Open 9:00-12:00 AM
+95 92051590

Sporotrichosis

4 Nov, 2021 | No Comments

Sporotrichosis

Sporotrichosis ဥယျာဉ်ခြံ စိုက်ပျိုးရေးအနာ

Sporotrichosis ဆိုတာ Sporothrix schenckii လို့ခေါ်တဲ့ မှိုပိုး ကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ဒီမှိုပိုးဟာ မြေကြီး၊ ဖွဲနု၊ ကောက်ရိုး၊ ဆူးခြုံပင် (နှင်းဆီ၊ ဝက်သစ်ချ) နဲ့ သစ်သားချောင်းတွေထဲနေထိုင်တတ်ပါတယ်။ မှိုပါဝင်တဲ့ အပင်ဆူးစူးခြင်း သို့မဟုတ် အနာတစ်ခုခုကနေတစ်ဆင့် မှိုပိုးဟာ အရေပြားထဲကို ဝင်ရောက်ပါတယ်။ နှင်းဆီခြံလုပ်တဲ့ ဥယျာဉ်မှူးတွေမှာ အဖြစ်များလို့ Rose Gardener’s Disease လို့လည်းခေါ်တယ်။ ကြောင် ကိုက်ခြင်း၊ ကုတ်မိခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ မှိုပိုးဟာ အရေပြားကို အဓိကထိခိုက်စေပြီး၊ တစ်ခါတစ်ရံ အဆုတ်နဲ့ တခြားအင်္ဂါတွေကိုပါ ပြန့်နှံ့နိုင်ပါတယ်။

Sporotrichosis အမျိုးအစားများ

၁။ Cutaneous Sporotrichosis 

Lymphocutaneous Sporotrichosis က အဖြစ်အများဆုံး လက္ခဏာတွေဖြစ်တယ်။ ဒီအမျိုးအစားမှာ မှိုစဝင်တဲ့နေရာက အဖုသေးသေးလေး ပေါ်လာပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ ဒီအဖုဟာ အနာ (ulcer) အဖြစ် ပြောင်းလဲသွားပြီး၊ ပြည်တွေလည်း ထွက်နိုင်ပါတယ်။ အဓိကလက္ခဏာကတော့ အနာကနေတဆင့် ပြန်ရည်ကျိတ်တွေဆီကို ရောဂါပိုးပျံ့နှံ့လို့ အနာလေးတွေဟာ အတန်းလိုက်ဖြစ်နေတတ်တယ်။Fixed Cutaneous Sporotrichosisမှာ အနာဟာ တစ်နေရာထဲမှာပဲ ကွက်ရှိနေတတ်ပြီး ပြန့်မသွားပါဘူး။

၂။ Pulmonary Sporotrichosis

မှိုပိုးပါတဲ့ မြေကြီးဖုန်မှုန့်တွေကို ရှုရှိုက်မိတဲ့အခါ အဆုတ်ကိုထိခိုက်လာတယ်။ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း၊ ဖျားနာခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်တတ်ပါတယ်။

၃။ Disseminated Sporotrichosis

မှိုပိုးဟာ သွေးကြောထဲကနေ တစ်ဆင့် အရိုး၊ အဆစ်၊ ဗဟိုအာရုံကြောစနစ် တို့ဆီ ပြန့်သွားတဲ့အခါ ခန္ဓာကိုယ်တွင်း ကူးစက်ပျံ့ပွားမှုကို ဖြစ်ပေါ်စေတယ်။ ဒီရောဂါမှာ အဖျားကြီးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊အဆစ်နာခြင်း၊ အရိုးနာခြင်းတွေ ဖြစ်လာတယ်။ ကိုယ်ခံအားကျဆင်းနေသူ (HIV/AIDS ရောဂါသည်)တွေမှာ ဒီပုံစံမျိုး အဖြစ်များပါတယ်။

ကုသနည်း

Sporotrichosis ကုသမှုဟာ ရောဂါအမျိုးအစားပေါ် မူတည်ပြီး ကုသရပါတယ်။ အရင်ခေတ်က Potassium Iodide သောက်ဆေးတွေ သုံးစွဲခဲ့ကြဖူးတယ်။ ဒီဖက်ခေတ်မှာ Itraconazole မှိုပိုးသတ်ဆေးကို အချိန် ၃ လမှ ၆ လအထိ သောက်သုံးရနိုင်တယ်။ Itraconazole မတည့်သူများအတွက် Terbinafine သောက်ဆေးကို ရွေးချယ်နိုင်တယ်။ ပြင်းထန်သော အဆုတ်ရောဂါနှင့် ခန္ဓာကိုယ်တွင်းပြန့်နှံ့တဲ့ ရောဂါတွေအတွက် Amphotericin B ထိုးဆေးတွေ အသုံးပြုကြပါတယ်။

ကာကွယ်နည်း

ဥယျာဉ်ခြံနဲ့ မြေကြီးပေါ်တွင် အလုပ်လုပ်ရသူဖြစ်ပါက ထူထဲတဲ့ လက်အိတ်ရှည်နဲ့ အင်္ကျီလက်ရှည်များ ဝတ်ဆင်ပါ။ ကြောင်ခြစ်ဒဏ်ရာ၊ အပင်ဆူးစူးဒဏ်ရာ ရပါက ချက်ချင်း ဆပ်ပြာနှင့်ရေဖြင့် သေချာဆေးကြောပါ။ အိမ်မွေးကြောင်တွေမှာ အရေပြားရောဂါအနာရှိရင်နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews