Open 9:00-12:00 AM
+95 92051590

Contagious ecthyma (Orf)

2 Nov, 2021 | No Comments

Contagious ecthyma (Orf)

Contagious ecthyma (Orf) အော့ဖ်ရောဂါ အနာ

Contagious Ecthyma (Orf) ဆိုတာ သိုး၊ ဆိတ်၊ နွား စတဲ့ တိရစ္ဆာန်တွေမှာ ဖြစ်ပွားတဲ့

ကူးစက်အနာဖြစ်ပါတယ်။ ဒီအနာတွေဟာ ကျောက်ဗိုင်းရပ်စ်ပိုး (Parapoxvirus) အနွယ်ဝင် Orf virus ကြောင့် ဖြစ်ပေါ်လာပြီး ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိရာက လူကို ကူးစက်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးဟာ အရေပြားပေါ်က ထိခိုက်ရှနာကလေးတွေ (အရေပြားကွဲခြင်း၊ ခြစ်ရာရှိခြင်း) ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပါတယ်။ ဒီရောဂါဟာ သိုးထိန်း၊ ဆိတ်ထိန်းသမားများ၊ တိရိစ္ဆာန်ဆရာဝန်များနဲ့ သားသတ်သမားများမှာ အဖြစ်များတယ်။

အော့ဖ်အနာဟာ လက်၊ လက်မောင်း နှင့် မျက်နှာ တို့မှာ အဖြစ်များတယ်။ ကူးစက်ခံရသူဟာ အနီရောင်၊ အပြာရောင် အလယ်ဗဟိုချိုင့်ခွက်နေတဲ့ အနာတွေ ပေါ်လာပါတယ်။အနာကြောင့် နာကျင်ခြင်း၊ ယားယံခြင်း၊ ပူစပ်ပူလောင် ခံစားရခြင်း၊ အနာနားတစ်ဝိုက် ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်တယ်။ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းတွေဖြစ်နိုင်တယ်။ ရောဂါကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ရောဂါအဆင့်ဆင့် ပြောင်းလဲလာတယ်။

အဆင့် (၁) – ဗိုင်းရပ်စ်ဝင်တဲ့နေရာမှာ နီရဲနေတဲ့ အနီစက်/အဖုသေးတွေ ပေါ်လာပါတယ်။

အဆင့် (၂) – အနီစက်၊အနီဖုဟာ အလယ်ဗဟိုချိုင့်ခွက်ပြီး အနီကွင်းပတ်ထားသလို ရောင်ရမ်းအနာ ဖြစ်လာပါတယ်။

အဆင့် (၃) – အနာဟာ ကြည်လင်တဲ့ အရည်ကြည်ဖု သို့မဟုတ် သွေးရည်ကြည်ဖု အဖြစ် ပြောင်းလဲသွားတယ်။

အဆင့် (၄) – အနာဟာ ကြွက်နို့ပုံစံ အနာအဖြစ် ပြောင်းလဲသွားတယ်။

အဆင့် (၅) – ကြာလာရင် ကြွက်နို့အနာက အနာဖေးတက်လာတယ်။

အဆင့် (၆) – အနာဖေးဟာ ခြောက်သွေ့ကြွေကျသွားပြီး အနာကျက်ပြီး ပျောက်ကင်းသွားပါတယ်။

ကုသနည်း

Orf ရောဂါဟာ သူ့အလိုလို ပျောက်ကင်းတတ်တဲ့ ရောဂါဖြစ်တယ်။ ကုသမှုဟာ ရောဂါလက္ခဏာသက်သာစေဖို့နဲ့ အခြားပိုးဝင်ခြင်းမှ ကာကွယ်ဖို့ ဖြစ်တယ်။ အော့စ်ရောဂါအနာကို ညင်သာစွာ ဆေးကြောပါ။ betadine ၊ အရက်ပြန်လိမ်းပြီး သန့်ရှင်းခြောက်သွေ့တဲ့ပတ်တီးစနဲ့ အုပ်ထားပါ။ အနာဖေး ဖြစ်တဲ့အခါ မခွာပါနဲ့။ ခွာမိပါက ပိုးဝင်နိုင်ခြေ များတယ်။နာကျင်မှုနှင့် ရောင်ရမ်းမှုအတွက် လိုအပ်ရင် အကိုက်အခဲပျောက်ဆေး Paracetamol သို့မဟုတ် Ibuprofen ဆေးတွေသောက်ပါ။ အနာက ထပ်ဆင့် ဘက်တီးရီးယား ပိုးဝင်ရင် ပဋိဇီဝ သောက်ဆေး (သို့မဟုတ်) လိမ်းဆေး အသုံးပြုရတယ်။ ဗိုင်းရပ်စ်ဆေး (Cidofovir)ကို ပြင်းထန်တဲ့ ရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။

ကာကွယ်နည်းများ

· သိုး၊ ဆိတ် စတဲ့ တိရစ္ဆာန်တွေနဲ့ အလုပ်လုပ်ရင် လက်အိတ် ဝတ်ဆင်ပါ။ရောဂါရှိတဲ့ တိရစ္ဆာန်တွေကို ခွဲခြားထားပါ။

· အရေပြားပေါ်က ထိခိုက်ရှနာရှိရင် တိရစ္ဆာန်တွေနဲ့ တိုက်ရိုက် မထိတွေ့အောင် ရှောင်ကြဉ်ပါ။

· တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ရေဖြင့် သေချာဆေးကြောပါ။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews