Infectious mononucleosis မိုနိုဗိုင်းရပ်စ် အနီစက်
Infectious Mononucleosis (မိုနိုရောဂါ) ဆိုတာ Epstein-Barr virus (EBV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ Cytomegalovirus (CMV) ကြောင့်လည်း ဖြစ်တတ်တယ်။ ဗိုင်းရပ်စ်ပိုးဟာ တံတွေးမှတစ်ဆင့်ကူးစက်တယ်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရေခွက်၊ ပန်းကန်၊ ဘရက်ရှ်စတဲ့ပစ္စည်းတွေ မျှဝေသုံးစွဲကြောင့် ကူးစက်နိုင်တယ်။ နမ်းခြင်းကတဆင့် ကူးစက်နိုင်လို့ Kissing Disease (အနမ်းရောဂါ) လို့လည်းခေါ်ကြတယ်။ ရောဂါရဲ့ အထူးခြားဆုံးလက္ခဏာက အာသီးရောင်ခြင်း၊ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း နဲ့ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တယ်။ လူငယ်တွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေဟာ ရောဂါပိုးဝင်ရောက်ပြီး ၄-၆ ပတ်ကြာမှ လက္ခဏာစပြတတ်ပါတယ်။အဖြစ်များတဲ့လက္ခဏာတွေက အလွန်အမင်း မောပန်းနွမ်းနယ်ခြင်းဖြစ်တယ်။ ရောဂါဖြစ်ပြီးရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ အာခေါင်၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံရှိ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းလာတယ်။ အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်းတွေ ဆက်ဖြစ်နိုင်တယ်။ အဖျားနဲ့အတူ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက်ပျက်ခြင်းရှိတတ်တယ်။ အသည်းနဲ့ သရက်ရွက်ကြီးလာတဲ့အခါ ဗိုက်အောင့်တတ်တယ်။ အသည်းထိရင် မျက်လုံးဝါလာတတ်တယ်။ ဘက်တီးရီးယား လည်ချောင်းနာ (Strep throat)နဲ့ မတူတာက ပဋိဇီဝဆေး မတိုးတာဖြစ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
- သရက်ရွက် စုတ်ပြဲခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း
- သွေးအားနည်းခြင်း
ရောဂါအဖြေရှာခြင်း
သွေးစစ်တဲ့အခါ Mono spot test (သို့) EBV antibody test တွေပြုလုပ်နိုင်တယ်။ EBV ဗိုင်းရပ်စ်ကို တိုက်ထုတ်နေသော ပဋိပစ္စည်း (Antibody) များ ရှိ/မရှိ စစ်ဆေးနိုင်တယ်။ပြန်ရည်ကျိတ်၊ သရက်ရွက် နှင့် အသည်း ကြီးမားမှုရှိ/မရှိ ဂရုတစိုက် စမ်းသပ်စစ်ဆေးရတယ်။
ကုသနည်း
မိုနိုအဖျားရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမရှိသေးပါ။ ကုသမှုဟာ လက္ခဏာသက်သာဖို့ နဲ့ နောက်ဆက်တွဲဆိုးကျိုး ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ဝင်တဲ့အခါ ရေဓာတ်ပြည့်ဝအောင်နေပါ။ ရေ၊ သစ်သီးဖျော်ရည်၊ စွပ်ပြုတ် များများသောက်သုံးပေးပါ။ အိပ်ရေးဝဝအိပ်ပါ။ အဖျားကြီးရင် ပါရာစီတမော (Acetaminophen)၊ အိုင်ဗျူပရိုဖန် (Ibuprofen)တို့ ပေးလို့ရပါတယ်။ လည်ချောင်းနာသက်သာစေဖို့ ဆားရေနွေး (ရေနွေးနွေးထဲ ဆားထည့်ပြီး) ငုံပေးပါ။ ရောဂါပြင်းထန်ရင် Prednisone (Corticosteroids) အရောင်ကျဆေးတွေ ဆရာဝန်ညွန်ကြားချက်နဲ့ သောက်သုံးနိုင်တယ်။ ရောဂါလက္ခဏာတွေဟာ ယေဘုယျအားဖြင့် ၂-၄ ပတ်အတွင်း သက်သာနိုင်ပါတယ်။ မောပန်းနွမ်းနယ်မှုပျောက်ကင်းဖို့ ၄ပတ် မှ လ အနည်းငယ်အထိ ကြာနိုင်ပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews
Leave a Comment
No Comments & Reviews