Impetigo ပျားရည်ဖတ်အနာ
Impetigo ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစက်လွယ်ပြီး ကလေးငယ်တွေ အများဆုံးဖြစ်ကြတယ်။ မွေးကင်းစမှ အသက် (၅)နှစ်အတွင်း အဖြစ်များတယ်။မျက်နှာ၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ impetigoကို မြန်မာလို အနာစက်လို့ ဘာသာပြန်ကြတယ်။ တကယ်တော့ ပိုးဝင်ကာစ red sore အဆင့်မှာပဲ အနာစက်လို့ ခေါ်ဝေါ်သင့်တယ်။ ဆေးရုံဆေးခန်းမှာရောက်လာတဲ့ impetigo အများစုဟာ အဝါရောင် ပျားရည်ဖတ်တွေကပ်နေတဲ့ အနာ (yellow-colored honey crust)ပုံစံမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ပျားရည်ဖတ်အနာတွေဟာ ယားယံတတ်ပါတယ်။
Impetigo(ပျားရည်ဖတ်အနာ)ကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး နှစ်မျိုးရှိတယ်။ အဖြစ်အများဆုံးက Staphylococcus aureus ပိုးကြောင့် အဓိကဖြစ်တယ်။ Streptococcus pyogenes ပိုးကြောင့်လည်း ဖြစ်တတ်သေးတယ်။ သာမန်အားဖြင့် အဆိုပါပိုးတွေဟာ အရေပြားမှာ ပုံမှန်အတိုင်းနေထိုင်ကြတယ်။ အရေပြားမှာ ခြစ်ရာ၊ ပွန်းရာ၊ ရှရာ ဝင်ရုံလောက်နဲ့ impetigo အနာဖြစ်ဖို့ လုံလောက်ပါတယ်။
စဖြစ်ဖြစ်ချင်း အရေပြားပေါ်မှာ ရောင်ရမ်းတဲ့ အနာစက်ပုံစံဖြစ်လေ့ရှိတယ်။ ကြာရင် အနာကပေါက်ထွက်ပြီး အရည်တွေ စိမ့်ထွက်လာတယ်။ ဒီအရည်တွေကတဆင့် ပျားရည်ဆန်ဆန် အဝါဖတ်တွေဖြစ်ပေါ်လာတယ်။ အနာက ပေါက်ထွက်တဲ့အခါ တခြားနေရာကို ကူးစက်ပျံ့နှံ့လွယ်တယ်။ တခါတရံ အနာနဲ့အတူ အဖျားကြီးတာ၊ နာကျင်ကိုက်ခဲတာမျိုးရှိနိုင်တယ်။ တခါတရံ ပိုးကောင် အင်းဆက်ကိုက်ခံရတဲ့ဒဏ်ရာ (သို့မဟုတ်) နှင်းခူနာနဲ့ ဝက်ခြံလို အရေပြားရောဂါတွေက တဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး အနာဖြစ်လာတယ်။ အများစုဟာ နှာခေါင်း၊ ပါးစပ်၊ မေးစေ့တစ်ဝိုက်မှာ ဖြစ်ကြတယ်။
လက္ခဏာများ
(၁) Non-bullous Impetigo (ရိုးရိုးအနာစက်)
ရိုးရိုးအနာစက် (Non-bullous Impetigo) နဲ့ အရည်ကြည်ဖုအနာ (Bullous Impetigo) ဆိုပြီး နှစ်မျိုးရှိတယ်။ ဒီထဲမှာ Non-bullous Impetigo (ရိုးရိုးအနာစက်)က အဖြစ်များဆုံး ဖြစ်ပါတယ်။Staphylococcus aureus (၈၀%) နဲ့ Streptococcus pyogenes (၁၀%) ပိုးနှစ်မျိုးလုံးကြောင့် ဖြစ်နိုင်တယ်။ ကနဦးမှာ အနီရောင်အစက်ငယ်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအနာစက်တွေက ပြည်ဖုငယ် (vesicles/pustules)တွေ အဖြစ်မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်။ ပြည်ဖုလေးတွေ ပေါက်ထွက်ပြီးနောက်ပိုင်း အဝါရောင် (ပျားရည်နှင့်တူတဲ့) အဖတ်များ ဖြစ်လာပါတယ်။ အနာကျက်ပြီး အညိုရောင် (သို့) အနီရောင် အမာရွတ်တွေ ကျန်ရစ်တတ်ပါတယ်။
(၂) Bullous Impetigo (အရည်ကြည်ဖုအနာ)
အရည်ကြည်ဖုထွက်တဲ့ impetigo အနာဟာ Staphylococcus aureus ပိုးကြောင့် ဖြစ်တယ်။ ပိုးဝင်ပြီးမကြာခင် အရေပြားမှာ အရည်ကြည်ဖုလုံး (bullae)တွေ စတင်ထွက်ပေါ်လာတယ်။ အရည်ကြည်ဖုဟာ အစပိုင်းမှာ ကြည်လင်နေသလောက် နောက်ပိုင်းမှာ ပြည်တည်နာဆန်ဆန် နောက်ကျိပါတယ်။ အရည်ဖုတွေ ပေါက်ထွက်သွားပြီး အဝါရောင်အဖတ်တွေ ကပ်လာပါတယ်။ အနာက နာကျင်ကိုက်ခဲတာမျိုး ရှိတတ်တယ်။
Impetigo (ပျားရည်ဖတ်အနာ) တွေဟာ အလွန်ကူးစက်လွယ်ပါတယ်။ ရောဂါရှိသူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့မိရုံနဲ့ ကူးစက်နိုင်တယ်။ ရောဂါရှိသူ သုံးထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်း၊ ရေချိုးဆပ်ပြာ စသည်တို့ကို မျှဝေသုံးစွဲမိခြင်းကြောင့်လည်း ကူးစက်နိုင်ပြန်တယ်။ တခါတရံ ရောဂါရှိသူကိုယ်တိုင်က ယားယံတဲ့ ပျားရည်ဖတ်အနာတွေကို ကုတ်ခြစ်မိပြီး အခြားနေရာသို့ ပြန့်ပွားစေနိုင်တယ်။ ဒါ့ကြောင့် လက်ကို သန့်ရှင်းဖို့ လိုပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ?
အောက်ပါလက္ခဏာများ ပေါ်ပေါက်လာရင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။
· အနာတွေ ဆက်လက်ပြန့်ပွားနေခြင်း
· ကိုယ်ပူခြင်း
· အနာက နာကျင်လာခြင်း၊ နီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း
· ဆီးသွားနည်းခြင်း (ကျောက်ကပ်ပြဿနာ လက္ခဏာ)
· မောပန်းနွမ်းနယ်ခြင်း
ကုသနည်း
Impetigo ရောဂါက ကုရလွယ်ပါတယ်။ ရောဂါမပြင်းထန်ရင် ပဋိဇီဝပိုးသတ်လိမ်းဆေး (Antibiotic Ointment)တွေ သုံးနိုင်တယ်။ Mupirocin လိမ်းဆေး သို့မဟုတ် Fusidic Acid လိမ်းဆေးတွေ ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲနိုင်တယ်။ ရောဂါအခြေအနေ ပြင်းထန်ရင် ဒါမှမဟုတ် ရောဂါပျံ့ပွားနေတဲ့အခါမျိုးမှာ ပဋိဇီဝသောက်ဆေး (Oral Antibiotics) တွေ သောက်ဖို့လိုပါတယ်။ cephalexin, cloxacillin, dicloxacillin စတဲ့ သောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။
အိမ်တွင်းကုထုံး
· အနာကို သန့်ရှင်းအောင်ထားပါ။ ရေသန့်သန့်နဲ့ ဆပ်ပြာအသုံးပြုပြီး ဆေးကြောပါ။
· အနာပေါ်က အဖတ်တွေကို ဖယ်ရှားဖို့ ရေနွေးအိတ် သို့ ရေနွေးအဝတ်စ အုပ်ပေးနိုင်တယ်။
· အနာကို ပလာစတာ (သို့) ပတ်တီးစနဲ့ စည်းထားပါ။ ပိုးပြန့်ပွားမှုကို ကာကွယ်ပေးပါတယ်။
· ယားယံတဲ့အနာကို မကုတ်မိဖို့ အထူးဂရုပြုပါ။ ကလေးငယ်တွေမှာ လက်အိတ်စွပ်ပေးနိုင်ပါတယ်။
ကာကွယ်ခြင်း
· လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
· ရောဂါရှိသူ သုံးစွဲထားတဲ့ အဝတ်အစား၊ အိပ်ရာခင်း၊ ပဝါများကို သီးသန့်လျှော်ဖွတ်ပါ။
· အရေပြားပေါ်ရှိ အနာ၊ ခြစ်ရာ၊ ကိုက်ခံရဒဏ်ရာများကို သန့်ရှင်းအောင်ထားပါ၊ ဆေးထည့်ပါ။
· ရောဂါရှိသူသည် ဆေးကုသမှုစတင်ပြီး ၂ရက်အတွင်း (သို့) ခြောက်သွေ့ပြီး အနာကျက်တဲ့အထိ ကျောင်း/အလုပ်မှ နားပြီး အိမ်မှာနေသင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews