Open 9:00-12:00 AM
+95 92051590

Actinomycetoma

4 Nov, 2021 | No Comments

Actinomycetoma

Actinomycetoma အက်တီနို မြေကြီးနာ

Mycetoma ရောဂါထဲမှာ မှိုကြောင့်ဖြစ်တဲ့ Eumycetoma နှင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Actinomycetomaဆိုပြီး နှစ်မျိုးရှိတယ်။ Actinomycetoma က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နာတာရှည်အနာရောဂါဖြစ်ပါတယ်။ Actinomycetoma ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ အမျှင်ပုံစံရှိပြီး မြေကြီးပေါ်မှာ သဘာဝအတိုင်း ရှင်သန်နေထိုင်ကြတယ်။ အဖြစ်အများဆုံး Actinomycetes မျိုးနွယ်ဝင်တွေက Nocardia brasiliensis, Actinomadura madurae, Streptomyces somaliensis တို့ဖြစ်ကြတယ်။ ဒီရောဂါကြောင့်အရေပြား၊ အခြေခံတစ်ရှူးများနှင့် အရိုးများကို ထိခိုက်စေပြီး၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု ဖောင်းကြွ ရောင်ရမ်းလာခြင်း နှင့် ပြည်ထွက်သော အပေါက်ငယ်ကလေးများ ပေါက်လာခြင်းတို့ကို ဖြစ်စေပါတယ်။

အက်တီနိုအနာ (Actinomycetoma) ဟာ ရောဂါပိုးနဲ့ တိုက်ရိုက်ထိတွေ့မိရာက စတင်ကူးစက်တယ်။ မြေကြီးနှင့် တိုက်ရိုက်ထိတွေ့တဲ့အစိတ်အပိုင်းမှာ အဓိကဖြစ်တယ်။ ခြေထောက်၊ လက် စတဲ့နေရာတွေမှာ ဆူးစူးခြင်း၊ ကျောက်စူးခြင်း အစရှိတဲ့ အသေးစားဒဏ်ရာက တစ်ဆင့် ဘက်တီးရီးယားပိုးဟာ ခန္ဓာကိုယ်အတွင်းဝင်ရောက်ပြီး ရောဂါလက္ခဏာတွေ စတင်ဖြစ်ပွားတယ်။ အက်တီနိုအနာဖြစ်သူအများစုဟာ ၂၀-၄၀ နှစ် အရွယ် ယောက်ျားလေးများတွေဖြစ်ကြတယ်။ ကျေးရွာတောလက်နေ လယ်သမား၊ ကောက်စိုက်သမားတွေမှာ အဓိကတွေ့ရှိရတယ်။ အလုပ်လုပ်တဲ့အခါ ဖိနပ်မစီးဘဲ သွားလာနေသူတွေဟာ ဒီရောဂါကူးစက်ခံရဖို့ အခွင့်အလန်းများတယ်။ လူလူချင်း ရောဂါမကူးစက်နိုင်ဘူး။

ရောဂါလက္ခဏာများ

စဖြစ်ဖြစ်ချင်း အရေပြားအောက်မှာ နာကျင်မှုမရှိတဲ့ အစိုင်အခဲ အဖုကျိတ်(Nodule)တွေ ဖြစ်ပေါ်လာတယ်။ ဒီအစိုင်အခဲဟာ နာကျင်မှုမရှိဘဲ မာခဲနေတတ်ပါတယ်။ Actinomycetoma ရောဂါဟာ Classic Triad ခေါ်တဲ့ သုံးမျိုးတွဲ လက္ခဏာရှိတယ်။ ကူးစက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (အထူးသဖြင့် ခြေထောက်)ဟာ တဖြည်းဖြည်း ဖောင်းကြွရောင်ရမ်း (swelling) လာပါတယ်။ ရောင်ရမ်းနေတဲ့ အနာပေါ်မှာ ပြည်နှင့်အရည်များ စိမ့်ထွက်နိုင်သော အပေါက်ငယ် (Sinus Tracts)တွေ ပေါ်ပေါက်လာပါတယ်။ အပေါက်ကနေ အနံ့ဆိုးတဲ့ ပြည်ပုပ်နဲ့ အရည်တွေ (Discharge) စိမ့်ထွက်လာပါတယ်။ ပြည်ထဲတွင် ပိုးမွှားတွေ စုပုံနေတဲ့ အစိုင်အခဲ အမှုန်ကလေးတွေ (Granules) ပါရှိတတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပေါ်လိုက်ပြီး အဖြူ၊ အနီ၊ ပန်းရောင် စသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လပေါင်းများစွာ ကြာတဲ့အခါ တဖြည်းဖြည်း စုပုံလာပြီး ပွားများလာတယ်။ ရောဂါရင့်လာတာနဲ့အမျှ နာကျင်မှုကို ခံစားရပါတယ်။ ရောဂါပိုးကြောင့် အနီးမှာရှိတဲ့ ကြွက်သားနဲ့ အရိုးတွေကို ထိခိုက်စေပြီး အရိုးပျက်စီးခြင်း၊ ပုပ်ဆွေးခြင်းကိုဖြစ်စေနိုင်တယ်။ ခန္ဓာကိုယ်အနီးတဝိုက်ရှိတဲ့ ပြန်ရည်ကြောတွေရောင်ရမ်း (Lymphadenitis)လာနိုင်တယ်။ ဒီအခြေအနေမှာ မကုဘဲထားရင် ခြေထောက်၊လက် ပုံသဏ္ဍာန် မူမမှန်တော့ဘဲ ပျက်ယွင်းခြင်း၊ လှုပ်ရှားမှု ခက်ခဲခြင်းစတာတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်။

ရောဂါရှာဖွေခြင်း

-ပြည်မှာပါတဲ့ အမှုန်စက်လေးတွေကို လေ့လာခြင်း (Microscopy)

-ပိုးမွေးမြူခြင်း (Culture)

-အသားစယူ စစ်ဆေးခြင်း (Biopsy)

-X-rayဓာတ်မှန်

-MRI ပုံရိပ်ဖော်ခြင်း 

ကုသခြင်း

Actinomycetoma သည် ပဋိဇီဝဆေးတွေနဲ့ စနစ်တကျ ကုသရင် ပျောက်ကင်းနိုင်သော ရောဂါ ဖြစ်ပါတယ်။ ပေါင်းစပ် ပဋိဇီဝဆေးကုထုံး (Combination Antibiotic Therapy) ကို လပေါင်းများစွာ (၆-၁၂ လ) ကြာသည်အထိ သောက်သုံးရပါမယ်။ အသုံးများတဲ့ဆေးဝါးတွေက Cotrimoxazole (Trimethoprim-Sulfamethoxazole)၊ ၊Amoxicillin + clavulanic acid၊ Dapsoneနဲ့ minocycline သောက်ဆေး စတာတွေဖြစ်တယ်။ ပြင်းထန်တဲ့ ရောဂါအတွက် Amikacin + Imipenem အတွဲကို ပေါင်းစပ်ပေးရတယ်။ အနည်းဆုံး (၆)လခန့် ဆေးပေးဖို့လိုပါတယ်။ ရောဂါလက္ခဏာ လုံးဝပျောက်ကင်းပြီး ဓာတ်ခွဲစစ်ဆေးချက်မှာ ရောဂါပိုးမွှားမရှိတဲ့အထိ ဆေးဆက်ကုဖို့လိုပါတယ်။

နောက်ဆက်တွဲဆိုးကျိုးရှိတဲ့ လူနာတွေမှာ ခွဲစိတ်ကုသသင့်တယ်။ ပြည်တည်နာ (Abscesses) ရှိရင် ခွဲစိတ်ပြီး ဖောက်ထုတ်ရတယ်။ရောဂါကူးစက်ခံရပြီး ပုပ်သိုးပျက်စီးနေတဲ့တစ်ရှူးစတွေကို (Necrotic tissue) ကို ရှင်းလင်းဖယ်ရှားရတယ်။ ပျက်စီးသွားတဲ့ အရိုးအစိတ်အပိုင်းအစရှိရင် ဖယ်ရှားပစ်ဖို့လိုပါတယ်။ အရိုးပျက်စီးမှု ပြင်းထန်လာရင် ခြေ၊လက် ဖြတ်တောက်ရတာမျိုးထိ ရှိနိုင်တယ်။

ကာကွယ်ခြင်း

ကျေးလက်ဒေသတွေမှာ  ဖိနပ်စီးပြီး သွားလာခြင်းက ရောဂါကို ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်စဉ် လည်တံရှည် လက်အိတ်၊ ဖိနပ်တွေ ဝတ်ဆင်ထားသင့်တယ်။ ထိခိုက်ဒဏ်ရာရရင် ချက်ချင်း ဆပ်ပြာနှင့်ရေဖြင့် သေချာစွာဆေးကြောသင့်တယ်။ Actinomycetoma ဟာ ကျေးလက်ဒေသတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး၊ စောစီးစွာ ရောဂါရှာဖွေကုသမှုခံယူနိုင်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews