Open 9:00-12:00 AM
+95 92051590

Acne inversa

2 Nov, 2021 | No Comments

Acne inversa

အရေပြားဆေးပညာမှာ acne inversa ကို hidradenitis suppurativa (မွှေးညင်းကျိတ်)အဖြစ် သိကြပါတယ်။ နာတာရှည် ရောင်ရမ်းတဲ့ အဖုကျိတ်တစ်မျိုးဖြစ်ပြီး ဂျိုင်း၊ပေါင်ခြံစတဲ့နေရာမှာ အဖြစ်များတယ်။ မွေးညင်းပေါက်နဲ့ ချွေးအိတ်ပိတ်ရာကနေ အကျိတ်အခဲ စတင်ဖြစ်ပေါ်လာပါတယ်။ အဖုကျိတ်တွေဟာ ပိုးဝင်ပြီးနောက်ပိုင်း နာကျင်ကိုက်ခဲတတ်တယ်။ စမ်းသပ်ကြည့်ရင် မျက်နှာပြင်မညီညာတဲ့ အဖုအကျိတ်တွေ ဂျိုင်း၊နံကြားနေရာမှာ တွေ့ရတတ်တယ်။ ကြာလာတဲ့အခါ အတွင်းမှာအောင်းနေတဲ့ အဖုက ပြည်ကျိတ်အဖြစ်ပြောင်းလဲလာပါတယ်။

မွှေးညင်းကျိတ်ဟာ အသက် ၂၀-၄၀ ကြားအရွယ်တွေ အဖြစ်များတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆကျော်ဖြစ်နိုင်တယ်။ လူ၁၀၀မှာ တစ်ယောက်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ပိတ်မှန်းသေချာမသိရသေးဘူး။ ဟော်မုန်း၊ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက်၊ ရာသီဥတုပြောင်းလဲမှု စတာတွေနဲ့ ဆိုင်တယ်။ အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ ဆီးချိုကြောင့်လည်း ပိုဆိုးတတ်တယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်တဲ့ သီအိုရီတွေ ဖတ်ရတယ်။ သို့သော် မွှေးညင်းကျိတ်ဟာ သန့်ရှင်းရေး အားနည်းတာနဲ့ မသက်ဆိုင်ပါဘူး။ တစ်ယောက်ကနေ တစ်ယောက် ရောဂါမကူးစက်နိုင်ဘူး။ 

ဒီဝက်ခြံအဖုအကျိတ်တွေက ဘယ်၊ညာ နှစ်ဖက်လုံးဖြစ်လေ့ရှိတယ်။ ဖြစ်ခါစမှာ နာကျင်တဲ့အကျိတ်တွေကို စတင်သတိပြုမိလိမ့်မယ်။ ကြာလာတဲ့အခါ ပိုးဝင်ပြီး ပြည်တည်နာကျိတ်တွေအဖြစ်ပြောင်းလဲသွားတယ်။ မွှေးညင်းပေါက်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကြောင့် အကျိတ်တွေပေါင်းစပ်ပြီး မျက်နှာပြင်မညီညာတဲ့ အကျိတ်စိုင်ခဲတွေအဖြစ်ပြောင်းလဲလာပါတယ်။ ဒီအဆင့်ရောက်ရင် ကုသရတာပိုမိုခက်ခဲလာပါတယ်။ အမာရွတ်ကျန်တတ်တယ်။

မွှေးညင်းကျိတ်ကို အဆင့်(၃)ဆင့် ခွဲထားပါတယ်။Hurley stages လို့ ခေါ်ပါတယ်။

အဆင့် (၁) အကျိတ်တစ်ခုထဲ သီးခြားတွေ့ရတယ်။

အဆင့် (၂) အကျိတ်တွေ တစ်ခုနဲ့တစ်ခု ပေါင်းစပ်နေတယ်။

အဆင့် (၃) အကျိတ်တွေဟာ အောက်ခြေမှာ လှိုက်စားပြီး sinus tracts တွေကတဆင့် အချင်းချင်းပေါင်းစည်းမိပြီး မျက်နှာပြင်တစ်ခုလုံး မညီညာတဲ့ လှိုင်းလုံးပုံစံ အကျိတ်တွေ အဖြစ်ပြောင်းလဲသွားတယ်။ အောက်ခြေအလွှာ ပျက်စီးနေပြီမို့ အမာရွတ်ကျန်ဖို့ များပါတယ်။ မကုဘဲထားရင် အတွင်းမှာလှိုက်စားပြီး ပိုမိုဆိုးရွားတဲ့ အကျိတ်တွေ ဆက်လက်ဖြစ်လာပါတယ်။ 

  • ပြည်တည်နာ အလုံးအကျိတ် ဖြစ်တာ
  • အကျည်းတန်တဲ့ အမာရွတ်ဖြစ်တာ
  • အကျိတ်အောက်ခြေ အခေါင်းပေါက်ဖြစ်လာတာ
  • ပိုးမကြာခဏဝင်ပြီး ရောင်ရမ်းတာ
  • အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာ
  • တခြားနေရာမှာ အလုံးအကျိတ်ပေါ်တာ
  • အရေပြားကင်ဆာ(SCC) ပြောင်းလဲတာ

အကျိတ်ဖြစ်တဲ့နေရာကို ရေနွေးဝတ်ကပ်သင့်တယ်။ တစ်ရက်နှစ်ကြိမ် (၁၀)မိနစ်ကြာအောင် ကပ်ပေးသင့်တယ်။ ကောင်းတာက အဝတ်စစိမ်ပြီး အပူဓာတ်ပေးသင့်တယ်။ ဆားခါး၊ဆား စတာတွေထည့်ပြီး အသုံးပြုရင် အာနိသင်ပိုကောင်းတယ်။

နာကျင်ကိုက်ခဲတဲ့ သဘောမျိုးရှိလို့ အကိုက်ခဲပျောက်ဆေး၊ အရောင်ကျဆေးတွေအသုံးဝင်တယ်။ ibuprofen, naproxen စတဲ့ အကိုက်ခဲပျောက်ဆေးတွေ အသုံးပြုနိုင်တယ်။ ပိုးဝင်တာ ရောင်ရမ်းတာအတွက် ပိုးသတ်ဆေး လိမ်းဆေး၊သောက်ဆေးလိုပါတယ်။ doxycycline (သို့) minocycline ကို ၂-၃လကြာ ပေးသင့်တယ်။ မသက်သာရင် clindamycin နဲ့ rifampin ပိုးသတ်ဆေးတွေ ပေါင်းပေးရတယ်။

မွှေးညင်းကျိတ်က မကြာခဏဖြစ်တတ်ရင် ဖောက်ထုတ်တာ၊ အကျိတ်အခြေကို ခွဲထုတ်တာ စတဲ့နည်းတွေ သုံးနိုင်ပါတယ်။ laser surgery နည်းလည်း အမာရွတ်အကျိတ်တွေမှာ သုံးနိုင်တယ်။ မွှေးညင်းကျိတ်က သက်သာမလာဘဲ ပိုကြီးလာရင် steroid သောက်ဆေး၊ ထိုးဆေး လိုအပ်သလို သုံးစွဲနိုင်တယ်။ ထိုးဆေးပေးတဲ့အခါ တစ်လ တစ်ကြိမ် သုံးလထိပေးနိုင်တယ်။ အရမ်းဆိုးတဲ့ မွှေးညင်းကျိတ်တွေမှာ acitretin (သို့) isotretinoin သောက်ဆေးတွေ လိုအပ်ပါတယ်။ အရေပြားဆဲလ်ပိတ်ဆို့တာအတွက် resorsinol လိမ်းဆေးတွေ သုံးလို့ရတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းထိန်းညှိဖို့ OC pills တားဆေး၊ spironolactone ဆီးဆေးတွေ ပေးနိုင်တယ်။ ဆီးချိုသမားတွေမှာ metformin ဆေးတွေနဲ့ ထိန်းညှိရတယ်။ ရောဂါနောက်ဆုံးအဆင့်မှာ ခုခံအားစနစ်ကို တန်ပြန်ဖို့ Methotrexate, Adalimumab ထိုးဆေးလို ဆေးပြင်းတွေ လိုကောင်း လိုနိုင်တယ်။ ဒီဆေးတွေက ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ညွှန်ကြားမှုအောက်မှာသာ သုံးစွဲရတယ်။

အဝလွန်တာလျှော့ချပါ။ ဖြစ်နိုင်ရင် ဆေးလိပ်ဖြတ်ပါ။ အဆီအဆိမ့်၊ ဆား၊ ဟင်းချိုမှုန့် လျှော့စားပါ။ နီတဲ့အသား၊ ဆိုဒါအချိုရည်၊ နို့ထွက်ပစ္စည်းရှောင်သင့်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ တင်းကျပ်တဲ့အဝတ်မဝတ်ပါနဲ့။ ချွေးထွက်နည်းအောင် ဂရုစိုက်ပါ။ ဖြစ်တဲ့နေရာကို အေးမြအောင်ထားပါ။ 

Write Reviews

Leave a Comment

No Comments & Reviews