန်ဓာတ်ရောင်ခြည် UVA ကို အသုံးပြုကြည့်တဲ့အခါ ရလာဒ်ကပိုမိုကောင်းမွန်တာတွေ့ရတယ်။ အလင်းကုထုံးရဲ့ အာနိသင်ပိုကောင်းစေဖို့ psoralen လိုလိမ်းဆေးနဲ့ အသုံးပြုလာကြပါတယ်။ နှင်းခူနာအရေပြားအတွက် နောက်ထပ်အဓိကကျတဲ့ ဆေးတမျိုးက emollient ခေါ်တဲ့ အစိုဓာတ်ထိန်းဆေးတွေဖြစ်ပါတယ်။ နှင်းခူအရေပြားဟာ ခြောက်သွေ့ယားယံတာဖြစ်တဲ့အတွက် အရေပြားအစိုဓာတ်က အရေးကြီးဆုံးပါ။ အမြဲလိမ်းပေးတာ ကာကွယ်ရာရောက်တဲ့ပြင် အသားရေကို ထိန်းသိမ်းပေးတယ်။ အအေးပိုင်းဒေသတွေ ပိုမိုအာနိသင်ကောင်းစေဖို့ emollient glove ခေါ်တဲ့ အစိုဓာတ်ထိန်းလက်အိတ်တွေကို ညအိပ်ယာဝင်ချိန် ညလုံးပေါက်ဝတ်ဆင်ကြပါတယ်။ ဓာတ်မတဲ့လို့ဖြစ်တဲ့ အရေပြားရောဂါတွေမှာ desensitisation ဓာတ်မတဲ့တာတွေနည်းနည်းစီပေးပြီး ဖြည်းဖြည်းချင်းဓာတ်တဲ့အောင် လုပ်တဲ့နည်းလမ်းကောင်းတွေလည်း ရှိပါသေးတယ်။ ကရိကထကများ၊ အချိန်လည်းကြာမြင့်တာမို့ ဒီနိုင်ငံမှာ အသုံးနည်းတယ်။ဆာလဖာလိမ်းဆေး၊ probiotic ဆေးတွေ အပြင် အပ်စိုက်ကုနည်းနဲ့ ကုသသူက ကုသကြတယ်။ အထူးရှောင်ကြဉ်ရမည့် အချက်များ နှင်းခူနာမှာ အရေးကြီးဆုံးက မိမိနဲ့ ဓာတ်မတဲ့တာကို သိဖို့ ဖြစ်ပါတယ်။ မိမိနဲ့ မတဲ့တာကို အရင်သိအောင်ကြိုးစားပြီးမှ ရှောင်ကြဉ်ပါ။အမှုန်အမွှား၊ အမွှေးနံ့သာ၊ ဆေးလိပ်ငွေ့၊ ဓာတုဆေးရည်၊ ခြင်ဆေး၊ ဆိုးဆေး၊ ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ ပျားဝတ်မှုန်နဲ့ အစားအသောက်တွေမှာ သတိထားရမယ်။ အစားအသောက်တွေအနက် နွားနို့၊ ကြက်ဥ၊အခွံမာသီး၊ ဂျုံ၊ ပဲနို့စတာတွေက ပိုမိုဆိုးရွားစေလို့ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေဟာအစားအသောက်နဲ့ ပိုမိုဆက်စပ်လို့ ဂရုပြုပေးသင့်တယ်။ ရေမကြာခဏချိုးတတ်သူ၊ စိတ်ဖိစီးမှုများသူ ချွေးထွက်လွန်းသူ၊ အသားအရေခြောက်သွေ့သူဟာ နှင်းခူအဖြစ်များအုပ်စု ထဲမှာပါဝင်နေကြလို့အနေအထိုင် အလေ့အကျင့်နဲ့ပက်သတ်ရင် သတိပြုသင့်တယ်။ ဒါ့ပြင် ဓာတ်သဘောအရ ပန်းနာရင်ကျပ်နဲ့ ဆက်စပ်နေသလို allergic rhinitis တခုခုဖြစ်ပြီဆိုတာနဲ့ နှာရည်ယိုလိုက်ရမှ ဆိုတဲ့ လူတွေမှာ ပိုမိုအဖြစ်များလို့ တခြားလူတွေထက် သတိထားသင့်တယ်။ လိုက်နာရမည့် အချက်များ နှင်းခူအရေပြားမှာ အေးတဲ့ရေချိုးပေးခြင်းက နွေးတဲ့ရေချိုးခြင်းထက် ပိုမိုသင့်တော်တယ်။အရေပြား အစိုဓာတ်ထိန်းပေးတဲ့ emollient လိမ်းဆေးတွေကို ပုံမှန်သုံးစွဲပေးပါ။ အင်တီအောက်စီးဒင့် ကြွယ်ဝတဲ့ဆေး (Vit A, C, E)၊cholecalciferol (vit D3)၊ ဘိုအိုတင် ပါဝင်တဲ့ ဆေးတွေကို မှီဝဲပါ။ စိတ်ဖိစီးမှုလျော့ပါးအောင် တရားထိုင်တာ၊ယောဂကျင့်တာတွေလုပ်ကြည့်ပါ။ အသက်၉လ မပြည့်မှီ ကလေးငယ်ရဲ့ ဖြည့်စွက်စာမှာ ငါးထည့်စားစေခြင်းဟာ နှင်းခူဖြစ်နှုန်းကို သိသိသာသာ လျော့ပါးစေတယ်။ ဒီအချက်ဟာ မိဘမျိုးရိုးရှိတဲ့ ကလေးတွေအတွက် မိဘတွေ အထူးသတိထားလိုက်နာသင့်တဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒေါက်တာ အေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from some of the above symptoms, you should contact a local dermatologist or by […]
အင်ပြင်ထခြင်း လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ဆိုင်တတ်တယ်။အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။ အင်ပြင်ထစေသော အကြောင်းရင်းများ -အစားအသောက် -ဆေးဝါး(penicillin, sulphur, asprin, ibuprofen) -အင်းဆက်ပိုးမွှား -ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲခြင်း -သွေးသွင်းခြင်း – အိမ်မွေးတိရိစ္ဆာန်များ – ပန်းဝတ်မှုန်၊ ရနံ့ လက္ခဏာရပ်များ အင်ပြင်ရဲ့ လက္ခဏာတွေက အဖုအပိန့်၊ အဖီပြင်လိုက်ခြင်းက အရေးပါတယ်။ အဖုအပိန့်က ရဲတာ သို့မဟုတ်ယားယံတာရှိတယ်။ မျက်နှာရဲတာလည်း ရှိနိုင်တယ်။ အသားအရည် ခြောက်သွေ့တာ၊ ပူလောင်လာတာ စတဲ့ခံစားချက်မျိုး ရှိနိုင်တယ်။ အင်ပြင်သဘောက ခန္ဓာကိုယ်အနှံ့ နေရာမရွေး အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အင်ပြင်ထွက်တဲ့ အဖုအပိန့် ပုံစံ တူညီချင်မှ တူညီလိမ့်မယ်။ ဖြစ်ပြီးရင် ပျောက်တာမြန်တယ်။ ပြန်ပေါ်တာလည်း မြန်တတ်တယ်။အင်ပြင်လက္ခဏာရပ်ထဲမှာ ခြင်ကိုက်သလို အဖီထတာကို wheals လို့ သုံးတယ်။ လက်နဲ့ ဖိကြည့်လို့ အရောင်ဖျော့သွားတာ(blanching)ရှိရင် အင်ပြင်ထတယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်တယ်။ ရှားရှားပါးပါး အင်ပြင်ကွက်ဟာ လချီ၊ နှစ်ချီပြီးကြာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘာ့ကြောင့် အင်ပြင်ထလဲ အင်ပြင်အနီကွက်ထခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ သွေးကြောတုံ့ပြန်မှုတစ်မျိုး ဖြစ်တယ်။ ဓာတ်မတဲ့တဲ့အခါယားယံဆဲလ်(mast cells)တွေကနေ ယားယံစေတဲ့ဓာတ် (histamine) တမျိုးထွက်လာပါတယ်။ ဒီဓာတ်က ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ အဖီထစေတယ်။ ရက်တိုနဲ့ နာတာရှည် အင်ပြင်ထတဲ့အခါ acute(ရက်တိုဖြစ်တာ) နဲ့ chronic(နာတာရှည်ဖြစ်တာ)ဆိုပြီးနှစ်မျိုးရှိတယ်။ ခြောက်ပတ်အတွင်း ရက်ပိုင်းဖြစ်တာကို acute urticariaလို့ ခေါ်ပါတယ်။ နာတာရှည် အင်ပြင်ဆိုတာ ခြောက်ပတ်ထက်ကျော်ပြီး နေ့စဉ်ဖြစ်ပေါ်တဲ့ လက္ခဏာရပ်မျိုးကို ခေါ်ပါတယ်။ နှစ်မျိုးစလုံးဟာ သာမန်လက္ခဏာကနေ အသက်ရှုကျပ်ပြီးလူ့အသက်ကို ထိခိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဖြစ်လာရင် ဂရုစိုက်သင့်ပါတယ်။ တခါတရံ အင်ပြင်က အရေပြားဖောရောင်ခြင်း(angioedema) နဲ့ မှားတတ်ပါတယ်။ angioedema ဆိုတာအရေပြားမျက်နှာပြင်အောက်ဆဲလ်တွေ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အလာဂျီ၊ ဆေးဝါး၊ မွေးရာပါ အင်ဇိုင်းဓာတ်ချို့တဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ angioedemaရဲ့ လက္ခဏာတွေက လည်ပင်း၊ ခြေ၊လက်၊ မျက်လုံးနဲ့ပါးစပ်တစ်ဝိုက်ရောင်ရမ်းလာတာ၊ အသက်ရှုကျပ်ပြီး အစာမျိုရခက်တာမျိုးကို ခေါ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချွေးထွက်များရာကဖြစ်တဲ့ cholinergic urticaria (အင်ပြင်တစ်မျိုး) လည်း ရှိသေးတယ်။ တချို့က heat bump လို့လည်း ခေါ်တယ်။ စမ်းသပ်စစ်ဆေးခြင်း အင်ပြင် ဟုတ်မဟုတ် သိဖို့ မခက်ပါဘူး။ ကျွမ်းကျင်ဆရာဝန်က အလွယ်တကူ ခန့်မှန်းသိရှိနိုင်ပါတယ်။ အင်ပြင်အများစုဟာ အစာမတဲ့ခြင်း (food allergy)တွေကြောင့် ဖြစ်တယ်။ မြေပဲ၊ ပုဇွန် မတဲ့သူက စားပြီး ချက်ချင်းဖြစ်လာတယ်။ နာတာရှည်အင်ပြင်ထတာ(chronic hives)မျိုးမှာ မျိုးရိုးနဲ့ အနေအထိုင်ကိုပါ စနစ်တကျမေးရတယ်။ ဥပမာ ခွေး၊ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်ရဲ့ အညစ်အကြေး၊အမှုန်အမွှားတွေက ဓာတ်မတဲ့ခြင်းကို ဖြစ်စေတယ်။ ကုသနည်း အင်ပြင်ထလာရင် အလွယ်ကူဆုံး ရေအေးဝတ်ကပ်လို့ ရတယ်။ လိမ်းဆေးထဲမှာ မိတ်ထွက်ရင်သုံးတဲ့ Calamine lotion လိမ်းလို့ရတယ်။ ပူတာ၊ ယားယံနာကို သက်သာစေတယ်။ ယားယံဓာတ် အထွက်နည်းဖို့ antihistamine အမျိုးအစား အယားပျောက်ဆေး တမျိုးမျိုးသောက်သင့်တယ်။ burmeton, cetrizine, fexofenadine အစရှိတဲ့ဆေးဝါးတွေ သုံးစွဲနိုင်ပါတယ်။ နာတာရှည်အင်ပြင်အတွက် ketotifen (mast cell stabilizer) လို ဆေးမျိုး လိုပါတယ်။ အယားပျောက်ဆေးတွနဲ့ မသက်သာရင် အဲဒီထက်ပိုမြင့်တဲ့ အရောင်ကျဆေးတွေ သောက်သုံးရတယ်။prednisolone, dexamethasone, hydrocortisone စတဲ့ဆေးတွေ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အမျိုးမျိုးကို အသုံးပြုရမယ်။ ဆိုးရွားပြင်းထန်တဲ့ အဆင့်မှာတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ မကုသရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ရှောင်စရာ အစားအသောက်များ -မြေပဲ -ချောကလက် -ကြက်ဥအကာ -အခွံမာသီးများ -ဘယ်ရီသီး -စတော်ဘယ်ရီသီး -နာနတ်သီး -ခရမ်းချဉ်သီး -နို့နှင့် နို့ထွက်ပစ္စည်းများ -အကြေးခွံပါငါး -ပင်လယ်စာ -အရက်၊ဘီယာ၊ဝိုင် […]




