6 Nov, 2021 | No Comments
Eosinophilic folliculitis
Eosinophilic folliculitis ဆိုတာ မွှေးညင်းအိတ်ဓာတ်တုံ့ပြန်မှု လွန်ကဲရာကဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။အရင်ခေတ်က Ofuji disease လို့ သိကြတယ်။ ဝက်ခြံဖုဆန်ဆန် အရေပြားရောဂါဖြစ်လို့ acneiform dermatosis အမျိုးအစားထဲပါတယ်။ ပြည်ဖု၊အနီဖုလေးတွေက မကြာခဏ ပြန်ဖြစ်တတ်တယ်။ ဖြစ်တဲ့နေရာက ရောင်ရမ်းပြီး ယားယံတတ်တယ်။ ယားတဲ့နေရာက ရဲပြီး ဖောင်းကြွနေတတ်တယ်။ တချို့ မွှေးညင်းအိတ်နေရာမှာ ပြည်ဖုပုံစံ အဖုလေးတွေအဖြစ် စမ်းမိတတ်တယ်။ နဖူး၊ ကျော၊ ရင်ဘတ်၊ ပခုံး စတဲ့နေရာမှာ အစုလိုက် တွေ့ရတယ်။
Eosinophilic folliculitis ဟာ ခုခံအားစနစ် မူမမှန်ဘဲ မွှေးညင်းအိတ်နေရာတွေကို တုံ့ပြန်ရာက ဖြစ်လာတယ်။ တခါတရံ ဆေးဝါးတွေကြောင့် ဖြစ်တတ်တယ်။ HIV ရောဂါနဲ့ lymphomas ကင်ဆာကျိတ်ရှိသူတွေ ပိုဖြစ်နိုင်တယ်။ ခုခံအားနည်းတဲ့သူတွေမှာ ပိုတွေ့ရတယ်။ အသက်သုံးဆယ်ကျော်အရွယ် အဖြစ်များတယ်။
အသက်အရွယ်ပေါ်လိုက်ပြီး ပုံံစံကွဲ (၃)မျိုးရှိပါတယ်။
ကလေးငယ်မှာဖြစ်တဲ့ ပုံစံ (infancy eosinophilic folliculitis)
လူကြီးမှာဖြစ်တဲ့ ပုံစံ (adult eosinophilic folliculitis)
ခုခံအားနည်းသူတွေမှာဖြစ်တဲ့ ပုံစံ (HIV related eosinophilic folliculitis)
ဖြစ်တဲ့အရေပြားကို အသားစစစ်ကြည့်တဲ့အခါ အရေပြားအောက်လွှာ မွှေးညင်းအိတ်မှာ ဓာတ်တုံ့ပြန်မှု လွန်ကဲတဲ့ သွေးဖြူဥဆဲလ်တွေ စုပြုံ(eosinophilic infiltrates)နေတာ တွေ့ရတယ်။ ဒီဆဲလ်ကြောင့်ဖြစ်လို့ Eosinophilic folliculitis လို့ ခေါ်ကြတာပါ။
ကုသနည်း
ibuprofen, naproxen လို အကိုက်ခဲပျောက်ဆေးတွေ ပေးနိုင်တယ်။ antihistamine, colchicine, dapsone, steroid, isotretinoin, antibiotic, itraconazole သောက်ဆေးတွေ လိုသလိုပေးနိုင်တယ်။ လိမ်းဆေးထဲမှာ permethrin, hydrocortisone cream, tacrolimus ointment စတာတွေ သုံးစွဲနိုင်တယ်။ HIV ရောဂါသည်တွေမှာ ခုခံအားကျဆင်းမှုအတွက် ဆေးကုဖို့ လိုပါတယ်။ ကလေးငယ်တွေမှာတော့ အသက် သုံးနှစ်မပြည့်ခင် ပျောက်ကင်းနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews